အောင်မြင်မှု နောက်ကွယ်က လက်တစုံ...

လူငယ်တစ်ဦးဟာ ကုမ္ပဏီကြီးတစ်ခုမှာ စီမံခန့်ခွဲမှုရာထူးနေရာအတွက် အလုပ်လာလျှောက်တယ်။ ကုမ္ပဏီညွှန်ကြားရေးမှူးက လူငယ်ရဲ့ CV ကို ကြည့်လိုက်တဲ့အခါ လူငယ်ဟာ အလယ်တန်း အဆင့်ကစလို့ ဘွဲ့လွန်တန်းအထိ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တာကို သူ တွေ့ရှိခဲ့တယ်။ လူငယ်ဟာ ပထမဆုံးအဆင့် အင်တာဗျူးကို ဖြေဆို အောင်မြင်ခဲ့တယ်။ ထို့နောက် ညွှန်ကြားရေးမှူးက နောက်ဆုံး အင်တာဗျူးတစ်ခုကို ပြုလုပ်ခဲ့တယ်။

(ညွှန်ကြားရေးမှူး) “ကျောင်းတက်တဲ့ အချိန်က ပညာသင်ဆုတွေ ရခဲ့ဖူးသလား...?”

(လူငယ်) “မရခဲ့ပါဘူး...”

(ညွှန်ကြားရေးမှူး) “မင်းရဲ့ ကျောင်းစရိတ်တွေကို မင်းအဖေက ထောက်ပံ့ပေးခဲ့တာလား...?”

(လူငယ်) “ကျွန်တော် ၁ နှစ်သားအရွယ်က အဖေဆုံးသွားပါတယ်... ကျွန်တော့ရဲ့ ကျောင်းစရိတ်ကို အမေကပဲ ထောက်ပံ့ပေးခဲ့တာပါ..."

(ညွှန်ကြားရေးမှူး) “မင်းအမေက ဘာအလုပ်လုပ်လဲ...?”

(လူငယ်) “အမေက သူများအဝတ်တွေ ငှားလျှော်ပါတယ်..."

ဒီအခါ ညွှန်ကြားရေးမှူးက လူငယ်ရဲ့ လက်တွေကို တောင်းကြည့်တယ်။ လူငယ်က သူ့ရဲ့ နူးညံ့ချောမွေ့နေတဲ့ လက်တစ်စုံကို ညွှန်ကြားရေးမှူးကို ပြလိုက်တယ်။

(ညွှန်ကြားရေးမှူး) “အရင်က မင်းရဲ့အမေကို အဝတ်တွေ ကူညီပြီး လျှော်ပေးဖူးလား...?”

(လူငယ်) “တစ်ခါမှ မကူဖူးပါဘူး... အမေကလည်း ကျွန်တော့ကို ကျောင်းစာတွေပဲ လုပ်စေချင်ခဲ့တာပါ... နောက်ပြီး ကျွန်တော်က အမေ့လောက် အဝတ်လျှော်တာ မမြန်ပါဘူး..."

(ညွှန်ကြားရေးမှူး) “ငါမှာ တောင်းဆိုစရာ တစ်ခုရှိတယ်... ဒီကနေ့ မင်း အိမ်ပြန်သွားရင် မင်းအမေရဲ့လက်တွေကို ဆေးကြောသန့်စင်ပေးပါ... မနက်ဖြန်မနက် ငါတို့ ဒီမှာ ပြန်တွေ့ကြမယ်...”

အလုပ်ရဖို့ အခွင့်အလမ်းဟာ အကောင်းဘက်ကို ဦးတည်နေတယ်လို့ လူငယ်က ခံစားလိုက်တယ်။ သူ အိမ်ပြန်ရောက်တဲ့အခါ မိခင်ဖြစ်သူရဲ့ လက်တွေကို ဆေးကြောသန့်စင်ပေးဖို့ သူမကို ပျော်ပျော်ရွှင်ရွှင်နဲ့ တောင်းဆိုခဲ့တယ်။ မိခင်ဖြစ်သူကခံစားချက်တွေ ရောထွေးသွားပြီး သားဖြစ်သူကို ထူးဆန်းစွာနဲ့ ကြည့်လိုက်တယ်။ အဲဒီနောက် ပျော်ရွှင်စွာနဲ့ သားဖြစ်သူကို လက်တွေ ကမ်းပေးလိုက်တယ်။ လူငယ်က မိခင်ရဲ့ လက်တွေကို ဖြည်းဖြည်းချင်း သန့်စင်ပေးတယ်။ တစ်ချိန်ထဲမှာပဲ လူငယ်ရဲ့ မျက်လုံးအိမ်ကနေ မျက်ရည်တွေ စီးကျလာတယ်။ မိခင်ရဲ့ လက်တွေဟာ ရူံ့တွနေပြီး ပွန်းပဲ့ဒဏ်ရာတွေ အများအပြားနဲ့ ဖြစ်နေတယ်။ ဒါကို သူ ပထမဆုံးအကြိမ် သတိပြုမိခဲ့တာ ဖြစ်တယ်။ အချို့ ဒဏ်ရာတွေဟာ ရောင်ရမ်းနေပြီး ရေဆေးကြောနေစဉ် မိခင်ဖြစ်သူဟာ နာကျင်လွန်းလို့ ဆတ်ဆတ်တုန်နေတယ်။

ဒီလက်တစ်စုံဟာ သူ့ရဲ့ ကျောင်းစရိတ်တွေကို ထောက်ပံ့ဖို့ နေ့စဉ် အဝတ်တွေ လျှော်နေရတဲ့ လက်တွေဖြစ်တယ်ဆိုတာ လူငယ်က ပထမဆုံးအကြိမ် နားလည် သဘောပေါက်ခဲ့တယ်။ မိခင်လက်က ပွန်းပဲ့ဒဏ်ရာတွေဟာ သားဖြစ်သူ ပညာထူးချွန်ဖို့၊ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ပေးဆပ်ခဲ့ရတဲ့ ပေးဆပ်မှုကြီးတစ်ခုဆိုတာ သူ သိလာခဲ့တယ်။

မိခင်ဖြစ်သူရဲ့ လက်တွေကို ဆေးကြောသန့်စင်ပြီးတဲ့အခါမှာတော့ သားဖြစ်သူဟာ သူမရဲ့ ကျန်ရှိနေသေးတဲ့ အဝတ်တွေကို တိတ်တဆိတ် လျှော်ဖွတ်ပေးခဲ့တယ်။ အဲဒီညက အမေနဲ့သား စကားတွေ အကြာကြီး ပြောခဲ့ကြတယ်။ နောက်တစ်နေ့ နံနက်မှာ လူငယ်ဟာ ညွှန်ကြားရေးမှူး ရုံးခန်းကို ပြန်သွားခဲ့တယ်။

ညွှန်ကြားရေးမှူးက လူငယ်ရဲ့ မျက်လုံးအိမ်က မျက်ရည်တွေကို သတိပြုမိလိုက်တယ်။

(ညွှန်ကြားရေးမှူး) “မနေ့က မင်းရဲ့ အိမ်မှာ ဘာတွေလုပ်ပြီး ဘာတွေ သင်ယူခဲ့သလဲဆိုတာ ပြောပြပါဦး...”

(လူငယ်) “ကျွန်တော့အမေရဲ့ လက်တွေကို ဆေးကြောသန့်စင်ပြီး ကျန်ရှိနေသေးတဲ့ အ၀တ်တွေ အားလုံးကို ပြီးစီးအောင် လျှော်ဖွတ်ပေးခဲ့ပါတယ်..."

(ညွှန်ကြားရေးမှူး) “ကျေးဇူးပြုပြီး မင်းရဲ့ခံစားချက်တွေကို ပြောပြပါလား...?”

(လူငယ်) “နံပါတ်(၁) ကျေးဇူးတရား ဆိုတာကို ကျွန်တော် အခု သိပါပြီ... အ​မေ မရှိရင် ကျွန်တော် အခုလို ထူးချွန်လာမှာ မဟုတ်ပါဘူး... နံပါတ်(၂) အမေနဲ့အတူ အလုပ်တွေ ကူလုပ်ပေးခြင်းအားဖြင့် အလုပ်တစ်ခု ပြီးမြောက်ဖို့ ဘယ်လောက်ခက်ခဲတယ်... ဘယ်လောက် ကြမ်းတမ်းတယ်ဆိုတာ အခု နားလည်သဘောပေါက်ပါပြီ... နံပါတ် (၃ ) မိသားစု ဆက်ဆံရေးရဲ့ အရေးပါမှုနဲ့ တန်ဖိုးကို ကျွန်တော် အခု သဘောပေါက်ပါပြီ...”

(ညွှန်ကြားရေးမှူး) “ဒါတွေဟာ ငါ့ရဲ့ မန်နေဂျာဖြစ်လာမယ့် သူတစ်ယောက်မှာ ရှိရမယ့် အချက်တွေပဲ... တစ်ပါးသူတွေရဲ့ အကူအညီကို တန်ဖိုးထားနိုင်တဲ့သူ... တစ်စုံတစ်ရာကို ပြီးမြောက်အောင် လုပ်ဆောင်တဲ့ နေရာမှာ တစ်ပါးသူတွေရဲ့ ဆင်းရဲဒုက္ခတွေကို သိတဲ့သူ... ဘဝမှာ ငွေကိုသာလျှင် ရည်မှန်းချက်ပန်းတိုင် တစ်ခုအနေနဲ့ မသတ်မှတ်တဲ့သူ... အဲဒီလို လူတစ်ယောက်ကို ငါ လိုချင်နေတာ... အခု မင်းကို အလုပ်ခန့်လိုက်ပြီ...!"

အဲဒီနောက်ပိုင်းကစပြီး လူငယ်လည်း အလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး သူ့လက်အောက် ငယ်သားတွေရဲ့ ရိုသေလေးစားမှုကိုပါ ရရှိခဲ့တယ်။ ၀န်ထမ်းတိုင်းဟာ လုံ့လဝီရိယရှိရှိနဲ့ ပျော်ရွှင်စွာ လုပ်ကိုင်ခဲ့ကြပြီး ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်မှာလည်း များစွာ တိုးတက်လာခဲ့တယ်။

(မိမိချစ်မြတ်နိုးရတဲ့ သူတွေက ပေးကမ်းတဲ့ အရာတွေကို ရယူရာမှာ (အခက်အခဲတွေကို မိမိကိုယ်တိုင် မကျော်ဖြတ်ခဲ့ရဖူးလို့) သူတို့အနေနဲ့ ဘယ်လောက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတယ်ဆိုတာကို နားမလည်ဘူးဆိုရင်... ရရှိလာတဲ့ အရာတွေကိုလည်း မည်သည့်အခါမှ တန်ဖိုးထားမည် မဟုတ်ပါ။ အရေးကြီးဆုံးကတော့... အခက်အခဲတွေကို မိမိကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ဖို့၊ မိမိရရှိလာတဲ့ အရာတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးစားအားထုတ်မှုတိုင်းကို တန်ဖိုးထားတတ်ဖို့၊ သင်ယူခြင်းပင် ဖြစ်ပါတော့သည်။)


@moral_stories

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...