အက္ခရာကျတဲ့ 'ချစ်ခြင်းမေတ္တာ'...

အမျိုးသမီးကြီးတစ်ဦး အိမ်ထဲမှ ထွက်လာစဉ် အဖိုးအိုသုံးဦး အိမ်ရှေ့ခြံဝင်းထဲ၌ ထိုင်နေသည်ကို တွေ့လိုက်သည်။ သူတို့ရဲ့ မုတ်ဆိတ်မွှေးတွေက ရှည်လျားပြီး ဖြူဖွေးနေကြသည်။ 

အမျိုးသမီးကြီးက...

“ကျမ ရှင်တို့ကို သိမယ်မထင်ဘူး၊ ဒါပေမယ့် ရှင်တို့ကြည့်ရတာ ဆာလောင်နေကြတဲ့ ပုံပဲ... ကျေးဇူးပြုပြီး အိမ်ထဲဝင်ပြီး တစ်ခုခုလောက် သုံးဆောင်ကြပါ..."

ထိုအခါ အဖိုးအို သုံးဦးက "ခင်ဗျားရဲ့ အမျိုးသား အိမ်မှာ ရှိပါသလား...?" လို့ မေးလိုက်သည့်အခါ အမျိုးသမီးကြီးက...

"မရှိပါဘူး... သူ အပြင်သွားပါတယ်..."

“ဒါဆိုရင် ကျုပ်တို့ မဝင်နိုင်သေးပါဘူး..." ဆိုပြီး အဖိုးအိုသုံးဦးက ပြောသည်။

ညနေဘက် ခင်ပွန်း​ဖြစ်သူ အိမ်ပြန်ရောက်သည့်အခါ အဖြစ်အပျက်ကို သူမက ပြောပြခဲ့သည်။ ခင်ပွန်းသည်က သူတို့သုံးဦးကို အိမ်ထဲဝင်ဖို့ ဇနီးသည်အား ပြောခိုင်းလိုက်သည်။

"ကျုပ်တို့ သုံးဦးစလုံးတော့ အိမ်ထဲကို တစ်ပြိုင်တည်း မဝင်နိုင်ပါဘူး..."

"ဘာဖြစ်လို့လဲရှင်...?" လို့ အမျိုးသမီးကြီးက မေးလိုက်သည့်အခါ အဖိုးအိုတစ်ဦးက...

“သူ့နာမည်က 'ချမ်းသာကြွယ်ဝမှု' လို့ ခေါ်ပါတယ်..." အခြားတစ်ဦးကို ညွှန်ပြပြီး “သူနာမည်ကတော့ 'အောင်မြင်မှု'... ကျုပ်ကတော့ "ချစ်ခြင်းမေတ္တာ' ပါ..." လို့ ရှင်းပြပြီး၊ သူက "ယခု ခင်ဗျား အိမ်ထဲပြန်ဝင်ပါ... ကျုပ်တို့ သုံးဦးထဲက ဘယ်သူ့ကို ဖိတ်ခေါ်ချင်သလဲဆိုတာ ခင်ဗျားယောကျ်ားနဲ့ ဦးစွာဆွေးနွေးပါ..." လို့ ပြောလိုက်သည်။

အမျိုးသမီးကြီးသည် အိမ်ထဲဝင်ပြီး ခင်ပွန်းဖြစ်သူအား အကျိုးအကြောင်း ပြောပြခဲ့သည်။ ခင်ပွန်းသည်က အလွန်ဝမ်းမြောက်ပြီး "ဘယ်လောက်ကောင်းလဲ...! ဒါဆိုရင် ငါတို့ 'ချမ်းသာကြွယ်ဝမှု' ကို အရင်ဖိတ်ကြစို့... ငါတို့အိမ် စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်သွားအောင် သူ့ကို အရင်ပေးဝင်လိုက်မယ်..."

ဇနီးသည်က သဘောမတူပေ။

"ဒါနဲ့ ယောကျ်ား...! ကျမတို့က ဘာဖြစ်လို့ 'အောင်မြင်မှု' ကို အရင်မဖိတ်တာရလဲ...?"

သူတို့ငြင်းခုံနေသည်ကို ချွေးမဖြစ်သူက နားထောင်နေသည်။ သူမက “ချစ်ခြင်းမေတ္တာ' ကို ဖိတ်တာ ပိုကောင်းမလား...? ဒါဆိုရင် ကျမတို့အိမ်ထဲမှာ ချစ်ခြင်းမေတ္တာတွေ ပြည့်နေလိမ့်မယ်...” ဆိုပြီး အကြံပြုလိုက်သည်။

ထိုအခါ ခင်ပွန်းဖြစ်သူက "ငါတို့ချွေးမ ပြောတဲ့ အကြံဉာဏ်ကိုပဲ လိုက်နာကြစို့" ဟု ဆိုပြီး 'ချစ်ခြင်းမေတ္တာ' ကို ပထမဆုံး ဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ဖို့ ပြောလိုက်သည်။

အမျိုးသမီးကြီးသည် အိမ်ပြင်သို့ ထွက်၍ အဖိုးအို သုံးယောက်ကို "'ချစ်ခြင်းမေတ္တာ' က ဘယ်သူပါလဲ...? ကျေးဇူးပြုပြီး အိမ်ထဲကို ကြွပါရှင်..." လို့ ဖိတ်ခေါ်လိုက်သည်။ ထိုအခါ 'ချစ်ခြင်းမေတ္တာ' ကမတ်တပ်ထရပ်ပြီး အိမ်ထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။ ကျန်တဲ့ နှစ်ဦးကလည်း အနောက်ကနေ လိုက်သွားကြသည်။ ထိုအခါ အမျိုးသမီးကြီးက အံ့ဩသွားပြီး 'ချမ်းသာကြွယ်ဝမှု' နှင့် 'အောင်မြင်မှု' ကို မေးလိုက်သည်။

“ကျမက 'ချစ်ခြင်းမေတ္တာ' ကိုပဲ ဖိတ်တာ ရှင်တို့ နှစ်ယောက်က ဘာဖြစ်လို့ လိုက်လာကြတာလဲ...?"

ထိုအခါ အဖိုးအို နှစ်ဦးက အတူတကွ ပြန်ဖြေလိုက်သည်။

“ခင်ဗျားက 'ချမ်းသာကြွယ်ဝမှု' ဒါမှမဟုတ် 'အောင်မြင်မှု' တစ်ဦးဦးကို အရင်ဖိတ်ကြားခဲ့ရင် ကျုပ်တို့ထဲက နှစ်ဦးက ကျန်ခဲ့လိမ့်မယ်... ဒါပေမယ့် ခင်ဗျားက 'ချစ်ခြင်းမေတ္တာ' ကို အရင်ဖိတ်ကြားခဲ့တဲ့အတွက် သူ ဘယ်နေရာသွားသွား ကျုပ်တို့ နှစ်ဦးက လိုက်သွားကြရမှာ ဖြစ်တယ်... 'ချစ်ခြင်းမေတ္တာ' ရှိတဲ့ နေရာတိုင်းမှာ 'ချမ်းသာကြွယ်ဝမှု' နဲ့ 'အောင်မြင်မှု' တွေ အမြဲတမ်း ရှိနေပါတယ်...”

@moral_stories


(lwanmapyay.blogspot.comFacebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...