အတုမြင် အတတ်သင်...

အဘိုးအို တစ်ဦးသည် သားဖြစ်သူ၊ ချွေးမနှင့် လေးနှစ်သားအရွယ် မြေးလေးတစ်ယောက်တို့နှင့် အတူ နေထိုင်သည်။ သူဟာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့်အတွက် လက်တွေက တုန်တုန်ယင်ယင် ဖြစ်နေသည်။ အမြင်အာရုံတွေ မှုန်ဝါးနေသည်။ လမ်းလျှောက်သည့်အခါ ယိမ်းယိုင်နေသည်။ တစ်နေ့မှာ မိသားစုအားလုံး ညစာ အတူစားကြသည်။ အဘိုးအိုရဲ့ တုန်တုန်ယင်ယင် ဖြစ်နေသည့် လက်တွေနှင့် အမြင် မှုန်ဝါးမှုတွေက အစာစားရာတွင် အခက်အခဲ ဖြစ်စေခဲ့သည်။ အစားအစာတွေ ခပ်ယူတိုင်း ထမင်းစား စားပွဲနှင့် ကြမ်းပြင်ပေါ် ဖိတ်စင်ကုန်သည်။ နို့ဖန်ခွက် ကိုင်လိုက်လျှင်လည်း နို့တွေ စားပွဲခင်းပေါ် ဖိတ်စင်ကုန်သည်။

သို့ဖြင့် ထမင်းစား စားပွဲပေါ် အစားအသောက်တွေ ညစ်ပတ်ပေကျံ လာသည့်အခါ သားဖြစ်သူနဲ့ ချွေးမက ဒေါသထွက်လာသည်။ "ဒီအဖိုးကြီးကိုတော့ တစ်ခုခုလုပ်မှ ရတော့မယ်... သည်းမခံနိုင်တော့ဘူး..." ဆိုပြီး သားဖြစ်သူက ပြောလိုက်သည်။ ဒီလိုနှင့် ဇနီးမောင်နှံဟာ ထောင့်တစ်နေရာမှာ စားပွဲငယ်တစ်လုံး ချပေးလိုက်ပြီး အဖိုးအိုကို တစ်ယောက်တည်း စားစေခဲ့သည်။ မတော်တဆ ပန်းကန်တွေ ကွဲလျှင်လည်း အစားအသောက်တွေကို သစ်သားပန်းကန်ထဲ ထည့်ပြီးကျွေးခဲ့သည်။ အဖိုးအိုသည် တစ်ယောက်တည်း ထိုင်နေစဉ် တစ်ခါတစ်ရံ မျက်ရည်များ ကျနေသည်။ မည်သို့ပင်ဖြစ်စေ အဖိုးအိုအနေနှင့် ဇွန်းခက်ရင်းများ လွတ်ကျသည့်အချိန်၊ အစားအစာများ ဖိတ်စင်သည့် အချိန်များတွင် ဇနီးမောင်နှံက ကျယ်လောင်စွာ အော်ဟစ်ဆုံးမခဲ့သည်။ ထိုအဖြစ်အပျက်အားလုံးကို လေးနှစ်သားအရွယ် ကလေးက တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေသည်။

ညစာမစားမီ တစ်ညနေတွင် သားဖြစ်သူ ကြမ်းပြင်ပေါ်မှာ သစ်တိုသစ်များနှင့် ကစားနေသည်ကို ဖခင်က သတိပြုမိသည်။ သူကကလေးကို "ဘာတွေ လုပ်နေတာလဲ သား...?" ဆိုပြီး ချိုသာစွာနှင့် မေးလိုက်သည်။ ကလေးက “သား ကြီးလာလို့ရှိရင် ဖေဖေနဲ့ မေမေတို့ကို ထမင်းထည့်ကျွေးဖို့ ပန်းကန်လုံး သေးသေးလေးတွေ လုပ်နေတာလေ..." လို့ ပြန်ပြောလိုက်ပြီး ဆက်ကစားနေလိုက်သည်။ ကလေးရဲ့ စကားလုံးတွေကြောင့် မိဘများ အကြီးအကျယ် စိတ်ထိခိုက်ပြီး ဆွံ့အသွားခဲ့သည်။ ထို့နောက် သူတို့ရဲ့ ပါးပြင်ပေါ်၌ မျက်ရည်များ စီးကျလာသည်။ စကားလုံးတစ်လုံးမျှ မပြောသော်လည်း ဘာလုပ်ရမည်ကို သူတို့ သိလိုက်ကြသည်။

ထိုနေ့ ညနေတွင် ခင်ပွန်းဖြစ်သူသည် အဘိုးအိုရဲ့ လက်ကိုဆွဲပြီး မိသားစု ထမင်းစားပွဲသို့ ညင်သာစွာ ခေါ်ဆောင်ခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ အဘိုးအိုဟာ သူ့ရဲ့ကျန်ရှိနေတဲ့ နေ့ရက်တွေမှာ မိသားစုနှင့်အတူ ပျော်ရွှင်စွာ ညစာစားခဲ့လေတော့သည်...။

(ကလေးများသည် အလွယ်တစ်ကူ သိမြင်နိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း ရှိကြသည်။ သူတို့၏ မျက်စိများသည် အစဉ်မြင်နိုင်သည်။ သူတို့၏ နားများသည် အမြဲတမ်း နားစွင့်နေကြသည်။ မိဘများ လုပ်သမျှအရာတိုင်းကို သူတို့ လိုက်ပြီး တုပကြသည်။ မိဘများရဲ့ ဆက်ဆံရေး အဆင်မပြေမှု၊ တစ်ဖက်သားအပေါ် နိုင်လိုမင်းထက် ပြုမူဆက်ဆံမှုများသည် ကလေးတွေရဲ့ အနာဂါတ် ဆက်ဆံရေးကို ပုံဖော်နေသည်။ ကလေးတွေရဲ့ အနာဂါတ် အပြုအမူသည် မိဘတွေက သူတို့ကို မည်ကဲ့သို့ သွင်သင်ဆုံးမ ပြောဆိုခြင်းထက်၊ မိဘများကိုယ်တိုင်က မည်သို့ ပြုမူနေထိုင်သလဲ ဆိုသည့် အချက်ပေါ် များစွာ မူတည်နေသည်။ ထို့ကြောင့် လူကြီးမိဘများအနေနှင့် မိမိတို့ ကလေးတွေရဲ့ အနာဂါတ် ကောင်းမွန်ဖို့အတွက် ကောင်းစွာ ပြုမူနေထိုင်သင့်ပေသည်။)

@moral_stories


(lwanmapyay.blogspot.comFacebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...