ကမ္ဘာ့အကြီးဆုံး စွန့်ပစ်အမှိုက်ပုံများ...
ကမ္ဘာ့အကြီးဆုံး စွန့်ပစ်အမှိုက်ပုံများ တည်ရှိရာ နိုင်ငံများထဲက တစ်ခုအပါအဝင် ဖြစ်လာသည့် ထိုင်းနိုင်ငံ...
နိုင်ငံခြားတိုင်းပြည်များမှ အီလက်ထရွန်းနစ်နှင့် ပလတ်စတစ်ပစ္စည်းများ အပါအ၀င် စွန့်ပစ်ပစ္စည်းများ တင်သွင်းမှုကို တရုတ်နိုင်ငံက ၂၀၁၇ တွင် တားမြစ်ပိတ်ပင်ခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ ထိုင်းနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စွန့်ပစ်ပစ္စည်းများ အခြေစိုက်ရာ နိုင်ငံများထဲမှ တစ်ခုဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် မူလက တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော ကမ္ဘာ့နိုင်ငံများမှ စွန့်ပစ်ပစ္စည်းများသည် ယခုအခါ အရှေ့တောင် အာရှနိုင်ငံများသို့ ဦးတည်နေပြီ ဖြစ်သည်။ အရှေ့တောင် အာရှနိုင်ငံများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်း၍ တင်းကျပ်စွာ ပြဌာန်ထားခြင်းလည်း မရှိပေ။
ထိုင်းနိုင်ငံ၏ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာန၏ အဆိုအရ နိုင်ငံအတွင်း ဝင်ရောက်လာသည့် ပလပ်စတစ် စွန့်ပစ်ပစ္စည်း ပမာဏသည် ၂၀၁၈ ခုနှစ်တွင် တန်ချိန် ၁၅၂,၀၀၀ ရှိခဲ့ရာမှ၊ ၂၀၁၉ တွင် တန် ၃၂၃,၀၀၀ သို့ သိသိသာသာ မြင့်တက်ခဲ့သည်။ 2019 Greenpeace အစီရင်ခံစာတွင် အာဆီယံနိုင်ငံများသို့ ပလပ်စတစ် စွန့်ပစ်ပစ္စည်းများ အဓိက တင်ပို့သည့် နိုင်ငံများသည် သြစတြေးလျ၊ တရုတ်၊ ဟောင်ကောင်နှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်ဟု ဆိုသည်။
ယခင်က တရုတ်သည် ကမ္ဘာပေါ်တွင် စွန့်ပစ်ပစ္စည်း အများဆုံးရှိသည့် နိုင်ငံဖြစ်ခဲ့သည်။ နိုင်ငံအတွင်း ထောင်ပေါင်းများစွာသော ပြန်လည်သန့်စင်သည့် စက်ရုံများ ရှိခဲ့သော်လည်း၊ စက်ရုံ ၆၅% သည် အစိုးရ၏ ပြန်လည် သန့်စင်ရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်များ ဖြစ်စေခဲ့သည်။ ထို့အပြင် အန္တရာယ်ရှိသော အဆိပ်အတောက်များကြောင့် စက်ရုံလုပ်သားများ ဖျားနာခဲ့ရသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော စွန့်ပစ်ပစ္စည်းကွန်တိန်နာများ၏ ၁၀% ကိုသာလျှင် အကောက်ခွန် ဦးစီးဌာနမှ အလျင်းသင့်သလို စစ်ဆေးမှုများ ပြုလုပ်သည်။ ညစ်ညမ်းပြီး အဆိပ်အတောက် ဖြစ်စေသည့် ပစ္စည်းများ ကဲ့သို့သော စွန့်ပစ်အမှိုက်များကို နိုင်ငံတွင်းသို့ တရားမဝင် ၀င်ရောက်ခွင့် ပြုထားသည်။ ထို့ပြင် စွန့်ပစ်ပစ္စည်းများ တင်ပို့ရန် လိုင်စင်သက်တမ်း ကုန်ဆုံးသော စက်ရုံများသည် ထပ်မံသက်တမ်းတိုးရန် ကြိုးပမ်းနေကြသည်။
ထိုင်းနိုင်ငံအနေနှင့် ကမ္ဘာ့စွန့်ပစ်အမှိုက်များ လာရောက် စွန့်ပစ်သည့်နေရာ မဖြစ်လာအောင် တားဆီးကာကွယ်ရန် Greenpeace Thailand နှင့် Ecological Alert and Recovery Thailand (Earth) အပါအ၀င် အရပ်ဘက် လူမှုအဖွဲ့အစည်း ၆၂ ဖွဲ့က စွန့်ပစ်ပစ္စည်း တင်သွင်းသူများအား လိုင်စင်သက်တမ်း တိုးမပေးရန် အစိုးရအား တိုက်တွန်းထားသည်။
Change.com တွင် ဖော်ပြထားသည့် petition တွင် ပလပ်စတစ် စွန့်ပစ်ပစ္စည်း တင်သွင်းမှုကို တားမြစ်ပိတ်ပင်ရန် ထောက်ခံသူ ၂၅,၀၀၀ ကျော်က တောင်းဆိုထားသည်။ အကြောင်းမှာမူ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ နယ်စပ်ဖြတ်ကျော် လုပ်ဆောင်မှုများကို ထိန်းချုပ်ရန် ရည်ရွယ်သော နိုင်ငံတကာ သဘောတူညီချက် တစ်ခုဖြစ်သည့် ဘေဆယ်လ်(Basel) ကွန်ဗင်းရှင်းက ကန့်သတ်မထား၍ ဖြစ်သည်။ ဇန်နဝါရီလ ၁ ရက်နေ့ ဘေဆယ်လ်ပြင်ဆင်ချက် အသစ်အရ ရောနှောပလပ်စတစ် စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန် သို့မဟုတ် တားမြစ်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
ပလတ်စတစ် အသုံးအဆောင်များသည် လူသားများ၏ နေ့စဉ်ဘဝကို ပို၍အဆင်ပြေစေသော်လည်း ပလတ်စတစ် စွန့်ပစ်ပစ္စည်းများနှင့် ပြန်လည်သန့်စင် စက်ရုံများသည် လူ့အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကြီးမားသည့် ဆိုးကျိုးသက်ရောက်များကို ဖြစ်စေသည်။
ပြန်လည်သန့်စင်စက်ရုံ အများအပြားကိုဘန်ကောက်တဝိုက်ရှိ ဒေသများတွင်တည်ဆောက်ခဲ့သည်။ အထူးသဖြင့် Samut Sakhon တွင် ဖြစ်သည်။ Chachoengsao၊ Samut Prakan, Phetchaburi နှင့် Ratchaburi များတွင်လည်း တည်ရှိသည်။ ဤစက်ရုံအများစုသည် တရုတ် ရင်းနှီးမြှုပ်နှံသူများနှင့် ပူးတွဲ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံရှိ သန့်စင်စက်ရုံများသည် ပလပ်စတစ်စွန့်ပစ်ပစ္စည်းများကို တင်သွင်းခွင့် မရသောကြောင့် ဖြစ်သည်။ တရုတ်လုပ်ငန်းရှင်များ အနေဖြင့် ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများသို့ ပြောင်းရွှေ့ လုပ်ကိုင်လာကြသည်။ သန့်စင်စက်ရုံများမှ ထွက်ရှိလာသည့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ ရေမြေ အဆိပ်အတောက်ဖြစ်မှု၊ ရောဂါပိုးမွှား တိုးပွားလာမှုများသည် လူ့အဖွဲ့အစည်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေခဲ့သည်။ ၂၀၁၈ မှစ၍ ရွာသားများသည် အဆိုပါ ညစ်ညမ်းမှုများအပေါ် တာဝန်ရှိသူများအား စောဒက တက်ခဲ့ကြပြီး၊ အချို့မှာမူ စက်ရုံများကို တရားစွဲဆိုခဲ့ကြသည်။ တာဝန်ရှိသူများနှင့် ရွာသားများအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။
Earth မှ သုတေသနနှင့် နည်းပညာအရာရှိ Akarapon Teebthaisong က နိုင်ငံခြားမှ တင်သွင်းသော စွန့်ပစ်အမှိုက်များတွင် ညစ်ညမ်းပြီး အဆိပ်အတောက် ဖြစ်စေသော ပစ္စည်းများ ပါဝင်လေ့ရှိသည်ဟု ပြောကြားခဲ့သည်။
အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများနှင့်ညစ်ညမ်းပလတ်စတစ် ပစ္စည်းများကို ပြန်လည်သန့်စင် အသုံးပြုရန် ရည်ရွယ်၍ တင်သွင်းကြသော်လည်း၊ တကယ်တမ်းအားဖြင့် ၎င်းတို့သည် ပြန်လည် အသုံးပြုရန်အတွက် အရည်အသွေး မပြည့်မှီကြောင်း၊ နိုင်ငံတွင်းသို့ ရောက်သောအခါ ၎င်းတို့ကို စွန့်ပစ်ခြင်းမှလွဲ၍ ဘာမျှမလုပ်နိုင်ကြောင်း၊ နိုင်ငံအတွင်း အမှိုက်များ ပိုမိုစွန့်ပစ်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း Akarapon က ပြောကြားခဲ့သည်။
သူက ဆက်ပြီး ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများဖြစ်သည့် တစ်ခါသုံး ဆေးထိုးအပ် ကဲ့သို့သော ပစ္စည်းများကို လုံးဝ မတင်သွင်းသင့်ကြောင်း အကြံပြုသည်။ သို့သော် ဇန်နဝါရီလမှ သြဂုတ်လ အတွင်းတွင် အဆိုပါပစ္စည်း ၈၀၀၀ ကီလိုဂရမ်သည် နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံသည် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်နှင့် မလေးရှားတို့နှင့်မတူဘဲ ၎င်းအစိုးရ၏ ရှုပ်ထွေးသည့် လုပ်ထုံးလုပ်နည်းများသည် တရားမ၀င် စွန့်ပစ်ပစ္စည်းများကို မူလနိုင်ငံများသို့ ပြန်လည်တင်ပို့ရန် အခက်အခဲ ဖြစ်စေခဲ့သည်။
ထိုင်းအကောက်ခွန် အရာရှိများအနေဖြင့် တရားမ၀င် တင်သွင်းလာသည့် စွန့်ပစ်ပစ္စည်း ကွန်တိန်နာများကို တွေ့ရှိသည့်အခါ မူလနိုင်ငံများသို့ ချက်ချင်းပြန်ပို့ရန် မဖြစ်နိုင်ပေ။ ၎င်းပစ္စည်းများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းပြီး၊ နောက်ပိုင်းတွင် လေလံတင်ကာ အခြားနိုင်ငံများသို့ ပြန်လည် တင်ပို့ကြသည်။ သို့သော် ဤလုပ်ထုံးလုပ်နည်းသည် လုံလောက်သည့် ကယ်ပေါက် တစ်ခုတော့ မဟုတ်ပေ။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများက ညစ်ညမ်း စွန့်ပစ်ပစ္စည်းများကို မူလနိုင်ငံများသို့ ပြန်ပို့နေစဉ် ထိုင်းနိုင်ငံအနေဖြင့် ဤသို့ လုပ်ဆောင်ခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ပေ။
စွန့်ပစ်ပစ္စည်းများကို တင်သွင်းခြင်းသည် သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်နိုင်သော်လည်း ထိုင်းနိုင်ငံတွင် စွန့်ပစ်ပစ္စည်း ပြန်လည်သန့်စင် ထုတ်လုပ်နေသည့် စက်ရုံ ၈၀၀၀ ခု ကျန်ရှိနေဆဲ ဖြစ်သည်။ ဤသို့ စွန့်ပစ်ပစ္စည်းများကို ပြန်လည် ထုတ်လုပ်နေခြင်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံဖြိုးမှုအတွက် အထောက်အကူ ဖြစ်နေသည့်အတွက်ကြောင့်လောဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းဌာနသည် တိုင်းပြည်အတွက် အခွန်ငွေရရှိရန် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်လိုသည်။ သို့သော် အလုပ်အကိုင်အရမူ သန့်စင်စက်ရုံသည် ရွှေ့ပြောင်းအလုပ်သမားအများစု လုပ်ကိုင်နေသည့် ငါးဖမ်းလုပ်ငန်းကဲ့သို့ ဖြစ်နေသည်။ အလုပ်သမား ငှားရမ်းမှုနှင့် လုပ်ခလစာ အနေအထားကို ကြည့်မည်ဆိုလျှင် နိုင်ငံအနေနှင့် တင်သွင်းလာသည့် စွန့်ပစ်ပစ္စည်းများမှ မည်သည့်အကျိုးအမြတ်မှ မရနိုင်ပေ။ ထိုအစား နိုင်ငံသည် အမှိုက်ပုံတစ်ခုသာ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ပညာရှင်များက ထောက်ပြကြသည်။
စက်ရုံပိုင်ရှင်များသည် တင်သွင်းသော စွန့်ပစ်ပစ္စည်းများကို ကြိုဆိုကြသော်လည်း၊ အမှိုက်ကောက်ပြီး အသက်မွေးဝမ်းကျောင်း ပြုသူများကိုမူ ၎င်းတို့၏ အလုပ်များကို အဆုံးသတ်စေရန် အတင်းအကျပ် ခိုင်းစေနေကြသည်။
သုံးဘီးလှည်းဖြင့် အမှိုက်ကောက်သူ စုစုပေါင်း ၁.၅ သန်းနှင့် တပတ်ရစ်ဆိုင် ၃၀,၀၀၀ ကျော် ပါဝင်သည့် Saleng and Second Hand Shop Association ၏ အဆိုအရ ၎င်းတို့၏ အဖွဲ့ဝင်များသည် အလုပ်များမှ နုတ်ထွက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ပလပ်စတစ်ဗူးခွံ တစ်ကီလိုလျှင် ၁၃ ဘတ်နှုန်း ကျသင့်သော်လည်း၊ ယခုနှစ်တွင် တစ်ကီလိုလျှင် ၈ ဘတ်သို့ ကျဆင်းသွားခဲ့သည်။ အမှိုက်ကောက်သူများသည် ယခင်ကထက် ဝင်ငွေ အလွန် နည်းသွားကြသည်။ ပလပ်စတစ် စွန့်ပစ်ပစ္စည်းများသည် တပတ်ရစ်ဆိုင်များတွင် များစွာ ကျန်ရှိနေပြီး ရောင်မထွက်ကြတော့ဟု ဆိုသည်။
ပလတ်စတစ်နှင့် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများဆိုင်ရာ တင်သွင်းမှု အမျိုးသားကော်မတီသည် စွန့်ပစ်ပစ္စည်း တင်သွင်းသူများအတွက် လိုင်စင်အသစ် ပြုလုပ်ခြင်း သို့မဟုတ် သက်တမ်းတိုးပေးခြင်း လုပ်ငန်းများ မပြုလုပ်တော့ကြောင်း သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်၀န်းကျင် ၀န်ကြီးဌာနက အောက်တိုဘာ ၆ ရက်နေ့တွင် ကြေငြာခဲ့သည်။ ဤဟာသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများအတွက် ကြီးမားသော အောင်ပွဲတစ်ခုဟု ရှုမြင်ခဲ့ကြပြီး၊ ပညာရှင်များကတော့ ပထမခြေလှမ်းတစ်ခုသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
အနာဂတ် စွန့်ပစ်ပစ္စည်း တင်သွင်းမှုကို ပိတ်ပင်ရန် အစိုးရမှ အကောင်အထည်ဖော်မည့် အစီအစဉ်မရှိကြောင်း တတ်သိပညာရှင်များက သတိပေးခဲ့သည်။ ၎င်းတို့အနေဖြင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများ ကုန်သွယ်မှုကို အပြည့်အ၀တားမြစ်ရန် အစိုးရအား ဆက်လက်တွန်းအားပေးသွားမည်ဟုလည်း ပြောဆိုခဲ့သည်....။
"Save your environment, save your life..."
ref;waste not, want not, bkk post