ကြွက်ထောင်ချောက်...

တစ်နေ့တွင် လယ်သမားကြီးနှင့် သူ၏ဇနီးတို့ အထုပ်တစ်ခုကို ဖွင့်နေသည်။ ထိုအရာကို အိမ်ခေါင်မိုး အကွယ်တစ်နေရာရှိ ကြွက်တစ်ကောင်က ချောင်းကြည့်နေသည်။

"ဒီအထုပ်ထဲမှာ ဘာအစားအစာတွေ ရှိပါလိမ့်...?" ကြွက်က တွေးလိုက်သည်။

ကြွက်ထောင်ချောက်တစ်ခု ဖြစ်နေသည်ကို သိလိုက်ရသောအခါ ကြွက်သည် စိတ်ထိခိုက်ပြီး ယူကျူံးမရ ဖြစ်သွားသည်။

ထိုနောက် ကြွက်သည် ခြံထဲသို့ ပြေးသွားပြီး ကြက်ကို သတိပေး ပြောဆိုလိုက်သည်။

“အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်..! အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်..!”

ကြက်က ကတော်သံပြုပြီး မြေကြီးကို ခြေဖြင့် ယက်လိုက်သည်။ ထို့နောက် လည်ပင်းကိုဆန့်ပြီး ကြွက်ကို ပြောလိုက်သည်။

"ဟေး ကြွက်ကလေး... အဲဒါက မင်းအတွက် အင်မတန် စိုးရိမ်စရာပဲ... ဒါပေမယ့် ငါ့အတွက်တော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး..."

သို့ဖြင့် ကြွက်လည်း ဝက်ထံ သွားပြီး... “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်! အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်...!" ဆိုပြီး အော်ပြောလိုက်သည်။

ဒီအခါ ဝက်က ကိုယ်ချင်းစာသည့် အမူအယာပြပြီး ကြွက်ကို ပြောလိုက်သည်။

“ဟေး ကြွက်ကလေး... မင်းအတွက် ငါ အရမ်းဝမ်းနည်းပါတယ်... ဒါပေမယ့် မင်းကို ငါ ဆုတောင်းပေးရုံကလွဲပြီး တစ်ခြားဘာမှ မလုပ်ပေးနိုင်ပါဘူး..."

သို့ဖြင့် ကြွက်လည်း နွားဘက်ကို လှည့်ပြီး အလားတူ အော်ပြီး ပြောလိုက်သည်။

နွားက... “ဟေး ကြွက်ကလေး... ငါ စိတ်မကောင်းပါဘူး... အဲဒါ ငါနဲ့ မသက်ဆိုင်ပါဘူး..." ဆိုပြီး ကြွက်ကို ပြန်ပြောလိုက်သည်။

ဤသို့ဖြင့် ကြွက်သည် စိတ်ပျက်အားငယ်စွာဖြင့် အိမ်သို့ပြန်လာခဲ့ပြီး ထောင်ချောက်ကို တစ်ကောင်တည်းရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။

ညဉ့်နက်အချိန်တွင် အိမ်ထဲ၌ အသံတစ်သံကို ကြားလိုက်သည်။ သားကောင်ကို ဖမ်းမိသွားသည့် ထောင်ချောက်တစ်ခု၏ အသံ။ လယ်သမားကြီး၏ဇနီးက ကပျာကယာ ပြေးလာပြီး ကြည့်သည်။ ထောင်ချောက်ထဲတွင် အဆိပ်ပြင်းမြွေတစ်ကောင်၏ အမြီးပိုင်းကို ဖမ်းမိထားသည်။ မှောင်မိုက်နေသည့်အတွက် မြွေ၏ဦးခေါင်းပိုင်းကို သူမ မမြင်ခဲ့ပေ။ မြွေက လယ်သမားကြီး၏ ဇနီးကို ကိုက်လိုက်သည်။ လယ်သမားကြီးက သူမကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သည်။ အဖျားအနာဖြင့် အိမ်ပြန်ရောက်လာသည်။

အဖျားရောဂါကို လတ်ဆတ်သည့် ကြက်သားစွပ်ပြုတ်နှင့် ကုသ၍ရသည်ဟု လူတွေက ပြောကြသည်။ ထို့ကြောင့် လယ်သမားကြီးက ခြံထဲသွားပြီး ကြက်ကိုသတ်ကာ ဇနီးသည်ကို စွပ်ပြုပ်လုပ်ပေးလိုက်သည်။ သို့သော် ဇနီးသည်၏ အဖျားက မပျောက်။ လူနာ လာကြည့်သည့် မိတ်ဆွေများနှင့် အိမ်နီးချင်းများကို ကျွေးမွေးဖို့ လယ်သမားကြီးက ဝက်ကို သတ်ပစ်လိုက်ပြန်သည်။ နောက်ဆုံး၌ ဇနီးသည်၏ ရောဂါအခြေအနေ ဆိုးရွားလာပြီး ကွယ်လွန်သွားသည်။ သူမ၏နာရေးကို လာရောက်သည့် ဧည့်သည်များကို အလုံအလောက် ကျွေးမွေးဧည့်ခံရန် လယ်သမားကြီက နွားကို သတ်ပစ်လိုက်သည်။

ကြွက်သည် ဖြစ်စဉ်အားလုံးကို ဝမ်းနည်းစွာဖြင့် ကြည့်နေလေတော့သည်...။

(သင်ခန်းစာကတော့... တစ်စုံတစ်ယောက်က ပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့အခါ မိမိနဲ့ မသက်ဆိုင်ဘူးလို့ မယူဆလိုက်ပါနဲ့။ သူတို့ ခြိမ်းခြောက်ခံရရင် မိမိတို့အားလုံးမှာလည်း အန္တရာယ်ရှိနိုင်တယ်ဆိုတာ သတိရပါ။ အားလုံးဟာ ဒီဘဝခရီးထဲမှာ တစ်လှေတည်းစီးပြီး ခရီးဆက် နေကြရသူတွေပါ။ တစ်ဦးကိုတစ်ဦး ဂရုစိုက်ပြီး အားပေးကူညီဖို့ အားထုတ်ရပါမယ်...။)

@moral_stories


(lwanmapyay.blogspot.comFacebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...