No pain! No gain!
ကမ္ဘာကျော် အားကစားချန်ပီယံ တစ်ယောက်ဖြစ်လာဖို့ မဆိုထားနဲ့ သာမာန် အားကစား သမားကောင်း တစ်ယောက် ဖြစ်လာဖို့တောင် မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ ဇွဲကောင်းကောင်းနဲ့ အတော်လေးကို ခက်ခက်ခဲခဲ လေ့ကျင့်ယူရပါတယ်။
ပုံတွေကတော့ ကမ္ဘာ့အိုလံပစ်ပွဲတွေမှာ အမြဲတမ်းလိုလို ဆုတံဆိပ်တွေနဲ့ ရှေ့တန်းပြေးနေတဲ့ တရုတ်နိုင်ငံက အားကစား သင်တန်းကျောင်းတွေမှာ ဖြစ်ပါတယ်။ ဆုတံဆိပ်တွေ အများကြီး ဆွတ်ခူးနိုင်တာလည်း မပြောပါနဲ့ လေ့ကျင့်ပျိုးထောင်ပေးတဲ့ ပုံစံတွေကလည်း လက်ဖျားခါလောက်ပါတယ်။ ကလေးတွေ အရွယ်နဲ့မလိုက်အောင် အတော်လည်း ကြမ်းတမ်းပါတယ်။ ဒီသင်တန်းကျောင်းတွေမှာ နှစ်စဉ်နှစ်တိုင်း ကလေးငယ် အယောက် (၃၀)ကျော် တက်ရောက် သင်ယူကြပါတယ်။ ကလေးငယ် အများစုကတော့ သိပ်ကြာကြာ မခံနိုင်ပဲ နုတ်ထွက်ကုန်ကြတယ်လို့ ဆိုပါတယ်။
ကိုယ်လက်လှုပ်ရှားမှုပုံစံ အနေအထားတစ်ခု အသားကျဖို့ အကြိမ်ပေါင်း ရာနဲ့ချီပြီး ထပ်ခါတလဲလဲ လေ့ကျင့်ရပါတယ်။ ပုံစံအနေအထား တစ်စုံလုံးကို ကျွမ်းကျင် တတ်မြောက်ဖို့ ဆိုရင် နှစ်ပေါင်း ၄ နှစ်ကနေ ၅ နှစ်ထိ ကြာမြင့်တယ်လို့ ဆိုပါတယ်။
သင်တန်းနည်းပြ ဆရာတွေကလည်း အတော်လေးကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးကြပါတယ်။ ပုံစံ အနေအထား တခုကို လေ့ကျင့် သင်ကြားပြီဆိုရင် ကလေးငယ် တစ်ဦးချင်းစီကို လိုက်လံပြင်ဆင်ပေးရပါတယ်။ နည်းပြ စိတ်တိုင်းကျလောက်တဲ့ အနေအထားရပြီ ဆိုရင်တော့ အဲဒီကလေးငယ်ဟာ ခေတ္တခဏ အနားယူလို့ရပါတယ်။ အနေအထား မမှန်သေးတဲ့ ကလေး အတွက်ကတော့ မျက်ရည်တွေ၊ နှပ်ရည်တွေနဲ့ လက်ရှိ ပုံစံအနေအထားအတိုင်း ဆက်ပြီး နေရအုံးမှာ ဖြစ်ပါတယ်။
သင်တန်းကာလအတွင်း ကလေးဆိုတဲ့အတိုင်း အငိုကလည်း ကူးစက်တတ် ပါသေးတယ်။ နာကျင်လို့ပဲဖြစ်ဖြစ်၊ မခံသိမခံသာ ညောင်ညာနေလို့ပဲဖြစ်ဖြစ် ကလေး တစ်ယောက်ယောက်က စတင်ပြီး ငိုလိုက်တယ်ဆိုတာနဲ့ အခြားကလေးတွေကလည်း လိုက်ပြီး ငိုကြတော့တာပါပဲ။ အဲဒီအချိန်မှာတော့ နည်းပြဆရာက တုတ်မယူလာပဲ မုန့်ကလေးတွေ ပေးပြီး ချော့ရပြန်ပါတယ်။
ကလေးတွေအတွက် ထိခိုက် အနာကျင်ဆုံးနဲ့ ငိုသံအကျယ်ဆုံး သင်ခန်းစာကတော့ ခြေဖျားထောက် ခြေချောင်းကလေးတွေ ခေါက်ပြီး လမ်းလျှောက်ရတဲ့ ပုံစံ အနေအထားပါ။ ဒါကို သင်ခန်းစာ အစိတ်အပိုင်း တခုအနေနဲ့ နေ့စဉ် လုပ်ရပါတယ်။ ဘယ်လောက်ထိ နာကျင်မလဲဆိုတာ စိတ်ကူးယဉ်လို့ ရပါတယ်။
ပရော်ဖက်ရှင်နယ် အားကစားသမားတွေအဖို့ "No pain" "No gain"....ဆိုတာ ဒါပါပဲ....။
ref;ChinaSmack/doseng.org