ပေစုတ်စုတ် လူတယောက်...
ဒါဟာ သူ့အတွက် ဖျော်ဖြေစရာ ကစားစရာလေးတစ်ခု ဖြစ်ခဲ့တယ်။ မြောက်အရပ်ကို ဦးတည်ပြီး လည်နေတဲ့ လက်တံလေးကို ကြည့်လိုက်တဲ့အခါ အိုင်စတိုင်း စိတ်လှုပ်ရှားပြီးတော့ ကတုန်ကယင် ဖြစ်သွားတယ်။
သံလိုက်ရဲ့ နိယာမသဘောတရားကို နားလည်သဘောပေါက်ဖို့ သူဟာ ငယ်ရွယ်လွန်းတယ်။ ဒါပေမယ့် အခုလို ထူးဆန်းတဲ့ ကမ္ဘာကြီးထဲမှာ သူ ရှိနေပါလားဆိုတာ စတင် ခံစားလာမိတယ်။ သံလိုက်အိမ်မြှောင်ဟာ သူ့အတွက် ကစားစရာတစ်ခု မဟုတ်တော့ဘဲ အံ့ဖွယ်အရာတစ်ခု ဖြစ်လာတယ်။
အိုင်းစတိုင်းဟာ အနုပညာကို ချစ်မြတ်နိုးတယ်။ သူက တယောထိုးရတာကို နှစ်သက်တယ်။ ဒါဟာ သူ့ကို စိတ်လှုပ်ရှားစေတဲ့ ဂီတဖြစ်ခဲ့တယ်။ မိခင်ဖြစ်သူ စန္ဒရားတီးနေစဉ်မှာလည်း သူ့ရဲ့အာရုံကို ညှို့ယူဖမ်းစားထားသည့်အလား စိတ်ဝင်တစ်စားနဲ့ မကြာခဏဆိုသလို ရပ်ကြည့်နေခဲ့တယ်။
အိုင်းစတိုင်းဟာ ငယ်စဉ်အခါက အလွန်စပ်စုတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး တောင်တွေးမြောက်တွေး တွေးလေ့ရှိတယ်။ အတန်းပိုင်ဆရာမရဲ့ မှတ်ချက်စကားကြောင့် ဖခင်ဖြစ်သူ စိတ်ထိခိုက်ခဲ့ရတယ်။ ကလေးဟာ ကျောင်းစာနဲ့ သူငယ်ချင်းမိတ်ဆွေတွေကို စိတ်၀င်စားမှု မရှိကြောင်း ဆရာမက မှတ်ချက်ပေးခဲ့တယ်။
အိုင်းစတိုင်းဟာ သူရဲ့ အိပ်မက်တွေထဲမှာ ထာဝရပျောက်ကွယ်သွားခဲ့တယ်။ လူကြီးတွေရဲ့ စိုးရိမ်ပူပန်မှုကို သူ သတိမပြုမိခဲ့ဘူး။ ကမ္ဘာကြီးကို အံ့ဖွယ်နေရာတစ်ခုအဖြစ် ဝမ်းမြောက်စွာ သတ်မှတ်ခဲ့တယ်။ ဥယျာဉ်ထဲမှာ ကစားရတာ၊ လမ်းမပေါ်မှာ လမ်းလျှောက်ထွက်ရင်း သီချင်းအော်ဆိုရတာ၊ စတဲ့ အပျော်လွန်ရတာကိုလည်း နှစ်သက်ခဲ့တယ်။
အိုင်းစတိုင်း ကျောင်းကထွက်တော့ ဖခင်ဖြစ်သူက သူ့ကို လျှပ်စစ်အင်ဂျင်နီယာ ပညာရပ်ကို လေ့လာဖို့ ပြောတယ်။ ဒါပေမယ့် သူက လျှပ်စစ် အင်ဂျင်နီယာတစ်ယောက် ဖြစ်ရတာကို သဘောမကျခဲ့ဘူး။ အဲဒီအစား သင်္ချာနဲ့ ရူပဗေဒဘာသာရပ်ဆရာတစ်ယောက် ဖြစ်လာဖို့ ပြင်ဆင်တဲ့အနေနဲ့ Zurich Polytechnic Academy ကျောင်းကို တက်ရောက်ခဲ့တယ်။ အဲဒီနောက် ကျောင်းပြီးလို့ ဆရာဖြစ်လက်မှတ် ရရှိခဲ့တယ်။ ဒါပေမယ့် အလုပ်မရခဲ့ဘူး။
နောက်ဆုံးမှာ အိုင်းစတိုင်းဟာ စာရေးအလုပ်တစ်ခု ရရှိခဲ့တယ်။ အားလပ်ချိန်တွေမှာ ခက်ခဲနက်နဲ့တဲ့ သင်္ချာဖော်မြူလာတွေကို သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ ရေးထည့်ခဲ့တယ်။ အဲဒီထဲက အချို့ဟာ နောက်ပိုင်း ကြီးမားတဲ့ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုတွေ ဖြစ်လာခဲ့တယ်။
အဲဒါတွေကို စာအုပ်ထုတ်ဝေချိန်မှာတော့ သာမန် စာရေးတစ်ယောက်ဖြစ်တဲ့ အိုင်းစတိုင်းဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာခဲ့တယ်။ နေ့စဉ်လမ်းလျှောက်ထွက်တဲ့ အခါတိုင်း သူ့အနားမှာ ဓာတ်ပုံဆရာတွေ၊ သတင်းထောက်တွေ၊ သူနဲ့ ဓာတ်ပုံတွဲရိုက်သူတွေနဲ့ စည်ကားနေခဲ့တယ်။ အိုင်းစတိုင်းက မာနမထောင်လွှားပဲ သူတို့အားလုံးကို ပြုံးပြပြီး သူ့အလုပ်ကို ပုံမှန်အတိုင်း ဆက်ပြီးလုပ်ဆောင်နေခဲ့တယ်။
၁၉၂၁ ခုနှစ်မှာ အိုင်းစတိုင်းဟာ အထူးသဖြင့် photoelectric effect ရဲ့ နိယာမသဘောတရားကို ရှာဖွေတွေ့ရှိခဲ့ခြင်းအတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရတယ်။ အဲဒီနောက် ရူပဗေဒဘာသာရပ်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့ (စကြာဝဋာအနန္တမှာ ရွေ့လျားမှုအားလုံးဟာ နှိုင်းယှဉ်ချက်အရသာ ဖြစ်ကြောင်းနဲ့ အချိန်ကို စတုတ္ထအတိုင်းအတာ ပမာဏအဖြစ် ယူဆသော အနုမာနအယူအဆ) နှိုင်းယှဉ်ခြင်းသီအိုရီကို ဖော်ထုတ်ခဲ့တယ်။ ဒါ့ကြောင့် သူ့ကို ခေတ်သစ် ရူပဗေဒပညာရပ်ရဲ့ ဖခင်ကြီးအဖြစ် သတ်မှတ်ခဲ့တယ်။ လူ့သမိုင်းတစ်လျှောက် အကျော်ကြားဆုံးသော ပညာရှင်တွေထဲက တစ်ဦးအပါအဝင် ဖြစ်ခဲ့တယ်။
တစ်ချိန်က ဘယ်လ်ဂျီယံ ဘုရင်မက အိုင်းစတိုင်းကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တယ်။ ဘယ်လ်ဂျီယံရောက်တော့ လက်တစ်ဖက်မှာ လက်ဆွဲသေတ္တာတစ်လုံးနဲ့ အခြားတစ်ဖက်မှာက တယောတစ်လုံးကိုင်ပြီး ရထားပေါ်က ဆင်းလာခဲ့တယ်။ ဒီနောက် နန်းတော်ကို ခြေကျင်လျှောက်သွားခဲ့တယ်။ ဘူတာရုံမှာ ကြိုဆိုဧည့်ခံရေးအဖွဲ့က သူ့ကိုစောင့်နေတာကို သူ မသိခဲ့ဘူး။
ဘုရင်မကြီးရဲ့ အရာရှိတွေက သူ့ကို ပတ်ပတ်လည် ရှာဖွေကြတယ်။ မတွေ့တဲ့နောက်ဆုံး အိုင်းစတိုင်းဟာ စိတ်ပြောင်းသွားပြီး မလာတော့တဲ့အကြောင်း ဘုရင်မကို အသိပေးဖို့ နန်းတော်ကို ပြန်လာခဲ့ကြတယ်။ လမ်းမပေါ်မှာ မီးခိုးရောင်ဖျော့ဖျော့ ဆံပင်နဲ့ ပေစုတ်စုတ် လူတစ်ယောက်ကို သူတို့ တွေ့ခဲ့တယ်။
နန်တော်ရောက်တော့ ဘုရင်မက “ကားလွှတ်ပေးလိုက်တယ်... ဘာဖြစ်လို့ ကားနဲ့မလာတာလဲ...?" လို့ မေးတော့ အိုင်စတိုင်းက ပြုံးလိုက်ပြီး "လမ်းလျှောက်ရတာ အလွန်သာယာတာပဲ...” လို့ ဖြေလိုက်တယ်။ အိုင်းစတိုင်းဟာ ဂုဏ်ပကာသနတွေ၊ ချမ်းသာကြွယ်ဝမှုတွေကို မုန်းတီးခဲ့တယ်။ သူ့မှာ ပိုင်ဆိုင်မှုဆိုလို့ ဘာမှမရှိ။ သူကပြောတယ် ငြိမ်းချမ်းရေးဟာ ကမ္ဘာကြီးအတွက် လိုအပ်နေတဲ့ အရာဖြစ်ပြီး ငွေနဲ့ဝယ်ယူလို့ မရနိုင်ပါဘူး...တဲ့။ ကံမကောင်းစွာပဲ အခုလို ငြိမ်းချမ်းရေး ချစ်တဲ့သူက သူ့ဘဝတစ်လျှောက် ကမ္ဘာစစ်နှစ်ခုကို ကြုံတွေ့ခဲ့ရတယ်။
ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်မှာ ဂျာမန်အစိုးရက အိုင်းစတိုင်းလို ပညာတတ်တွေဆီကနေ အကူအညီတွေရဖို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အိုင်းစတိုင်းကတော့ သူတို့ကို ကူညီပေးဖို့ ငြင်းဆန်ခဲ့တယ်။ သူရဲ့ ငြိမ်ချမ်းရေးကို မြတ်နိုးတဲ့စိတ်က ကြောက်စိတ်ကို ကင်းဝေးစေခဲ့သည်။
ဂျာမန်တွေက သူတို့ကို မနာခံတဲ့အတွက် အိုင်စတိုင်းကို ဘယ်တော့မှ ခွင့်မလွှတ်ခဲ့ဘူး။ လူငယ်ဘဝကပင် အိုင်းစတိုင်းဟာ ဂျာမန်နိုင်ငံသားအစား ဆွစ်နိုင်ငံသားဖြစ်ကို ရွေးချယ်ခဲ့တယ်။ ဒါ့ကြောင့် သူဟာ ဂျာမန်နိုင်ငံသားအဖြစ်နဲ့ရော ဆွတ်နိုင်ငံသားအဖြစ်နဲ့ပါ တိုက်ခိုက်ခံခဲ့ရတယ်။
ဒုတိယကမ္ဘာစစ်အပြီး အိုင်စတိုင်းဟာ အရှေ့ဘက်ကို ခရီးထွက်ခဲ့တယ်။ အိန္ဒိယမှာ ရှိနေစဉ်ကာလတစ်လျှောက် လန်ချားတွေကို သူဘယ်တော့မှ မစီးခဲ့ဘူး။ လူသားတွေကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသူတစ်ယောက်က ဒီလို လူနဲ့ဆွဲတဲ့ လန်ချားတွေကို ဘယ်လိုစီးရက်ပါ့မလဲ...? သူက ကလေးတွေကို ချစ်တတ်ပြီး သူတို့ပြောသမျှတွေကို ပျော်ရွှင်စွာနဲ့ နားထောင်ပေးခဲ့တယ်။ "ကမ္ဘာကြီးရဲ့ မျှော်လင့်ချက်တွေက ဒီကလေးတွေမှာ ရှိနေတယ်..." လို့ သူက ဆိုတယ်။
အိုင်းစတိုင်းဟာ သူ့ရဲ့ နောက်ဆုံးနှစ်တွေကို အမေရိကန်ပြည်ထောင်စုရှိ အိမ်ငယ်လေးတစ်လုံးမှာ သူရဲ့စာအုပ်တွေ၊ အိပ်မက်တွေနဲ့ တိတ်ဆိတ် ငြိမ်းချမ်းစွာ နေထိုင်ခဲ့တယ်။ အနုမြူဗုံးတွေ သုံးစွဲခဲ့မှုကြောင့် သူ စိတ်မကောင်း ဖြစ်ခဲ့တယ်။
အိုင်းစတိုင်းဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်။ သူဟာ စကြဝဋာကြီးကို သိပ္ပံပညာရှင်တစ်ဦးရဲ့ မျက်စိနဲ့ ကြည့်ရှုခဲ့တဲ့ လူတစ်ယောက်ရဲ့ အမှတ်တရတွေကို ချန်ထားရစ်ခဲ့တယ်......။