ပြောင်းဖူး...

တစ်ချိန်က အရည်အသွေးမြင့် ပြောင်းတွေစိုက်ပျိုးတဲ့ လယ်သမားကြီးတစ်ဦး ရှိတယ်။ သူဟာ ပြည်နယ်ထဲရှိ လယ်ယာထွက်ကုန် ပစ္စည်းတွေ ပြသရောင်းချတဲ့ပွဲမှာ ဝင်ရောက်ပါဝင်ပြီး သူ့ရဲ့ အရည်အသွေးမြင့် ပြောင်းဖူးတွေကြောင့် နှစ်စဉ် ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးရရှိတယ်။

အဆိုပါ အရည်အသွေးမြင့် ပြောင်းတွေနဲ့ပတ်သက်ပြီး ပြည်နယ်တစ်ဝှမ်းရှိ လယ်သမားအားလုံးကလည်း သူ့ကို ချီးကျူးကြတယ်။ ဒီအောင်မြင်မှုသတင်းဟာ သတင်းထောက်တစ်ဦးရဲ့ နားထဲကို ရောက်သွားပြီး လယ်သမားကြီးကို လာရောက် မေးမြန်းခဲ့တယ်။ သတင်းထောက်က လယ်သမားကြီးရဲ့ စိုက်ပျိုးရေး နည်းစနစ်တွေကို လေ့လာနေချိန် သူ့ရဲ့ အရည်အသွေးမြင့် ပြောင်းမျိုးစေ့တွေကို အနီးအနားရှိ လယ်သမားတွေကိုလည်း ဝေမျှစိုက်ပျိုးစေခဲ့ကြောင်း တွေ့ရှိခဲ့တယ်။

သတင်းထောက်က...

“လယ်သမားတစ်ချို့က ခင်ဗျားပေးတဲ့ ပြောင်းဖူးမျိုးစေ့တွေကို စိုက်ပျိုးပြီး လယ်ယာထွက်ကုန် ပစ္စည်းတွေ ပြသရောင်းချတဲ့ပွဲမှာ ခင်ဗျားနဲ့ ပြန်ပြီးယှဉ်ပြိုင်ကြတယ်... အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ...?” လို့ မေးလိုက်တယ်။

လယ်သမားကြီးက...

"ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် သူတို့ကို ကူညီရမယ်... ခင်ဗျားလည်း သိမှာပေါ့... လေတိုက်ရင် ရင့်မှည့်နေတဲ့ ပြောင်း၀တ်မှုန်တွေက စိုက်ခင်းတစ်ခုကနေ အခြားစိုက်ခင်းတစ်ခုကို လေနဲ့အတူပါသွားပြီး ပျံ့နှံ့ကုန်တယ်။ တကယ်လို့ ကျုပ်ရဲ့ လယ်နားနီးချင်းတွေက အရည်အသွေးညံ့တဲ့ ပြောင်းတွေကို စိုက်ပျိုးထားမယ်ဆိုရင် အဲဒီက ဝတ်မှုန်တွေက ကျုပ်စိုက်ခင်းဘက်ကို ကူးလာပြီး နောက်ဆုံးမှာ ကျုပ်ရဲ့ ပြောင်းတွေလည်း အရည်အသွေး ထိခိုက်လာမယ်။ အဲဒီတော့ ကျုပ်က အရည်အသွေးမြင့် ပြောင်းကို စိုက်ပျိုးမှာဆိုတော့ ကျုပ်ရဲ့ လယ်နားနီးချင်းတွေကိုလည်း ပြောင်းမျိုးကောင်းတွေ စိုက်ပျိုးနိုင်အောင် ကူညီရမယ်...”

သတင်းထောက်လည်း လယ်သမားကြီးရဲ့ ချိတ်ဆက်ဆောင်ရွက်မှု အရေးပါပုံကို သဘောပေါက်သွားတယ်။

(ဘဝမှာလည်း ထိုနည်း၎င်းပါပဲ။ မိမိက ငြိမ်းချမ်းစွာနေထိုင်ဖို့ ရွေးချယ်ထားပြီဆိုရင် မိမိရဲ့ ပတ်၀န်းကျင်ကိုလည်း ငြိမ်းချမ်းစွာ နေထိုင်စေဖို့ ကူညီရပါမည်။ မိမိက ချစ်ခြင်းမေတ္တာ လိုချင်ရင် သူတစ်ပါးကို ချစ်တတ်ဖို့ ဦးစွာ သင်ယူရပါမည်။ ဘဝရဲ့ တန်ဖိုးကို ၎င်းထိတွေ့နေတဲ့ ဘဝနေထိုင်မှုတွေနဲ့ တိုင်းတာတဲ့အတွက် မိမိက ကောင်းမွန်စွာ နေထိုင်ဖို့ ရွေးချယ်ထားတယ်ဆိုရင် အခြားသူတွေကိုလည်း ကောင်းမွန်စွာ နေထိုင်စေဖို့ ကူညီရပါမည်။ လူတစ်ဦးတစ်ယောက်ရဲ့ ကောင်းကျိုးက လူသားအားလုံးရဲ့ ကောင်းကျိုးနဲ့ ရောယှက်နေတဲ့အတွက် မိမိက ပျော်ရွှင်ဖို့ ရွေးချယ်ထားတယ်ဆိုရင် အခြားသူတွေရဲ့ ပျော်ရွှင်မှုကိုလည်း ကူညီပြီး ရှာဖွေပေးရပါမည်။)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...