"မေ့ပျောက်၍မရနိုင်သော နေ့ရက်များ.."
2020 သြဂုတ်လ ၁၅ သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ ခြွင်းချက်မရှိ လက်နက်ချခဲ့သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။
ထိုနေ့ရက်သည် အာရှတိုက်သားများအတွက် မည်သည့်အခါမျှ ပျောက်ကွယ်သွားခြင်း မရှိတော့သည့် အထူးနေ့ရက်ဖြစ်သည်။ ဂျပန်တို့ စတင်ခဲ့သော ကျူးကျော်စစ်သည် အာရှပြည်သူများကို မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများ ဖြစ်ပေါ်စေခဲ့သည်။ ထိုကျူးကျော်မှုကို ဆန့်ကျင်သော စစ်ပွဲအတွင်း တရုတ် တစ်နိုင်ငံထဲပင် လူပေါင်း ၃၅ သန်း သေကြေပျက်စီးခဲ့ပြီး စီးပွားရေးတွင် အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံ ဆုံးရှုံးခဲ့ရသည်။
သို့သော် စစ်ပြီး 75 နှစ် ပြည့်မြောက်နှင့်အတူ ကျူးကျော်စစ်ပွဲကို ကြုံတွေ့ခဲ့ရသည့် မျိုးဆက်သည် ဂျပန်နိုင်ငံတွင် လူနည်းစု ဖြစ်လာသည်။ ကျူးကျော်မှုသမိုင်းကြောင်းနှင့် ပတ်သက်သော အမှတ်တရများသည် တဖြည်းဖြည်း မှေးမှိန်လာပြီး ဂျပန်လူ့အဖွဲ့အစည်းအတွင်း စစ်ပွဲအပေါ် အလေးထား စဉ်းစားမှုတွေကလည်း နှစ်အတော်ကြာ ပြောင်းလဲလာခဲ့သည်။
ဤအချက်သည် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ပညာရှင်များက ပြောကြားခဲ့ပြီး ဂျပန်အနေဖြင့် ၎င်းတို့၏ ကျူးကျော်မှုသမိုင်းကို နက်နက်ရှိုင်းရှိုင်း အလေးထားပြီး ရင်ဆိုင်ဖို့ ရွေးချယ်နိုင်မှသာ အိမ်နီးချင်းအာရှနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို အမှန်တကယ် ရယူနိုင်မည်ဟု ထောက်ပြကြသည်။
နှစ်စဉ် သြဂုတ်လ ၆ ရက်နှင့် ၉ ရက်နေ့ရောက်တိုင်း ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားနှင့် နာဂစ်ဆာကီမြို့များသည် အနုမြူဗုံးပေါက်ကွဲမှု အထိမ်းအမှတ်အခမ်းအနားများ ကျင်းပကြသည်။ ယခုနှစ်တွင် COVID-19 ဖြစ်ပွားမှုကြောင့် တက်ရောက်သူ အရေအတွက် လျော့နည်းသွားခဲ့သည်။
ကျူးကျော်စစ်ပွဲ ဆင်နွှဲခဲ့သော ဂျပန်တို့ အလျင်အမြန် လက်နက်ချရန် ကြိုးပမ်းသည့်အနေဖြင့် အမေရိကန်သည် ၁၉၄၅ သြဂုတ်လ ၆ ရက်နှင့် ၉ ရက်နေ့တွင် ဟီရိုရှီးမားမြို့နှင့် နာဂါစကီမြို့များပေါ်သို့ အနုမြူဗုံးများ အသီးသီး ကြဲချခဲ့သည်။ ဂျပန်သည် မိမိကိုယ်ကို ဒုတိယကမ္ဘာစစ်၏ သားကောင်အဖြစ် ကာလရှည်ကြာစွာ ပုံဖော်ခဲ့သည်။ အထူးသဖြင့် အနုမြူဗုံးဒဏ် ခံရသည့် သားကောင်အဖြစ် ဖော်ပြခဲ့ပြီး အနုမြူဗုံး ကြဲချခံရခြင်း၏ သမိုင်းနောက်ခံအကြောင်းအရင်းကိုတော့ အနည်းငယ်သာ ဖော်ပြခဲ့သည်။
ဂျပန်၀န်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) က ယခုနှစ် အောက်မေ့ဖွယ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ...“ လွန်ခဲ့တဲ့ (၇၅) နှစ်က အနုမြူဗုံးဒဏ်ကြောင့် ဟီရိုရှီးမားနဲ့ နာဂါစကီမြို့ကြီးတွေ စီပျက်စီးခဲ့တယ်၊ အဲဒီအဖြစ်ဆိုးတွေနဲ့ သူတို့ကြောင့်ဖြစ်ရတဲ့ ဆင်းရဲဒုက္ခတွေ နောက်ထပ် မဖြစ်စေရဘူး.." ဟု ပြောကြားခဲ့သည်။ သို့သော် အာဘေးသည် အနုမြူဗုံးပေါက်ကွဲမှုများ၏ အကြောင်းအရင်းများနှင့် နောက်ခံသမိုင်းအကြောင်းကိုတော့ ထည့်သွင်းမပြောကြားခဲ့ပေ။
၂၀၁၂ ခုနှစ် ဝန်ကြီးချုပ်အာဘေး အာဏာရလာချိန်မှစပြီး သြဂုတ်လ ၁၅ ရက်နေ့ရောက်တိုင်း ကျင်းပသော ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ် အခမ်းအနားများတွင် ကျူးကျော်စစ်ပွဲအတွင်း ကျဆုံးသွားသော ဂျပန်စစ်သားများအတွက် ဝမ်းနည်းကြေကွဲ ကြောင်း အစဉ်အမြဲ ထည့်သွင်းပြောကြားခဲ့ပြီး ကိုလိုနီအုပ်ချုပ်မှုနှင့် ရက်စက်ကြမ်းကြုတ်သော ကျူးကျော်စစ်ကို စတင်ဆင်နွှဲခဲ့သည့် ဂျပန်အင်ပါယာအကြောင်းကို ထည့်သွင်းမပြောကြားခဲ့ပေ။
၀န်ကြီးချုပ်ဟောင်း တိုမီချီမူရာယာမာ (Tomiichi Murayama) အပါအဝင် ယခင်ဝန်ကြီးချုပ်ဟောင်းများက ဖော်ထုတ်ခဲ့သည့် စစ်အတွင်း ရက်စက်ယုတ်မာမှုများနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ တာ၀န်ရှိမှုအပေါ် အာဘေးသည် ထပ်ခါတလဲလဲ ရှောင်ရှားခဲ့ပြီး တောင်းပန်လိုသည့်ဆန္ဒ မပြခဲ့ပေ။
အတော်လေး အငြင်းပွားဖွယ်ရာ ဖြစ်နေသည်မှာ ယခုနှစ်တွင် နိုင်ငံ၏ ညာလက်ရုံးအုပ်စုဖြစ်သည့် ဂျပန်ညီလာခံသည် IKUHOSHA Publishing Inc. မှ ထုတ်ဝေသည့် သမိုင်းဖတ်စာအုပ်များကို သဘောတူလက်ခံရန် တိုက်တွန်းပြီး ဒေသပညာရေးကော်မတီများအပေါ် သြဇာလွှမ်းမိုးရန် နိုင်ငံရေးနည်းနာများကို အသုံးပြုခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး ဂျပန်စစ်ရာဇ၀တ်မှုကျူးလွန်သူများကို အရှေ့ဖျားဒေသရှိ အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးတွင် စစ်ဆေးခဲ့သည့် အထောက်အထားများ ရှိခဲ့သော်လည်း ထိုပြဌာန်းစာအုပ်များတွင် ဂျပန်က စတင်ခဲ့သော ကျူးကျော်စစ်ကို “မိမိကိုယ်ကို ကာကွယ်သည့်စစ်ပွဲ”နှင့် “အာရှ အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ” အဖြစ် အလှဆင်ပုံဖော်ခဲ့သည်။ ထိုမျှမက "နန်ကျင်း (Nanjing) အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု" ကိုလည်း "နန်ကျင်းအဖြစ်အပျက်" ဟု ခေါ်ဝေါ်ခဲ့သည်။
ဂျပန်နိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာနများ၏ ကိန်းဂဏန်းများအရ ၂၀၂၀ ခုနှစ်တွင် IKUHOSHA က ထုတ်ဝေသည့် သမိုင်းဖတ်စာအုပ်များကို သဘောတူလက်ခံသည့် အရေအတွက်သည် တစ်မျိုးသားလုံး အတိုင်းအတာအရ ၆.၄ ရာခိုင်နှုန်းသာ ရှိသည်။ နာဂိုယာ(Nagoya)၊ ယိုကိုဟားမား(Yokohama)၊ ကျိုတို(Kyoto)၊ အိုဆာကာ(Osaka) နှင့် အခြားမြို့များမှ ပြည်သူများသည် ဂျပန်၏ ကျူးကျော်မှုသမိုင်းကို မမှန်မကန် ရေးသားထားသည့် ဖတ်စာအုပ်များ အသုံးပြုခြင်းကို ဆန့်ကျင်သည့်အနေဖြင့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
ဝန်ကြီးချုပ် အာဘေး အာဏာရပြီး နှစ်များတစ်လျှောက် ၎င်းအစိုးရအဖွဲ့သည် ဂျပန်နှင့်အမေရိကန်ပြည်ထောင်စုအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ လုံခြုံရေးဥပဒေများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဥပဒေများ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့ဖြင့် စစ်ပြီးကာလ နိုင်ငံတစ်ကာ အမိန့်ညွှန်ကြားချက်များကို စိန်ခေါ်နေသည့် လှုပ်ရှားမှုများစွာကို ပြုလုပ်ခဲ့သည်။
အာဘေးအစိုးရသည် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် လုံခြုံရေးဆိုင်ရာ ဥပဒေအသစ်ကို ပြဌာန်းခဲ့သည်။ ထိုဥပဒေသစ်တွင် အများနှင့်စုပေါင်းပြီး မိမိကိုယ်ကိုကာကွယ်မည့် အခွင့်အရေးကို လမ်းဖွင့်ခဲ့ပြီး၊ ဂျပန်၏ စစ်ပြီးကာလမူဝါဒကို ကာကွယ်ရေးဦးစားပေး မဟာဗျူဟာအဖြစ် အခြေခံကျကျ ပြောင်းလဲခဲ့သည်။ ထို့အတွက်ကြောင့် ဂျပန်၊ အာရှနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများ၌ပင် စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုနှစ်ထဲ၌ပင် အမေရိကန်-ဂျပန်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ချက် ဗားရှင်းအသစ်တစ်ခုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းလမ်းညွှန်ချက်ထဲတွင် "ပင်လယ်ဖြတ်ကျော် စစ်ဆင်ရေးများနှင့် အမေရိကန်ရေယာဉ်များ ကာကွယ်ရေး" ကို ရေကြောင်းလုံခြုံရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြထားသည်။
မကြာသေးမီနှစ်များအတွင်း ဂျပန်သည် ၎င်းတို့၏ ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏ စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို ခေတ်မီအောင် ပြုလုပ်ခဲ့သည်။ 2019 ထုတ် ကာကွယ်ရေးဆိုင်ရာ စာတမ်းတွင် ဂျပန်ကာကွယ်ရေးတပ်သည် ရှုထောင့်ပေါင်းစုံနှင့်ပြည့်စုံသော ကာကွယ်ရေးစွမ်းရည်ကို တည်ဆောက်ရန် ၎င်းတို့၏ စစ်ရေး၊ အာကာသဆိုင်ရာ သိပ္ပံနှင့် နည်းပညာ စွမ်းရည်များ၊ ဆိုက်ဘာလုံခြုံရေးနှင့် အခြားနယ်ပယ်များကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု အလေးထား ဖော်ပြခဲ့သည်။
၂၀၂၀ ပြည့်နှစ် မေလတွင် ဂျပန်နိုင်ငံ၏ ပထမဆုံး အာကာသထိန်းချုပ်ရေးတပ်ဖွဲ့ကို တိုကျိုစီရင်စုရှိ ၎င်းတို့၏ အခြေစိုက်စခန်းတွင် ထူထောင်ခဲ့သည်။
ဂျပန်နိုင်ငံ၏ Ryukyus တက္ကသိုလ်မှဂုဏ်ထူးဆောင်ပါမောက္ခ နိုဘူယိုရှီ တာကာရှီမား (Nobuyoshi Takashima)က ဂျပန်နိုင်ငံ၏ စီးပွားရေးနှင့် စစ်ရေးရည်မှန်းချက်များကို တိုးမြှင့်လိုက်ခြင်းသည် အိမ်နီးချင်း အာရှနိုင်ငံများအတွက် သတိပြုစရာ ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
ref;Historical memories should not fade, 75 years since end of WWIl, The Nation