မျက်ရည် ကျပြတာကိုတွေ့မှ ဆုပေးတဲ့ ပညာရေးလောက

www.telegraph.co.uk
Written by အငြိမ်းစား ကျောင်းဆရာ တစ်ဦး

ဆရာကြီး ဦးအောင်သင်း ကွယ်လွန် သွားပြီးဆိုတဲ့ သတင်းကို ကြားလိုက်ရတော့ စိတ် မကောင်း ဖြစ်မိတယ်။ ဆရာ့စာတွေကို ကျောင်း သား ဘဝကတည်းက စိတ်ဝင် စားပါတယ်။ စာပေလောကမှာ ပြောင်မြောက်တဲ့ ဝေဖန်ရေး ဆရာတစ်ဦး ဖြစ်လို့လည်း ဆရာ့လို သိချင်၊ ရေး ချင်စိတ်တွေ ဖြစ်ခဲ့မိတယ်။

ကျွန်တော် ကျောင်းဆရာဖြစ်တော့ မဂ္ဂဇင်းတစ်စောင်မှာ "ကန့်ကူလက်လှည့်" ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ် ဖတ်လိုက်ရ တယ်။ အဲဒီဆောင်းပါးကို ဆရာဦးအောင်သင်း ရေးတာ။ ဖတ်မိပြီး ကြိုက်လွန်းလို့ မိတ္တူတွေ ကူးပြီး မိတ်ဆွေ ကျောင်းဆရာ တွေကို လိုက်ဝေပေးမိတယ်။ ကန့်ကူလက်လှည့် ဆောင်းပါး ထဲကက ဆရာ့သူငယ်ချင်း ဆရာကိုဉာဏ်စိန်ရဲ့ စာသင်ပုံသင် နည်းကို အရမ်းအားကျခဲ့ရတယ်။ ဆရာ အတတ်သင်တန်း သွားတက်တော့လည်း ဆရာကိုဉာဏ်စိန်ရဲ့ ဆီးသီး method နဲ့ ဝလုံးသင်ပုံကို ပြော မိပေမယ့် တစ်ယောက်မှ မဖတ်ဖူးကြဘူးဆိုလို့ ကိုယ့်ဆီမှာရှိတဲ့ စာတွေကိုမိတ္တူကူးပြီး ပြန်မျှဝေခဲ့ရတယ်။

ဆရာ ကိုဉာဏ်စိန် ဇီးသီး method ကို ဘယ်လို တတ်ခဲ့တယ်တော့ မပြောတတ်ပါဘူး။ ဆရာ ဦးအောင်သင်းလို သူငယ်ချင်းက ဖော်ထုတ်ပေးခြင်း မရှိဘူးဆိုရင်လည်း ကိုဉာဏ်စိန်အကြောင်းကို ဒီလောက်သိလာစရာ အကြောင်းမရှိဘူး။ ကိုဉာဏ်စိန်ထက် သင်ကြားမှု တီထွင်အားကောင်းတဲ့ ဆရာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဆရာဦးအောင်သင်းလို ပြောပေးမယ့်သူမရှိ တာကြောင့် လူမသိကြဘူး။

တစ်လောက Facebook ပေါ်မှာ ချောင်းဦးမြို့နယ်၊ ဆူးလေကုန်းကျေးရွာက ဆရာဦးသန်းလှိုင်ရဲ့ ငိုနေတဲ့ ပုံတွေတက်လာ တယ်။ Facebook ကောင်းမှုနဲ့ ဆရာဦးသန်းလှိုင်အကြောင်း လူသိများပြီး "လူမှုထူးချွန် ဆရာဆု" ရသွားတယ်ဆိုတာ သိလိုက်ရလို့ မုဒိတာပွားမိပါတယ်။

Facebook ပေါ်မှာ ချက်ချင်းသိပြီး၊ ချက်ချင်း ဆုပေးလိုက်ရတဲ့ ပညာရေးဌာနက လုပ်ဆောင်ချက်ကိုတော့ သိပ်ပြီး ဘဝင် မကျမိဘူး။ ကျောင်းဆရာလောကမှာ ဦးသန်းလှိုင်ထက် ဘဝနာပြီး ရင်းလိုက်ရတဲ့ သူတွေ အများကြီးရှိပါတယ်။ ဦးသန်းလှိုင်က မျက်ရည်လောက်ပဲ ရင်းရတယ်။ အသက်နဲ့ ရင်းသွားရတဲ့ ကျောင်း ဆရာတွေ အများကြီးရှိတယ်။ ကျွန်တော် ရိုးမတောထဲ ကျောင်းဆရာ သွားလုပ်တော့ ငှက်ဖျားဖြစ်ပြီး တော ထဲမှာ ဖြစ်သလို မြှုပ်ခဲ့ရတဲ့ ကျောင်းဆရာ၊ ဆရာမတွေ အများကြီးရှိခဲ့တယ်။ ဒီလိုပဲ တစ်နိုင်ငံလုံးမှာ ထူးချွန်ဆုပေးထိုက်တဲ့ ဆရာပေါင်းများစွာ ရှိနေမှာ သေချာတယ်။

ဒါပေမဲ့ ပညာရေးဌာနမှာက ကျောင်းဆရာလောကကို စိတ်ဝင်စားစွာနဲ့ ကိုယ်ချင်းစာပြီး ကူညီ ကယ်မနေ သူတွေက အရှားသား။ စေတနာ၊ ဝါသနာ၊ အနစ်နာတွေခံပြီး ရိုးကုတ်စွာ လုပ်နေတဲ့ သူတွေလည်း အများသား။ သူတို့ကို သွားလေ့လာကြည့် ဘယ်သူမှ လူမှုထူးချွန်ဆု ဆိုတာကြီးကို ရစေလိုတာကြောင့် လုပ်နေကြတာ မဟုတ်ဘူး။

ကျွန်တော် ရိုးမတောထဲမှာ ကျောင်းဆရာ လုပ်နေတော့ ကျွန်တော့်ရွာနဲ့ လမ်းလျှောက်ရင် သုံးနာရီလောက်ဝေးတဲ့ ရွာကို ဆရာမလေး တစ်ယောက် မူလတန်းကျောင်းအုပ် အဖြစ်ရောက်လာတယ်။ ကလေးငယ်ငယ်လေးကို ခွဲထားလို့ မရတာကြောင့် တစ်ပါတည်း ခေါ်လာတယ်။ သူ့မိခင်ကြီး ကလည်း မြေးကို စိတ်မချလို့ လိုက်လာတယ်။ တစ်လအကြာမှာ ငှက်ဖျားမိပြီး မိခင်ဆုံးတယ်။ နောက် သုံးလအကြာမှာ အအေးဒဏ်ကြောင့် ကလေးဆုံးတယ်။ ကျွန်မလည်း ဒီမှာပဲ အသေခံတော့မယ်ဆိုပြီး ကျွန်တော် အငြိမ်းစားယူတဲ့ အထိ မပြောင်းသေးပဲ ပေတေပြီးတောထဲမှာ နေသွားခဲ့တဲ့ ဆရာမလေးကို ကျွန်တော်က ဆရာဦးအောင်သင်းလို မဖော်ထုတ်ပေးနိုင်ခဲ့ဘူး။ ကျွန်တော်ဖော်ထုတ်မယ်ဆိုရင်လည်း အဲဒီဆရာမလေးက ကြိုက်မှာ မဟုတ်ဘူး။ သူပြောတဲ့ စကား တစ်ခွန်းကို ခုထိ မှတ်မိနေသေးတယ်။

"အစကတော့ ဝါသနာပါလို့ ကျောင်းဆရာ ဝင်လုပ်တာ မဟုတ်ဘူး။ ကျောင်းဆရာလုပ်ပြီး ဒီနယ်ကိုရောက် လာတယ်။ အမေနဲ့ သမီးလေး ဆုံးသွားတယ်။ ဒီတော့ ဖြစ်ချင်ရာဖြစ်စမ်းဆိုပြီးတော့ ပေပေတေတေ အပြောင်းအရွှေ့မတင်ဘဲ နေလိုက်တယ်။ ဒီတော့မှ ဒီရွာအကြောင်းကို သိလာတယ်။ ဒီမှာ ငှက်ဖျားနဲ့သေ တယ်ဆိုတာ အဆန်းမှ မဟုတ်တာ။ ကျွန်မလည်း စိတ်ဓာတ် ကျပြီး ငါလည်းသေချင်သေပါစေ ဆိုပြီး နေခဲ့ ရာက ရွာကိုရော ကလေးတွေကိုပါ သံယောဇဉ် ဖြစ်သွားတယ်။ ကိုယ့် သမီးလေး သေတဲ့နေရာကနေ မခွဲချင်တာလည်းပါတာပေါ့" လို့ သူကပြောတယ်။

ကျွန်တော်တစ်ခါက ဆရာကိုသာဒင်အကြောင်းရေးဖူးတယ်။ သူလည်း ရိုးမတောကြီးထဲမှာ ကျောင်း တစ်ကျောင်းဖြစ်မြောက် အောင် ကိုယ်တိုင်တောထဲကို သစ်ဝါး ဝင်ခုတ်ပြီး ကြိုးပမ်းရာက ငှက်ဖျားဖြစ်ပြီး သေသွားခဲ့ရတယ်။ သူသေတော့ တစ်ကျောင်းလုံးငို၊ တစ်ရွာလုံးငိုကြတာပဲ။ ဒါပေမဲ့ တောထဲတောင်ထဲက လူတွေ အင်တာနက်တွေ Facebook တွေ မသိပါဘူး။ ဓာတ်ပုံရိုက်ဖို့ ကင်မရာတောင် ရှိကြတာ မဟုတ်ဘူး။

အဲဒီလို ဆရာတွေ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ အများကြီး။ ဒါတွေကို ဖော်ထုတ်ပေးဖို့ဆိုတာ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးတွေ၊ ကျောင်းအုပ်တွေမှာ တာဝန်ရှိတယ်။ မှတ်တမ်းနဲ့ ပြုစုပြီးတော့ သဘောထားကြီးစွာ ထောက်ခံတင်ပြဖို့ လည်း လိုတာပေါ့။ အောက်ခြေကနေ စစ်ဆေးတာတွေကို ပုံမှန်လုပ်၊ လက်ထောက်မြို့နယ် ပညာရေးမှူးတွေ၊ မြို့နယ် ပညာရေးမှူးတွေ၊ ခရိုင်ပညာရေးမှူးတွေ၊ လက်ထောက်တိုင်း စစ်ဆေးရေးတွေ၊ တိုင်းပညာရေးမှူးတွေ အလုပ်တွေ အများကြီး လုပ်ဖို့လိုတယ်။ ဂုဏ်ပြုသင့်တဲ့သူတွေကို ဂုဏ်ပြုချင်တဲ့စိတ်၊ ချီးမြှင့်ထိုက်သူတွေကို ချီးမြှင့်ချင်တဲ့စိတ်တွေလည်း အများကြီး ရှိဖို့လိုတယ်။

ကျောင်းစစ်ဆေးရေးသွားတဲ့ တာဝန်ရှိသူတွေက ပေးတာယူ ကျွေးတာစားပြီး ခေါင်းလေးငြိမ့် ပြန်လာ၊ ကိုယ့်တာဝန်ကို ကိုယ် မလေးစားဖူးဆိုရင်တော့ နောက်နှစ်လည်း Facebook ပေါ်ကနေ ငိုပြ တာလေးတွေကို ကြည့်ပြီး ပညာရေးဝန်ကြီးဌာနက ဆုပေးဦးမယ်ထင်ပါတယ်။ ပညာရေးဌာနက တာဝန်ကျေ ဝတ္တရားကျေ လုပ်နေတဲ့ သူတွေနဲ့ဆိုရင်တော့ ကျွန်တော်ထင်ပါတယ် နောက်နှစ်တွေမှာလည်း ရာသီချိန်ကိုက်ပြီးတော့ လော့ဘီလုပ်သူတွေ၊ ငိုပြသူတွေ ဆိုရှယ်ကွန်ရက်ပေါ်မှာ ဒီ့ထက် ပေါလာ နိုင်စရာ အကြောင်းရှိပါတယ်။

မောက္ခပညာရေး မဂ္ဂဇင်း
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...