နည်းပညာလောကမှ သမိုင်းတွင်ခဲ့သည့် ဟောကိန်း အလွဲများ

နည်းပညာ ကဏ္ဍသည် ခေတ်အဆက်ဆက် လျင်မြန်စွာ တိုးတက် လာခဲ့သည်။ ထိုအတောအတွင်း နည်းပညာ နယ်ပယ်မှ နာမည်ကျော် ပုဂ္ဂိုလ်အချို့တို့သည် အနာဂတ်တွင် ဖြစ်တည်လာမည့် အခြေအနေ အချို့ကို ခန့်မှန်းဟောကိန်း ထုတ်ခဲ့ပြီး လွဲချော်မှု များလည်း ရှိခဲ့သည်။ ယင်းတို့အနက် အလွဲတကာ့ အလွဲဆုံး ဖြစ်ခဲ့သည့် ကမ္ဘာကျော် နည်းပညာ ဟောကိန်းအချို့ကို စုစည်းဖော်ပြအပ် ပါသည်။

ကျွန်တော် ထင်တာတော့ ကမ္ဘာ့ဈေးကွက်ကြီး တစ်ခုလုံးက ကွန်ပျူတာ (၅)လုံးစာ အတွက်လောက်ပဲ ဖြစ်လာလိမ့်မယ်။
- IBM ဥက္ကဋ္ဌ သောမတ်စ်ဝပ်ဆန်၏ (၁၉၄၃)ခုနှစ်က မှတ်ချက်စကား
တစ်ကိုယ်ရည်သုံး ကွန်ပျူတာများ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်လာမည်ကို ကြိုတင်တွေးဆမိဟန် မရှိဘဲ ဝပ်ဆန် ပြောဆိုခဲ့သော စကားဖြစ်သည်။ ၎င်း၏ဟောကိန်း တက်တက်စင် လွဲခဲ့ခြင်းက ၎င်း၏ ကုမ္ပဏီဖြစ်သော IBM အတွက် ဧရာမ အကျိုးကျေးဇူး ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်းက IBM အနေဖြင့် ကွန်ပျူတာ Software နှင့် Hardware များ ရောင်းချမှုမှ ဒေါ်လာ (၁၀၀) ဘီလီယံမျှ အကျိုးအမြတ် ရရှိခဲ့သည်။
ကျွန်တော် မှန်းလိုက်မယ်။ အင်တာနက်ဟာ မကြာခင် အံ့ဩစရာ ကောင်းလောက်အောင် ကျယ်ပြန့် လာလိမ့်မယ်။ ပြီးတော့ (၁၉၉၆)ခုနှစ် ကျရင် ဆိုးဆိုးရွားရွား ပြိုလဲ သွားလိမ့်မယ်။
- 3Com ထူထောင်သူ ရောဘတ်မတ်ကယ်လ်ဖီ၏ (၁၉၉၅)ခုနှစ်က မှတ်ချက်စကား
မတ်ကယ်လ်ဖီက မိမိ၏ ခန့်မှန်းချက် မှားယွင်းခဲ့ပါက ကိုယ့်စကားလုံးကိုယ် စားသောက်ပြခြင်းဖြင့် တာဝန်ယူမည်ဟု ပြောဆိုခဲ့သေးသည်။ အမှန်တကယ်လည်း ကတိတည်သည့် အနေဖြင့် (၁၉၉၇)ခုနှစ်၊ နည်းပညာ ညီလာခံ တစ်ခုတွင် အစားအသောက် အရည်ဖျော်စက် တစ်လုံးထဲ၌ ၎င်း၏ ဟောကိန်းစကား ပါရှိသည့် သတင်းစာ ဖြတ်ပိုင်းကို ထည့်သွင်း အရည်ဖျော်ကာ မော့သောက်ပြခဲ့သည်။

အမေရိကန်တွေကတော့ တယ်လီဖုန်း လိုမှာပေါ့။ ကျွန်တော်တို့တော့ မလိုပါဘူး။ ကျွန်တော်တို့မှာ စာပို့သမား ကောင်လေးတွေ အများကြီး ရှိနေတာပဲ။
- ဗြိတိသျှ စာပို့ဌာန၏ အင်ဂျင်နီယာချုပ် ဆာဝီလျံပရိစ် ပြောဆိုခဲ့ဖူးသော စကား
ယခုအခါ တယ်လီဖုန်းများသည် ဗြိတိန်နိုင်ငံတွင်သာ မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အဓိက ဆက်သွယ်ရေး ကဏ္ဍတစ်ခု ဖြစ်လာပြီး စာပို့လုပ်ငန်း၏ တွင်ကျယ်မှုကို ဝါးမြိုလျက်ရှိသည်။

အခုအချိန်ကစပြီး (၂)နှစ်အကြာမှာ Spam ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။
- Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်၏ (၂၀၀၄)ခုနှစ်က ဟောကိန်း
လက်ရှိအချိန်ထိ ကမ္ဘာပေါ်တွင် Spam Mail များ သန်းနှင့်ချီ ပျံ့နှံ့နေဆဲ ဖြစ်သလို Spam များ ဖြန့်ဖြူးပေးပို့သူ အများအပြား ရှိနေဆဲ ဖြစ်သည်။
လူတိုင်းက Apple အနေနဲ့ မိုဘိုင်းဖုန်း ထုတ်မလားလို့ ကျွန်တော့်ကို လာလာမေးနေကြတယ်။ ကျွန်တော့် အဖြေကတော့ ဘယ်တော့မှ မဖြစ်နိုင်လောက်ဘူး ဆိုတာပဲ။
- New York Times သတင်းစာမှ ဒေးဗစ်ပေါ့ဂ်၏ (၂၀၀၆)ခုနှစ်က အဆို
နောက်ထပ်တစ်နှစ်အကြာ (၂၀၀၇)ခုနှစ်တွင် Apple သည် iPhone ကို စတင်မိတ်ဆက် ရောင်းချသည်။ ယခုအခါ iPhone သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး စမတ်ဖုန်း အမှတ်တံဆိပ်အဖြစ် ရပ်တည်လျက် ရှိသည်။

ပထမဆုံး (၆)လလောက် အပြီးမှာ ရုပ်မြင်သံကြားစက် (TV)တွေက ဈေးကွက်ကို ချုပ်ကိုင်ထားနိုင်မှာ မဟုတ်တော့ဘူး။ အထပ်သားပုံးလေး ရှေ့မှာ ညတိုင်းထိုင်နေရတဲ့ အလုပ်ကို မကြာခင် လူတွေ ငြီးငွေ့လာမှာပဲလေ။
- 20th Century Fox မှ ဒါရဲလ်ဇူနက်ခ် (၁၉၄၆)ခုနှစ်တွင် ပြောကြားခဲ့သည့် စကား
ယနေ့ခေတ်တွင် TV များသည် ကမ္ဘာပေါ်ရှိ နေအိမ်အများစုတွင် တွေ့ရသည့် ဖျော်ဖြေရေး ပစ္စည်းများ ဖြစ်လာခဲ့သည်။ ဇူနက်ခ်၏ ဟောကိန်း တစ်ချက်မှာမူ မှန်ကန်ခဲ့သည်။ လူအများသည် အထပ်သား သေတ္တာလေးများရှေ့တွင် ထိုင်မနေကြချေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် TV များ၏ ကိုယ်ထည်ကို အထပ်သားဖြင့် တည်ဆောက် မထားတော့၍ ဖြစ်သည်။

လက်တွေ့အားဖြင့်တော့ အာကာသထဲက ဆက်သွယ်ရေး ဂြိုဟ်တုတွေဟာ အမေရိကန် နိုင်ငံထဲမှာ တယ်လီဖုန်း၊ ကြေးနန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို ဆက်သွယ်မှုတွေ ပိုတိုးတက် ကောင်းမွန်လာအောင် အသုံးချနိုင်စရာ အခြေအနေ မရှိပါဘူး။
- FCC ကော်မရှင်နာ တီကရေဗန် (၁၉၆၁)ခုနှစ်က ပြောဆိုခဲ့သည့် ဟောကိန်း
ယနေ့ခေတ် အမေရိကန် ပြည်ထောင်စုတွင် ဂြိုဟ်တု အခြေပြု ဝန်ဆောင်မှုများဖြစ်သည့် Google Maps၊ Sat-Navs အစရှိသည်တို့သည် လွယ်ကူ အဆင်ပြေစွာ၊ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနေနိုင်ပြီ ဖြစ်သည်။

Apple ကုမ္ပဏီက သေဆုံးနှင့်ပြီးသားပါ။
- Microsoft ၏ နည်းပညာ အရာရှိချူပ်ဟောင်း နသန်မိုင်ဟာဗိုးလ်၏ မှတ်ချက်စကား
Apple ၏ ရပ်တည်မှု မရေမရာဖြင့် ယိမ်းယိုင်နေသော ကာလတွင် မိုင်ဟာဗိုးလ် ပြောဆိုခဲ့ခြင်းသည် လက်ခံနိုင်သော အခြေအနေတစ်ရပ်ဟု ဆိုရမည်သာ။ သို့သော်လည်း စတိဗ်ဂျော့ဘ်၏ ဒုတိယအကြိမ် ခြေချမှုနှင့်အတူ ခေါင်းထောင်လာသော Apple သည် အားကောင်းသည်ထက် ကောင်းလာပြီး ယနေ့ခေတ်တွင် အကြီးကျယ်ဆုံး နည်းပညာ လုပ်ငန်းစုကြီး တစ်ခု ဖြစ်လာခဲ့သည်။
Source: Telegraph
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+