အသက်ကြီး လာလေ အအိပ်အနေ နည်းလာလေ ဖြစ်ရခြင်း အကြောင်းရင်း
By ကိုထိုက်
အိပ်စက်ခြင်းသည် လူသားများ၏ မှတ်ဉာဏ်ကို စနစ်ကျအောင် ဖန်တီးပေး သလို၊ တစ်နေ့တာ လှုပ်ရှားမှု ကိုလည်း စည်းချက် ညီအောင် ကူညီပြီး၊ မှတ်ဉာဏ်လည်း ပိုကောင်းအောင် စွမ်းဆောင် ပေးသည်။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း သည် နောက်တစ်နေ့အတွက် အကောင်းဆုံး အားဆေး သောက်လိုက် သည်နှင့် တူသည်။ သို့ဖြစ်သည့်တိုင် လူသားများ အသက်ကြီး လာလေ ညည နှစ်ခြိုက်စွာ အိပ်ပျော်နှုန်းက နည်းလာလေ ဖြစ် သည်။
အရွယ်ရောက် ပြီးသူ အမေရိကန် နိုင်ငံသား (၃၀) ရာခိုင်နှုန်းသည် တစ်ညလျှင် နှစ်ခြိုက်စွာ အိပ်ပျော်ချိန် (၆) နာရီပင် မပြည့်ဟု သဘောထား စစ်တမ်း ဖြေကြားချက်များ အရ သိရသည်။ စစ်တမ်းကို ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ် အတွင်း ပြုလုပ်ထားခြင်း ဖြစ်ပြီး အမေရိကန်နိုင်ငံ ကျန်းမာရေး စစ်တမ်းတွင် ဖော်ပြ ထားခြင်း ဖြစ်သည်။ အရွယ် ရောက်ပြီး သူများ အနေဖြင့် တစ်ညကို (၇)နာရီ၊ (၈)နာရီခန့် အိပ်စက် သင့်ကြောင်း အမေရိကန် ကျန်းမာရေး သိပ္ပံက အကြံပြုထားသည်။
အများပြည်သူ ကျန်မာရေး ကဏ္ဍတွင် အိပ်ရေး မ၀ခြင်းသည် ကြီးမားသော ပြဿနာ တစ်ရပ် ဖြစ်သည် ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေး အဖွဲ့ ကြီး (CDC) ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။ အိပ်ရေး မ၀ခြင်းသည် တစ်ကိုယ်ရေ ကျန်းမာရေးကို ထိခိုက်စေရုံ သာမက ယာဉ်တိုက်မှု မှသည် အလုပ်ခွင်မှာ အမှားကြီး ကြီးလုပ်မိခြင်းထိ သက်ရောက်မှု ရှိနိုင်သည်။
အသက်ကြီး လာသည့် အခါ ကောင်းကောင်း အိပ်မပျော်ခြင်း၏ အစသည် ဦးနှောက် ဖြစ်သည်။ လူသား၏ အိပ်စက်မှုကို ပုံမှန်ဖြစ် နေအောင် ထိန်းကျောင်းသော ဦးနှောက်လှိုင်းများ အ၀င်အထွက် စည်းချက် ချို့ယွင်းလာမှုသည် ပြဿနာ အစ ဖြစ်သည်။ ထို့အပြင် အသက်ကြီး လာသည့် အခါ အိပ်စက်မှု ကို ထိန်းချုပ် ကိုင်တွယ်သော ဦးနှောက်တွင်းရှိ ဆဲလ်များ ပျက်ယွင်းလာခြင်းသည်လည်း အချိန် ကြာကြာ နှစ်ခြိုက်စွာ အိပ်မပျော်စေသည့် အကြောင်းရင်း ဖြစ်ကြောင်း အခြားသော လေ့လာမှုများ ကလည်း ဆိုသည်။
ညည ဘာကြောင့် အိပ်မပျော်နိုင်ဘဲ အိပ်ရာထဲမှာ လူးလိုက် လှိမ့်လိုက် ဖြစ်နေလဲကို သိထားခြင်းဖြင့် အိပ်ပျော်အောင် မည်သို့ လုပ်နိုင်ကြောင်း လမ်းစ တွေ့လာနိုင်သည်။ အောက်တွင် အိပ်မပျော်ရခြင်း အကြောင်းရင်း များကို သိပ္ပံနည်းကျ လေ့လာထား ချက်များ တင်ပြပါမည်။ ထိုအရာများနဲ့ ဆက်စပ်ပြီး ကိုယ်အိပ်ပျော်အောင် မည်သို့ လုပ်သင့်ကြောင်း စဉ်းစား ဖြစ်လာစရာ ရှိပါသည်။
ဝင်ချည် ထွက်ချည် တုန်ခါနေသော ဦးနှောက်လှိုင်းများ
အသက်ကြီးလာလေ နှစ်ခြိုက်စွာ အိပ်မပျော်သည့် ညက များလာလေ ဖြစ်သည်။ တစ်ညလုံး ခပ်တိမ်တိမ် အိပ်ပျော်လိုက် နိုးလာလိုက်နဲ့က များလာမည်။ ဦးနှောက်သည်လည်း နှစ်ခြိုက် နက်နဲစွာ အိပ်ပျော်သည့် အဆင့်တွင် တည်နေသည့် အချိန်က တိုသထက် တိုလာသည်။ နှစ်ခြိုက်စွာ အိပ်ပျော်ချိန် သည် ဦးနှောက် အလုပ်များ အရှိန် အကျဆုံး အချိန်လည်း ဖြစ်သည်။ လှိုင်းနှင့် နှိုင်းယှဉ် ရလျှင် ထိုအချိန်သည် ဦးနှောက်လှိုင်း အနှေးဆုံး အချိန် ဖြစ်သည်။ ထိုအချိန်တွင် ဦးနှောက်သည် သက်သောင့်သက်သာ အရှိဆုံး အချိန်လည်း ဖြစ်သည်။
ပုံမှန် အသက် (၂၅) နှစ်အရွယ် လူငယ်တစ်ဦး၏ ဦးနှောက်သည် အနက်ရှိုင်းဆုံး အိပ်စက်မှု အတွင်းသို့ တစ်ညလျှင် ခြောက်ကြိမ်ခန့်ထိ သက်ဆင်းရောက် ရှိသည်။ တစ်ကြိမ် ရောက်လျှင်လည်း နာရီနှင့် ချီပြီး ကြာကြာတည် နေသည်။ အသက် (၇၀) အရွယ် တစ်ယောက်၏ ဦးနှောက်ကား အနက်ရှိုင်းဆုံး အိပ်စက်မှု အတွင်းသို့ မိနစ်ပိုင်းခန့်သာ ၀င်ရောက်သည်။ တစ်ညလျှင် ခြောက်ကြိမ်ခန့် ထိုသို့ မိနစ်ပိုင်းခန့်သာ ၀င်တုံ ထွက်တုံ ပြုသည်။ အလယ်အလတ် နက်ရှိုင်းသော အိပ်စက်မှု အတွင်း၌ပင် ကြာကြာ မတည်ဘဲ ဦးနှောက်လှိုင် များသည် ၀င်တုံထွက်တုံ ပြုနေသည်။ အပေါ်ယံ အိပ်စက် ခြင်းနေရာတွင်သာ ဦးနှောက်လှိုင်း များက အချိန်ကြာကြာ ရိုက်ခတ် လှုပ်ရှားကြသည်။ ထို့ကြောင့်ပင် လူကြီးများသည် ညဘက်တွင် ဆတ်ခနဲရှိ နိုးလာ တတ်ကာ နိုးနိုးကြားကြား အိပ်စက်သူများ ဖြစ်နေကြခြင်း ဖြစ်သည်။ စိတ်မကောင်းဖွယ် တစ်ချက်မှာ လူသားများ အသက်ကြီး လာလေ အိပ်စက်မှု ပုံစံ ပြောင်းလာလေ ဖြစ်ခြင်းသည် ကျန်းမာရေး အတွက် ဆိုးကျိုးကို ပိုဖြစ်စေခြင်း ဖြစ်သည်။ ထင်ရှားသည့် တစ်ချက်ကို ပြရလျှင် နှစ်ခြိုက်စွာ အိပ်ပျော်ချိန် နည်းလာခြင်းသည် မှတ်ဉာဏ်ကို ဒုက္ခပေးသည်။
လူတစ်ယောက် အိပ်ပျော်နေချိန်တွင် ဦးနှောက်သည် ရေတိုမှတ်သား ထားသည် များကို ရေရှည် မှတ်ဉာဏ် အဖြစ်သို့ ကူးပြောင်း ပေးခြင်းဖြင့် ရေတို မှတ်ဉာဏ် နေရာတွင် အသစ်အသစ်များ ထပ်မှတ် နိုင်အောင် နေရာလွတ် ဖန်တီးပေးသည်။ ထိုနည်းဖြင့် လူသားသည် နိုးထလာ သောအခါ နေ့သစ် တွင် အသစ်အသစ်များကို ထပ်မံ သင်ယူ နိုင်သည်။ အိပ်စက်ခြင်းသည် လူသားများ နေ့စဉ် သင်ယူခဲ့သည် များကို ရေရှည်စွဲမြဲ မှတ်မိနေအောင် စီစဉ်ပေးသလို၊ နောက်တစ်နေ့တွင် အသစ်အသစ်များ ဆက်လက် သင်ယူ နိုင်စွမ်းရှိ အောင်လည်း ဖန်တီးပေးသည်။ ထိုနည်းဖြင့် လူသားများ စဉ်ဆက် မပြတ် တိုးတက်နေအောင် ဆောင်ကြဉ်းပေးသည်။
အသက်ကြီး သူများ မေ့လွယ်ခြင်းမှာ နှစ်ခြိုက်စွာ အိပ်ပျော်ချိန် နည်းသဖြင့် ဦးနှောက်သည် တစ်နေ့တာ မှတ်သားထားသည် များကို ရေရှည် မှတ်ဉာဏ် အဖြစ် ပြောင်းဖို့ လုံလောက်သော အချိန်မရ သဖြင့် အတော် များများသည် ရေတို မှတ်ဉာဏ် နေရာတွင်သာ ဆက်ကျန်ရှိသည်။ နောက် တစ်နေ့တွင် ရေတို မှတ်ဉာဏ်သစ်များ ထပ်ဝင်လာသော အခါ အဟောင်းများကို ချေဖျက် နေရာယူလိုက် သဖြင့် အဟောင်းများ ပျောက် သွားသည်။ အဟောင်းများသည် ရေတိုမှ လည်း ပျောက်၊ ရေရှည် မှတ်ဥာဏ် သို့လည်း မရောက်နိုင်တော့ သဖြင့် အသက်ကြီး သူ၏ အသိမှ လုံးဝ ပျောက်ကွယ် သွားတော့သည်။ ထို့ကြောင့်ပင် လူကြီး အတော် များများသည် ကိစ္စ အတော်များများတွင် မေ့နေတတ် ကြခြင်း ဖြစ်သည်။ အထူးသဖြင့် အသက်ကြီးလာ မှ လတ်တလေ ကြုံတွေ့ထားရ သည်များကို အမေ့ဆုံး ဖြစ်သည်။ ငယ်စဉ်နှင့် အရွယ်ကောင်းစဉ်က မှတ်သား ထားသည် များကိုကား မမေ့။ အကြောင်း မှာ ထိုအရာများ မှတ်သား ခဲ့စဉ်က ရေတိုမှ ရေရှည်မှတ်ဉာဏ်သို့ ကူးပြောင်းပို့ ဆောင်ဖို့ ဦးနှောက်သည် အချိန်လုံလောက် စွာရခဲ့သော နှစ်ခြိုက်စွာ အိပ်ပျော်သည့် အရွယ်ကောင်းစဉ်က ဖြစ်သော ကြောင့်တည်း။ သို့ဖြစ်သောကြောင့် ပင် လူကြီးများသည် ငယ်ငယ်က အကြောင်း၊ အရွယ်ကောင်းစဉ်က အကြောင်းများကို မမေ့ကြ သော်လည်း မနေ့တစ်နေ့က အကြောင်းများ ကိုကား မေ့နေတတ်ကြခြင်း ဖြစ်သည်။
ပျောက်ဆုံးသွားသော ဆဲလ်များ
၁၉၉၀ ပြည့်နှစ် များက ကြွက်များနဲ့ လုပ်ထားသော သုတေသန တစ်ရပ်အရ ဦးနှောက်၏ အပိုင်း တစ်ခု သည် အိပ်စက်မှုကို ထိန်းချုပ်သော ဆဲလ်များပါဝင်ကြောင်း တွေ့ခဲ့ရသည်။ လူသားတွေ မှာလည်း အလားတူ ရှိကြောင်း နောက်များ မကြာမီမှာ ထပ်ဖော် ထုတ်တွေ့ရှိ ပြန်သည်။ ဆက်လက် လေ့လာရာ အသက်ကြီး လာလေ ထိုဆဲလ်များ ပျက်စီး လျော့ပါး သွားလေ ဖြစ်ကြောင်းလည်း တွေ့ခဲ့ရသည်။ အသက်ကြီး လာလေ နှစ်ခြိုက်စွာ အိပ်ပျော်ချိန် နည်းလာလေ ဟူသော ပြဿနာကို ကောင်းကောင်း ထောက်ပြနိုင်သော တွေ့ရှိမှုဖြစ်သည်။
သက်ရောက်မှုကို သိနိုင်စေရန် အသက် (၆၅)အထက် လူတစ်ထောင်ဖြင့် စမ်းသပ်ခဲ့ သည်။ ထိုသူများ သေဆုံးချိန်အထိ လေ့လာ စောင့်ကြည့်ဖို့ သဘော တူညီချက် ယူထားသည်။ တောက်လျှောက် စောင့်ကြည့် လေ့လာချက်အရ အသက်ကြီး လာလေ အိပ်စက်ခြင်းကို ထိန်းချုပ်သည့် ဆဲလ်များ ယိုယွင်းပျက်စီးလာလေ ဖြစ်ကြောင်း တွေ့ရသည်။ဆဲလ်များ ပျက်စီးလာလေ အိပ်စက်မှုလည်း ယိုယွင်းလာလေ၊အိပ်စက်မှု ယိုယွင်းလေ မှတ်ဉာဏ်လည်း မကောင်းလေနှင့် အဆိုး သံသရာလည် သွားသည်ကို တွေ့ခဲ့ရသည်။
တစ်ရေးအိပ်
ညည နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းကို အစားထိုးဖို့ အလွယ်ကူဆုံး နည်းလမ်းကား နေ့လယ်ဘက် တစ်ရေး အိပ်ခြင်း ဖြစ်သည်။ တစ်ရေးသာမက နှစ်ရေး သုံးရေး အဆင်ပြေသလို အိပ်စက်နိုင်သည်။ တစ်ရေး အိပ်ခြင်းသည် နှစ်ခြိုက်စွာ အိပ်မပျော်စေ သော်လည်း အိပ်ရေး မ၀ခြင်းကြောင့် ရီဝေ ထိုင်းမှိုင်းမှု နှင့် နုံးချိမှု ကိုတော့ ကုစားပေးနိုင်စွမ်း ရှိသည်။
အသက်ကြီး လာသည့် အခါ ကလေး တစ်ယောက်လို ပြန်ကျင့်ကြံရမည်။ မွေးကာစ ကလေး တစ်ယောက် သည် တစ်ကြိမ်အိပ်လျှင် တစ်နာရီ၊ နှစ်နာရီထက် ပိုမကြာ။ သို့သော် ထိုသို့ အပိုင်း အပိုင်းလေးများ ခဏခဏ အိပ်သည်။ ပေါင်းလိုက်လျှင် တစ်ရက်ကို နာရီ (၂၀)လောက်ထိ အိပ် ဖြစ်သည်။ ထိုသို့ဖြင့် လေးနှစ်သား ရောက်တော့ တစ်ရက် အိပ်ချိန် (၁၂) နာရီလောက် ဖြစ်လာသည်။ ဆယ်ကျော် သက် အရွယ် ရောက်တော့ တစ်ရက် (၉) နာရီ လောက်။ ထိုအတိုင်း အိပ်ချိန် လျော့လျော့ လာရာ အသက် (၃၅) နှစ်ခန့်တွင် တစ်ရက် အိပ်ချိန် (၈)နာရီဝန်းကျင် ဖြစ်လာသည်။ အသက် (၇၀) ခန့် ရောက်ချိန်တွင် တစ်ရက် (၇) နာရီခန့် အိပ်ဖို့တော့ လိုအပ်သည်။ လူငယ်များ ကဲ့သို့ တစ်ဆက်တည်း အိပ်မပျော် လျှင်ပင် လူကြီးများ အနေဖြင့် တစ်ရက် လျှင် အိပ်ချိန် (၇) နာရီလောက် ပြည့်အောင် အပိုင်းအပိုင်း ကလေးများ အိပ်ခြင်းဖြင့် ဖြည့်ရမည်။ နေ့လည်ဘက် တစ်ရေး နှစ်ရေးလောက် အိပ်ခြင်းက ပြည့်အောင် ကူနိုင်မည်။
သဘာဝအတိုင်း မဟုတ်ဘဲ အိပ်ပျက်ပါက
အသက်ကြီးလာလျှင် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းသည် ဦးနှောက်ကြောင့် ဖြစ်သော သဘာဝ ကိစ္စ တစ်ခု ဖြစ်သည်။ သို့သော် အသက်ကြီးလို့ ခံစားလာရသော ကြွက်သား နာကျင်ခြင်း၊ စိတ်ကျခြင်း၊ စိတ်ရှုပ်ခြင်း၊ အထီးကျန်ဆန်ခြင်း၊ အသက်ရှူ လမ်းကြောင်း ရောဂါများ ဖြစ်ပွားခြင်းတို့သည်လည်း အိပ်စက်မှုကို အနှောင့်အယှက် ပေးနိုင်သည်။ ထိုအရာများကို သတိထား ကုစားခြင်းဖြင့် အိပ်စက်မှုကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အားဖြည့်နိုင်မည်။
သဘာဝကြောင့် အိပ်မပျော်မှုနှင့် ရောဂါကြောင့် အိပ်မပျော်မှုကို ခွဲခြား မသိပါက ရောဂါကြောင့် အိပ်မပျော်ခြင်း ကိုပင် သဘာဝကြောင့်ဟု ရောမှတ်ကာ ကုသင့်တာ မကုစားဘဲ နေမိတတ် ကြသည်။ အသက်ကြီး၍ အဆစ်အမြစ် ကိုက်ခဲ ဝေဒနာ ခံစားရသဖြင့် ညည အိပ်ရေးပျက်ခြင်းသည် သဘာဝ အတိုင်း အိပ်မပျော်ခြင်းနှင့် မတူကြောင်း သိရမည်။ သို့မှသာ အကိုက်အခဲ သက်သာအောင်လုပ်ခြင်းဖြင့် အိပ်စက်မှု အရည်အသွေးကို တတ်နိုင် သမျှ မြှင့်တင်နိုင်မည် ဖြစ်သည်။
Ref: Why We Sleep Less As We Age (Business Insider)
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+