အီဘိုလာနှင့် မိုဘိုင်း နည်းပညာ အားပြိုင်ခြင်း

By ကိုထိုက်

ဖုန်းမှတ်တမ်း များက အီဘိုလာကို ခြေရာခံဖို့နဲ့ တိုက်ဖျက်ဖို့မှာ ကြီးစွာ အထောက်အကူ ဖြစ်စေ သည်။ သို့သော် ဖုန်းမှတ်တမ်းများ အသုံးပြုခွင့် ရဖို့က ခက်နေသည်။ အီဘိုလာ တိုက်ပွဲမှာ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း များသည် လွန်စွာ အသုံးဝင် သည်။ ဖုန်း များမှ တစ်ဆင့် အများပြည်သူ ထံ ကျန်းမာရေး သတိပေးချက်များ ပေးပို့နိုင်သည်။ အကူအညီ လိုပါကလည်း ကျန်းမာရေး ဌာနမျာကို ဖုန်းဆက် တောင်းခံနိုင်သည်။

ထိုသို့ သမား ရိုးကျ အသုံးဝင်မှုများ အပြင် ဖုန်းဆက်သွယ် ပြောဆိုမှု အစုံကို မှတ်တမ်းတင် ထားသော ဖုန်းမှတ်တမ်း (ဒေတာ) များသည် လည်း အီဘိုလာ ပြန့်ပွားမှု စောင့်ကြည့်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများ အတွက် များစွာ အသုံးဝင် ပြန်သည်။ ဖုန်းကုမ္ပဏီ များသည် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရန်နှင့် ဖုန်းဘီလ်များ ကောက်ခံရန် ဖုန်းအသုံးပြုသည့် ဆဲလ်ဒေတာ ကွန်ရက်များကို မှတ်တမ်းတင်သည့် စနစ် (CDRs) ကို အသုံးပြုကြသည်။ CDRsသည် ဖုန်းခေါ်သူ မည်သူ မည်ဝါ ဖြစ်ကြောင်း၊ မည်မျှ ကြာကြာ ဖုန်းပြောကြောင်း၊ မည်သည့် ဆက်သွယ်ရေး တာဝါတိုင်နှင့် အနီးဆုံး နေရာက ဖုန်းပြောကြောင်းနှင့် မည်သည့် ဖုန်းနံပါတ် များကို ခေါ်ကြောင်း မှတ်တမ်းတင် ပေး သည်။ ဖုန်းပြောသည့် စကားသံ များကို မှတ်တမ်း တင်ခြင်း မဟုတ်။ ထို့အပြင် ဖုန်းတစ်လုံးသည် မသုံးဘဲ ဖွင့်ထားရုံနှင့်ပင် ထိုဖုန်း မည်သည့် နေရာတွင် ရှိကြောင်းကို အနီးစပ်ဆုံး ခန့်မှန်းနိုင်သည်။ အကြောင်းမှာ အ၀င်ဖုန်း များကို လက်ခံနိုင်ရန် အတွက် မိုဘိုင်းဖုန်း တစ်လုံးသည် အနီးဆုံး တာဝါတိုင်သို့ လှိုင်းများ တောက်လျှောက် ထုတ်လွှတ် ဆက်သွယ်နေရ သောကြောင့် ဖြစ်သည်။

မိုဘိုင်းဖုန်း များ၏ မှတ်တမ်း CDRs အချက်အလက် များကို အသုံးပြုခြင်းဖြင့် အီဘိုလာ ပြန့်ပွားမှု ထိန်းချုပ်ရေး ဆောင်ရွက်မည့် တာဝန်ရှိ သူများသည် လူများ မည်သည့် နေရာတွင် အများဆုံးရှိ နေကြောင်း၊ မည်သည့် ဘက်သို့ ရွေ့လျားနေ ကြကြောင်း စသည် များကို တိကျစွာ သိနိုင်သည်။ လူနှင့် အတူပါသော ဖုန်းများ၏ တည်နေရာ လှုပ်ရှားမှု မှတ်တမ်းများကို ကြည့်ခြင်းဖြင့် မပြန့်စေချင်သည့် ဘက်သို့ ရောဂါ မပြန့်အောင် လူများ ကူးသန်း သွားလာမှုကို မည်သို့ ထိန်းချုပ် ကန့်သတ်သင့် သည်ကို အကောင်းဆုံး ဆုံးဖြတ်နိုင် သွားသည်။ ယခင်က အခြားသော ရောဂါများ ပြန့်ပွားမှုများ ကိုလည်း ထိုသို့ CDRs အချက် အလက်များ အသုံးပြုကာ ထိန်းချုပ်နိုင်ခဲ့သည့် သာဓက များစွာ ရှိသည်။

၂၀၁၀ ဟေတီ ငလျင် နောက်ဆက်တွဲ ၀မ်းရောဂါ ကပ်ဘေးကြီး ဖြစ်ပွားစဉ်က စတော့ဟုမ်းမြို့ရှိ ကာရိုလင်စကာ သိပ္ပံမှ ပညာရှင် များသည် ဟေတီရှိ ဖုန်းသုံးသူ နှစ်သန်းကျော်၏ CDRs အချက်အလက် များကို ရက်ပေါင်း (၂၀၀) ကျော်ကြာ စောင့်ကြည့်ကာ ၀မ်းရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး များကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။

နောက်ထပ် သုတေသနတစ်ခု အဖြစ် ကာနက်ဂျီ မီလွန်တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ်တို့မှ ပညာရှင် များနှင့် ကင်ညာ အစိုးရတို့ ပူးပေါင်း ဆောင်ရွက်ကာ ကင်ညာရှိ မိုဘိုင်းဖုန်း သုံးသူ ၁၅ သန်း၏ CDRs အချက်အလက် များကို လေ့လာ စောင့်ကြည့်ခဲ့ ကြသည်။ ထိုသို့ စောင့်ကြည့်ချက် အရ နိုင်ရိုဘီမြို့တွင် ဖြစ်ပွားသော ငှက်ဖျား ရောဂါသည် နိုင်ရိုဘီတွင် မြစ်ဖျားခံခြင်း မဟုတ်ဘဲ အခြား နေရာများမှ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရှိခဲ့ရသည်။ CDRsအချက် အလက်များ အရ ငှက်ဖျား ပြန့်ပွားနိုင်ခြေ အများဆုံး ရှိသော နေရာမျာ ကိုလည်း ကြိုတင် ဖော်ထုတ်နိုင်ခဲ့သည်။ လိုအပ် သော ငှက်ဖျား ကာကွယ်ရေး၊ နှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ အချိန်ကုန် ငွေကုန် သက်သာစွာ ဆောင်ရွက်နိုင် သဖြင့် စွမ်းအင် ရင်းမြစ် အကန့် အသတ်ရှိသော ကင်ညာ ကျန်းမာရေး ၀န်ကြီးဌာန အတွက် ထိရောက်သော လက်နက်ကောင်းကြီး ဖြစ်ခဲ့သည်။

CDRs အချက်အလက်များကို သုံးသပ် ထောက်ရှု နည်းသည် ရောဂါ ဆိုးကြီးများ ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ် နိုင်ကြောင်း ထင်ရှားပြီ။ ထိုစနစ်ကို အီဘိုလာ အပြင်းအထန် ဖြစ်ပွားနေရာ အနောက် အာဖရိက နိုင်ငံများတွင် အသုံးချလျှင် အီဘိုလာ ပြန့်ပွားမှုကို သိသာစွာ ထိန်းချုပ်နိုင် ကြဖို့ ရှိသည်။ သို့သော် လက်တွေ့တွင် ထိုသို့ ဖြစ်လာဖို့ကို အခက်အခဲ အတားအဆီးများနဲ့ ကြုံနေရသည်။

CDRs အချက်အလက်များ သုံးကာ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးကို အဦးအစ ဆောင်ရွက်ခဲ့ကြသော ကာရိုလင်စကာ သိပ္ပံ နှင့် ဟားဗတ် တက္ကသိုလ် တို့မှ ပညာရှင် များသည် အီဘိုလာ အနည်းငယ် စတင် ပြန့်ပွားခဲ့သည့် မတ်လလောက် ကစ၍ အနောက် အာဖရိကရှိ မိုဘိုင်းဖုန်း ကုမ္ပဏီများ နှင့် ဆွေးနွေးခဲ့သည်။ ကုမ္ပဏီများက သိမ်းဆည်း ထားသော CDRsအချက်အလက် များကို ရယူ အသုံးချကာ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေး စောစီးစွာ လုပ်ဆောင်နိုင်ဖို့ ဖြစ်သည်။ ပညာရှင် အဖွဲ့သည် CDRs အချက်အလက် များကို အသုံးချကာ မည်သည့် နေရာများတွင် လူမည်မျှ ရှိကြောင်း အသေးစိတ် အချက်အလက်များ ထည့်သွင်းပြီး မြေပုံထုတ်မည် ဖြစ်သည်။ လူအများ မည်သည့် နေရာများသို့ ဦးတည် ရွေ့လျားနေသည် ကိုလည်း မြေပုံ ပေါ်တွင် အချိန် နဲ့ တစ်ပြေးညီ စောင့်ကြည့်နိုင်မည်။ အစိုးရက ထုတ်ပြန်သော ကျန်းမာရေး သတိပေးချက်များ ထိရောက်မှုရှိ မရှိ ကိုလည်း လူအများ သွားလာမှု များက ကောင်းစွာ သက်သေပြ နိုင်မည် ဖြစ်သည်။ လိုအပ်ပါက လူအများ မည်သည့် နေရာများကို မသွားသင့်ကြောင်းမျာ ကိုပါ တိကျ မှန်ကန်စွာ သတိ ပေးချက်များ ထုတ်ပြန် နိုင်မည် ဖြစ်သည်။ လူလူချင်း ထိစပ်မှုမှ တစ်ဆင့် ကူးစက်သော အီဘိုလာ ထိန်းချုပ်ရေးတွင် အဓိက အရေးကြီးဆုံး တစ်ချက်မှာ လူလူချင်း ထိစပ်မှု နည်းနိုင်သမျှ နည်းအောင် တစ်နေရာ တည်းတွင် လူတွေ စုကျပ်မနေအောင် စီမံခန့်ခွဲ နိုင်ဖို့ ဖြစ်သည်။ မိုဘိုင်းဖုန်းများ၏ CDRsအချက် အလက်များကို အသုံးပြုခြင်းဖြင့် မည်သည့် နေရာ တွင် လူမည်မျှရှိ နေကြောင်းကို မြေပုံပေါ်တွင် ထင်ရှားစွာ မြင်နိုင်မည် ဖြစ်ရာ စီမံခန့်ခွဲဖို့က များစွာ လွယ်ကူ သွားပြီ ဖြစ်သည်။

ဆက်သွယ်ရေး လုပ်ငန်းများ သမဂ္ဂ အဖွဲ့ချုပ်သဖွယ် ဖြစ်သော GSMA ကလည်း ကျန်းမာရေး ကပ်ဘေး အခြေအနေမျိုးတွင် သက်ဆိုင်ရာ နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက် အတွင်းရှိ ဖုန်းများ ဆက်သွယ်ကြသည့် CDRs အချက်အလက် များကို အသုံးပြုခွင့်ရရေး တောင်းဆို ထားသည်။ အီဘိုလာ အခြေအနေ ပိုဆိုး လာသည်တွင် CDRsများ အသုံးပြုခွင့် ရရေး တောင်းဆိုမှုများ ထဲတွင် ကုလသမဂ္ဂ အဖွဲ့အစည်း များပါ ပါဝင်လာကြ သည်။သို့သော် နောက်ဆုံး အဆင့်မှာ တစ်နေသည်။ သက်ဆိုင်ရာ အစိုးရများက နိုင်ငံအတွင်း ရှိ CDRs များကို အခြားသူ များအား အသုံးပြုခွင့် မပေးလို။ နိုင်ငံ၏ လုံခြုံရေးကို ထိပါးလာနိုင်သည်ဟု အကြောင်းပြ ကြသည်။ သို့ဖြင့် ပညာရှင် များသည် အီဘိုလာ ထိန်းချုပ်ရေး အတွက် အလွန် အသုံးဝင်မည့် သတင်းအချက် အလက် CDRsများကို ထိကိုင်ခွင့် မရဘဲ စိတ်ပျက်နေကြရသည်။

CDRsများကို အခြားသူ များအား အသုံးပြုခွင့် ပေးဖို့ရာမှာ မိုဘိုင်းဖုန်း ကုမ္ပဏီ၏ ဆုံးဖြတ်ချက် တစ်ခု တည်းဖြင့် လုပ်လို့မရ။ အများပြည်သူ၏ ပုဂ်္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးနိုင်သဖြင့် အစိုးရ၏ ခွင့်ပြုချက် ပါရှိမှ ဖြစ်မည်။အီဘိုလာ ဖြစ်ပွားရာ နိုင်ငံ အစိုးရများ အနေဖြင့် သက်ဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်း များကို ခွင့်ပြုချက် ညွှန်ကြားရမည်။ မည်သူများကို မည်သည့် အတိုင်းအတာထိ ခွင့်ပြုပေးရ မည်ကို ညွှန်ကြားပေးဖို့ လိုသည်။ CDRs များ ယူငင် အသုံးပြုမည့် အဖွဲ့များ အနေဖြင့်လည်း သတင်း အချက်အလက် များကို မည်သည့် ရည်ရွယ်ချက် အတွက်သာ အသုံးပြုမည် ဟူသော သဘောတူ စာချုပ်မျိုး ချုပ်ဆို လုပ်ကိုင်ကြဖို့ လိုမည်။ စံနမူနာယူ ရမည့် စည်းမျဉ်း သတ်မှတ်ချက် များလည်း ရှိထားပြီး ဖြစ်သည်။

ဥပမာ Orange ဆက်သွယ်ရေး ကုမ္ပဏီသည် ဖွံ့ဖြိုးရေး အတွက် သတင်းအချက် အလက် ဟူသော သုတေသန စီမံကိန်း သဘော တူညီချက် ဖြင့် ဆီနီဂေါနှင့် အိုင်ဗရီကို့စ်တို့မှ CDRsသန်းပေါင်း များစွာကို ရယူကာ စီမံခန့်ခွဲမှုများ ဆောင်ရွက် နေသည်မှာ နှစ်များစွာ ရှိနေပြီ ဖြစ်သည်။ သို့သော် လက်ရှိ အီဘိုလာ ဖြစ်ပွားရာ နိုင်ငံများမှ အစိုးရများကား နိုင်ငံရေးပိုင်း အရ ထိုသို့ CDRsများ အသုံးပြုကာ လူထု တစ်ရပ်လုံးကို စီမံခန့်ခွဲမည့် နည်းစနစ်ကို တံခါးဖွင့်ပေးဖို့ စိတ်အဆင်သင့် မဖြစ်သေးဟန် တူသည်။

အီဘိုလာ နိုင်ငံများတွင် CDRs များကို သုံးကာ လူစုကို စီမံခန့်ခွဲဖို့ ခွင့်ပြုချက် ပေးဖို့ရန် နှောင့်နှေးနေ ရခြင်းမှာ အစိုးရ ယန္တရားများလည်ပတ်မှု နှေးကွေးခြင်းကြောင့် ချည်း မဟုတ်။ အစိုးရများ ထို့ထက် ပိုစိုးရိမ် နေကြသည်မှာ စီးပွားရေး ဆိုင်ရာ အချက်အလက်များ ပြိုင်ဘက် နိုင်ငံများဆီ ရောက် သွားမှာ စိုးရိမ်ကြခြင်း ဖြစ်သည်။ မည်သည့် နိုင်ငံ မဆိုလည်း ထိုသို့ပင် စိုးရိမ်ကြမည်သာ ဖြစ်ပါသည်။ သို့သော် အီဘိုလာ နိုင်ငံ အစိုးရများ CDRsစနစ်ကို လက်မခံရဲ ကြသေးခြင်း၏ အကြီးဆုံး အကြောင်းရင်းကား CDRs စနစ်သည် စိမ်းနေသေးသော နည်းပညာသစ်ဖြစ် သောကြောင့် စမ်းသပ်ရမှာ ကြောက်ရွံ့ နေကြခြင်း ဖြစ် သည်။ အီဘိုလာကဲ့သို့ ကမ္ဘာ ကိုပါ ခြိမ်းခြောက်နေသော ရောဂါဆိုးကြီးမျိုးကို ရှေ့ယခင်များက CDRs စနစ်မျိုးဖြင့် တိုက်ဖျက် ချေမှုန်းခဲ့သည့် သက်သေ သာဓကမျိုး မရှိသေးခြင်းကြောင့် ဆုံးဖြတ်ချက် ချပေးနိုင် သာ နိုင်ငံရေးပိုင်း၊ မူဝါဒပိုင်းက ပုဂ်္ဂိုလ်များ နောက်တွန့် နေကြခြင်း လည်းဖြစ်သည်။

သို့သော် ခပ်သေးသေးကိုပဲ စံပြနမူနာ တစ်ခုလောက် အောင်မြင်အောင် လုပ်ပြနိုင်လျှင် အစိုးရများ အနေဖြင့် ကျယ်ကျယ် ပြန့်ပြန့် လက်ခံရဲ လာကြမည်ဟု ပညာရှင်များက မျှော်လင့် ထားသည်။ အမေရိကန် ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး အဖွဲ့ကြီး (CDC) သည် လိုင်ဘေးရီးယားတွင် နမူနာ စီမံကိန်းငယ် တစ်ခု ဆောင်ရွက်နေပြီ ဖြစ်သည်။ ကိုယ်တိုင် ရာနှုန်းပြည့် ၀င်ရောက် ဆောင်ရွက်ခြင်းတော့ မဟုတ်သေး။ လိုင်ဘေးရီးယား ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အကြံပေး လမ်းညွှန်မှုများ CDC က လုပ်ပေးသည်။ အီဘိုလာ အရေးပေါ် ဖုန်းလိုင်းများက တစ်ဆင့် ဆက်သွယ် လာသည့် CDRs များကို စနစ်တကျ ခန့်ခွဲစေခြင်း ဖြစ်သည်။ ထို CDRs များကို သုံးခြင်းဖြင့် အီဘိုလာ မည်သည့် နေရာများသို့ ဆက်လက် ပြန့်ပွား နေသည်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့ ခန့်မှန်းချက် များသည် ဒေသ တွင်းမှာသာ လုပ်နေခြင်း ဖြစ်ပြီး၊ ထိုသတင်းအချက် အလက်များကို အသုံးချကာ အီဘိုလာ ထိန်းချုပ်ရေး အတွက် လူအများကို စီမံခန့်ခွဲ နိုင်သည့် အနေ အထားကို မရောက်သေး။ လုပ်နိုင်သော ပြည်ပမှ ကျွမ်းကျင်သူများ ကိုလည်း ၀င်ရောက် လုပ်ကိုင်ခွင့် မပေးသေး။ ထိုသို့ တာဝန်ရှိ သူများဘက်က တုံ့ပြန် ဖို့ နှေးကွေးနေ သော်လည်း အီဘိုလာကား နှေးမနေဘဲ သွက်သထက် သွက်စွာ နယ်ချဲ့၍ လာနေသည်။

Ref: Ebola and big data (The Economist)
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...