မြန်မာများ သတိမထားမိသော နာမည်ပြဿနာ
မြန်မာ တိုင်းရင်းသားများ နိုင်ငံခြားသို့ သွားသည်နှင့် ပထမဆုံး တွေ့ကြုံရသော ပြဿနာ အခက်အခဲမှာ နာမည်ကိစ္စ ဖြစ်သည်။ သို့သော်၊ တပွဲတိုး ဆေးမြီးတိုဖြင့် ဖြေရှင်းနိုင်သောကြောင့် အရေးတယူ မလုပ်ကြဘဲ ခတ်ပေါ့ပေါ့သာ တွေးကြ ပါသည်။
မြန်မာနိုင်ငံမှ မထွက်ခွာမီ အခြားနိုင်ငံ၏ ဗီဇာပုံစံကဲ့သို့ တရားဝင် စာရွက် စာတမ်း များ ဖြည့်စွက်ရာတွင် စတင် အခက်အခဲ ကြုံကြသည်။ Surname / Family Name မျိုးရိုးအမည် / မိသားစုအမည် ဆိုသည့်နေရာတွင် မြန်မာ အများစုမှာ ထိုကဲ့သို့ သတ်သတ် မှတ်မှတ် မရှိသောကြောင့် ဖြည့်စွက်ရန် အခက်တွေ့သည်။ အချို့ ပုံစံများတွင် First Name / Middle Name / Last Name ဆိုလျှင်လည်း အယောင်အမှား ဖြစ်ရပြန်သည်။
မြန်မာပတ်စပို့တွင် အမည်ကို Name ဟူ၍သာ ဖော်ပြကာ First Name / Last Name ခွဲခြား မထားပေ။ ထိုအခါ၊ အလွယ်ကူဆုံး ဆေးမြီးတိုမှာ မိမိ၏ အမည် နောက်ဆုံးစာလုံးကို မျိုးရိုးအမည် ဟူ၍ surname သို့မဟုတ် family name အဖြစ် ဖြည့်လိုက်ကြသည်။ ထိုနည်းတူစွာ last name ဆိုလျှင်လည်း နောက်ဆုံး စာလုံး ဖြည့်ကြသည်။
မြန်မာများ၏ အမည်ကိစ္စသည် ထိုကဲ့သို့ တပွဲတိုး ဖြေရှင်းနိုင်သော်လည်း နိုင်ငံရပ်ခြားတွင် ရေရှည်နေထိုင် သည့် အခါ ဖြစ်စေ၊ အခြားနိုင်ငံသား ခံယူသည့်အခါ ဖြစ်စေ ပြဿနာ ရှိလာပါသည်။
ဥပမာ၊ မိသားစု လေးယောက်ရှိလျှင် မျိုးရိုးအမည်အဖြစ် ဖြည့်စွက်ထားသော နောက်ဆုံး စာလုံးသည် အဖေကတမျိုး၊ အမေကတမျိုး၊ သားကတမျိုး၊ သမီးကတမျိုး၊ လေးဦးကို လေးမျိုး ကွဲပြားနေသောကြောင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများ၏ မယုံသင်္ကာ စစ်ဆေးမေးမြန်းမှု ကြုံရတတ်သည်။
အထူးသဖြင့်၊ အမေရိကန်နိုင်ငံကဲ့သို့ လက်မထပ်ပဲ ကလေးမွေးသော စုံတွဲများ နေထိုင်သည့် တိုင်းပြည်တွင် သားသမီးများ၏ မိဘရင်း အစစ်အမှန် ဖြစ်ကြောင်း လက်ထပ်စာချုပ်၊ မွေးစာရင်း၊ စာရွက်စာတမ်းများ ပြခိုင်း သဖြင့် မလိုအပ်ပဲ အလုပ်ရှုပ်ကြ ရပြန်သည်။ လူမျိုးခြား အသိမိတ်ဆွေ အချို့ကလည်း ပါးစပ်မှ ထုတ် မပြောစေကာမူ ထိုသို့ လက်မထပ်ပဲ မွေးထားသော သားသမီး သို့မဟုတ် မွေးစားသား သမီးဟူ၍ စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်ကြ၏။
နိုင်ယာဂရာ ရေတံခွန်ကြီးကို အလည်သွားရင်း ကနေဒါနိုင်ငံဖက်သို့ ကူးကြသော မြန်မာမိသားစုအချို့ နယ်စပ်ဂိတ်မှာ စစ်မေးခြင်း ခံကြရသည်။ အခြားကလေးများကို မိမိ၏သားသမီး အယောင်ဆောင်၍ လူကုန်ကူးမှု ဟုတ်မဟုတ် သေချာစွာ စစ်ဆေးသည်။ ယခုခေတ်တွင် ကွန်ပျူတာ မှတ်တမ်းဖြင့် တိုက်ကြည့် ၍ မှန်မမှန် ချက်ချင်း သိနိုင်သော်လည်း ယခင်တုန်းကဆိုလျှင် အချိန်အတော် ကြာပါသည်။
မျိုးရိုးအမည် ရှိသင့်မရှိသင့်
ယခုခေတ် မြန်မာအမည်များတွင် ဖခင်အမည်ကို ထည့်သွင်း မှည့်ခေါ်သူ များလည်း ရှိသည်။ သို့သော်၊ တပုံစံတည်း မဟုတ်ပဲ ကွဲပြားခြားနား ပြန်ပါသည်။ ဥပမာ၊ ဖခင်အမည်ကို ရှေ့မှာ တပ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဖခင်အမည်ကို နောက်ဆုံးမှာ ထည့်သော ရာဇာနေဝင်း စသည်ဖြင့် အထားအသို မတူကြပေ။
ထို့ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ အမည်မှ မျိုးရိုးအမည် (surname) ကို အောင်ဆန်းဟူ၍ ဖြည့်မည် ဆိုလျှင် နောင်တွင် စုကြည် အောင်ဆန်းဟုသာ အမည်တွင်မည် ဖြစ်သည်။
အလားတူပင် မျိုးရိုးအမည်ကို ရှေ့ဆုံးမှာ ထားသော ဂျပန်၊ ကိုရီးယားလူမျိုးတို့လည်း အနောက်တိုင်းပုံစံအရ အမည်များ ပြောင်းပြန် ဖြစ်နေကြသည်။ ဂျပန်ဝန်ကြီးချုပ်၏ အမည်မှန်မှာ အာဘေး ရှင်ဇို ဖြစ်သော်လည်း အများက ရှင်ဇို အာဘေးဟုသာ သိကြသည်။ ချွင်းချက်မှာ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မူရင်း ကိုရီးယားအမည်အတိုင်း ခေါ်ကြခြင်း ဖြစ်၏။ (အနောက်တိုင်းပုံစံ ပြောင်းလဲလျှင် ကီမွန်းဘန် ဟု ဖြစ်မည်။) သို့သော်၊ ကိုရီးယားအမည်များကို အနောက်တိုင်း ပုံစံဖြင့် သုံးစွဲသောကြောင့် အများစုမှာ ပြောင်းပြန် ဖြစ်နေ သည်။
တရုတ်လူမျိုးများသည် နည်းလမ်းပုံစံ တမျိုးတဖုံ သုံးကြသည်။ တရုတ်မျိုးရိုးနာမည်ကို အနောက်တိုင်း နာမည်ဖြင့် တွဲဖက် မှည့်ခေါ်လိုက်ခြင်း ဖြစ်၏။ ချန်းမျိုးရိုးမှ ဒေးဗစ် ချန်း ဟူသော ကမ္ဘာကျော် ရုပ်ရှင် မင်းသား၏ တရုတ်အမည် ချန်းကုန်ရှန်ကို သိသူ ရှားပါးသည်။ ပြည်ပရောက် တရုတ်လူမျိုးအများစုသည် တရုတ်အမည်ကို မိသားစု၊ ဆွေမျိုးများအတွက်သာ သီးသန့်ထားကာ အနောက်တိုင်းအမည်ကို တရားဝင် ရုံးကိစ္စ၊ ကျောင်းကိစ္စများအတွက် သုံးစွဲကြသည်။
ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် အမည် များကို first name / middle name / last name ဟူ၍သာ ဖြည့်စွက်ရသောကြောင့် အနည်းငယ် ရှင်းလင်း လွယ်ကူ သယောင် ရှိသည်။ သို့သော်၊ ဤနေရာမှာလည်း နာမည်ပျောက်သူ၊ နာမည် ပျက်သူများ ပေါ်ပေါက်လာ၏။
မြန်မာနိုင်ငံမှ ပတ်စပို့တွင် ဦး၊ ဒေါ်၊ မောင်၊ မ စသည့် ဝိသေသနများ ထည့်ထားသူ၊ နာမည် သုံးလုံးအထက် ရှိသူများ ပြဿနာ ဖြစ်ကြရသည်။ ဥပမာ၊ ဦးစိန်အေး ဆိုသော အမည်ကို first name ဦး၊ middle name စိန် နှင့် last name အေး ဟု အလွယ် ဖြည့်လိုက်လျှင် အလယ်နာမည် ပျောက်၍ ဦးအေးဟုသာ တွင်လေသည်။ တခါတရံတွင် U S. Aye ဟု ဖော်ပြခံရမည်။ အကြောင်းမှာ အမေရိကန်နိုင်ငံတွင် အလယ်နာမည်ကို တရားဝင် ရုံးကိစ္စများမှလွဲ၍ အသုံးပြုလေ့ မရှိသောကြောင့် ဖြစ်၏။ အမည်မှန် စိန်အေးအစား ဦးအေးဟု တရားဝင် သတ်မှတ်ခံရပါမည်။
ထို့ကြောင့်၊ middle name နေရာမှာ ဖြည့်သမျှ နာမည်သည် ပျောက်ခြင်းမလှ ပျောက်သွားလေတော့သည်။ မိုးပပသွင် ဆိုသော နာမည် လှလှလေးသည် မိုးသွင်၊ ကျော်သူရိန်လှိုင်သည် ကျော်လှိုင် ဖြစ်သွားတော့၏။
ထိုကဲ့သို့ နာမည်ပျောက်မသွားစေလိုလျှင် middle name နေရာမှာ မဖြည့်ဘဲ ကွက်လပ်ထားခဲ့ခြင်း၊ သို့မဟုတ် No Middle Name ဟု အမှတ်ခြစ်ခြင်းတို့ဖြင့် ရှောင်ရှားနိုင်သည်။ သို့သော်၊ middle name တခုခု ရှိထားလျှင် အခြားသူတဦးတယောက်နှင့် အမည်တူ ဖြစ်ဖို့ ခဲယဉ်းပါသည်။ ဥပမာ၊ ရစ်ချတ်ဒ် ချို ဆိုသော အမည်တူအများကြီး ရှိသည်။ မြန်မာသာမက တရုတ်၊ ကိုရီးယားလူမျိုးများလည်း ၎င်းအမည် မှည့်ကြသည်။ အလယ်နာမည် ပြုံး တလုံး ထည့်ထားလျှင် ရစ်ချတ်ဒ် ချို နှစ်ယောက် ဖြစ်နေပါက ရစ်ချတ် ပြုံး ချို သို့မဟုတ် ရစ်ချတ်ဒ် ပီ. ချို ဟု ခွဲခြား သိနိုင်သည်။ သာမန်ကိစ္စများတွင်မူ ရစ်ချတ်ဒ် ချိုဟုသာ ခေါ်ကြပါ မည်။
ဤနာမည် ကိစ္စသည် တိုင်းရင်းသားများလည်း ရင်ဆိုင်ကြရသည်။ ကချင်တိုင်းရင်းသားများသည် မျိုးရိုး နာမည် ရှိသော်လည်း ရှေ့မှာ ထားသည်။ ကရင်တိုင်းရင်းသားများသည် မျိုးရိုးအမည်မရှိဘဲ ခရစ်ယာန် အမည် ရှိကြသောကြောင့် နားလည်မှု လွဲကုန်သည်။ စ ကဲနက်၊ စောအင်ဒရူး၊ နော်ဟယ်လင် တို့သည် လွဲမှားစွာ ကဲနက် စ၊ အင်ဒရူး စော၊ ဟယ်လင် နော် ဖြစ်ကုန်ကြသည်။
တဦးချင်းအနေဖြင့် နာမည်ပြဿနာများသည် နောင်တွင် သားသမီး၊ မြေးမြစ်များအထိ ဆက်လက် ဖြစ်ပေါ်သွား မည်ကို သတိပြုမိသူ သိပ်မရှိပေ။ မြန်မာနိုင်ငံတွင် နေထိုင်သူများအဖို့ ဘိုးစဉ်ဘောင်ဆက် ဒီအတိုင်း သာ နေလာကြသဖြင့် ပြဿနာဟူ၍ပင် မမြင်ကြပါ။ သို့သော် အမည်တူများ ရှိလာလျှင် ခွဲခြားရန် အင်္ဂလိပ် ကိုလိုနီလက်ထက်မှစ၍ အဘအမည်ကို တရားဝင် စာရွက်စာတမ်းများတွင် ထည့်သွင်းထား သည်။ မြန်မာနိုင်ငံမှ ဘွဲ့လက်မှတ်သည် အခြားနိုင်ငံများထက် ထူးခြားစွာ အဘအမည် ပါဝင်နေခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်၏။
သားသမီး အနာဂတ် မျိုးဆက်များဖြင့် အခြားနိုင်ငံများတွင် အခြေချ နေထိုင်မည့် မြန်မာတိုင်းရင်းသား များအတွက် မျိုးရိုးအမည် ရှိသင့်၊ မရှိသင့် မိမိတို့ဖာသာ စဉ်းစား ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ မျိုးရိုးအမည် မရှိပါက နောင်လာမည့် မျိုးဆက် ၅ ခုလောက်ဆိုလျှင် ခြေရာကောက်ရန် ခက်ခဲလာမည် ဖြစ်သည်။
ဂျပန်နိုင်ငံသည်လည်း ယခင်က မျိုးရိုးအမည် မရှိခဲ့ပါ။ မဲဂျိ ပြုပြင်ပြောင်းလဲရေးအစိုးရက နိုင်ငံသားများ မျိုးရိုးအမည် မှည့်ခေါ်ရန် ဥပဒေဖြင့် သတ်မှတ်၍ ၁၈၇၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စတင်ကျင့်သုံး ခဲ့ခြင်း ဖြစ်သည်။
မြန်မာအမျိုးသမီးများအနေဖြင့်လည်း မိဘက အမြတ်တနိုး ရွေးချယ်ပေးထားသော အမည်ကို ခင်ပွန်း၏ မျိုးရိုးအမည်သို့ ပြောင်းရန် ဝန်လေးကြမည် ဖြစ်၏။ လူမျိုးခြားနှင့် အိမ်ထောင်ကျသော မြန်မာအမျိုးသမီး အများစုကတော့ အမည်ပြောင်းကြပါသည်။ မြန်မာဇနီးမောင်နှံများအတွက် မျိုးရိုးအမည်ကို နှစ်ဖက်စလုံးမှ နာမည်ပေါင်းထည့်ကာ သီးသန့်ဖန်တီးလျှင်လည်း ရပါသည်။ ဥပမာ ခင်ပွန်းအမည် ‘ဝင်း’နှင့် ဇနီးအမည် ‘သက်’ ကိုပေါင်းစပ်ကာ‘သက်ဝင်း’ ဟူသော မျိုးရိုးအမည်ကို သားစဉ်မြေးဆက် အသုံးပြုနိုင်သည်။
အမည်ကို တရားဝင်ပြင်ဆင်နိုင်၊ ပြောင်းလဲနိုင်
မြန်မာနိုင်ငံမှ အခြားနိုင်ငံသို့ သွားရန် ပတ်စပို့စတင် လျှောက်ထားစဉ်ကတည်းက မိမိ၏ အမည်ကိစ္စ ကို သေချာစွာ စဉ်းစား ဖြည့်စွက်သင့်ပေသည်။ ဦး၊ ဒေါ်၊ မောင်၊ မ စသည့် ဝိသေသနများ ထည့်သွင်းလျှင် ၎င်းတို့ကို အမည်အဖြစ် သတ်မှတ်ခံရမည်ကို သတိထားရမည်။ သို့သော်၊ အသိနောက်ကျသောကြောင့် အမည်များ ကိုးရိုးကားယား ဖြစ်နေလျှင် ပြန်လည်ပြင်ဆင်နိုင်သော အခွင့်အလမ်းများ ရှိသည်။
ထိုကဲ့သို့ နောင်လာနောက်သား မျိုးဆက်များအတွက် မျိုးရိုးအမည် သတ်မှတ်လိုလျှင် ဖြစ်စေ၊ မိမိတို့၏ မူရင်းအမည်များ ပုံပျက်ပြီး မမှန်မကန် ဖြစ်နေသည်ကို ပြုပြင်လိုလျှင် ဖြစ်စေ၊ အမေရိကန် ပြည်ထောင်စုတွင် တရားဝင် လုပ်ဆောင်နိုင်ပါသည်။ အမျိုးသမီးများ အိမ်ထောင်ပြုလျှင် မျိုးရိုးအမည် ပြောင်းလဲသည်မှာ လုပ်ရိုးလုပ်စဉ် ထုံးစံဖြစ်နေသော အနောက်နိုင်ငံများတွင် အမည်ပြောင်းသည့် ကိစ္စသည် လွယ်ကူပါသည်။
အကောင်းဆုံးနည်းမှာ အမေရိကန်နိုင်ငံသား လျှောက်ထားချိန်တွင် အမည်ပြောင်းနိုင်သော အခွင့်အရေးကို အသုံးပြုနိုင်သည်။ အခကြေးငွေ အပိုပေးဆောင်ရခြင်း မရှိဘဲ နိုင်ငံသား လျှောက်လွှာတွင် တပေါင်းတည်း လုပ်ဆောင်နိုင်သည်။
အမေရိကန်နိုင်ငံသား ခံယူလိုသော ဆန္ဒမရှိသူ၊ သို့မဟုတ် နိုင်ငံသား ခံယူပြီးသွားသူများ အနေဖြင့်မူ မိမိတို့၏ သက်ဆိုင်ရာ နယ်မြေတရားရုံးတွင် အမည်ပြောင်းလျှောက်လွှာ တင်သွင်းရပါသည်။ မိမိတို့နေ ထိုင်ရာ ပြည်နယ်အလိုက် သတ်မှတ်ထားသော တရားရုံး ကုန်ကျစရိတ် ဒေါ်လာ တရာကျော်ခန့် ကို ပေးဆောင်ရသည်။ (တရားရုံးစရိတ်သည် ပြည်နယ်၊ ခရိုင်အလိုက် အမျိုးမျိုး ကွဲပြားနိုင်သည်။)
ဝင်ငွေနည်းသူများသည် fee waiver ခေါ် အခကြေးငွေ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။ Food stamp ခေါ် အစားအသောက် ထောက်ပံ့ကြေး၊ MediCare or Medicaid ဆေးကုသမှု ခံစားခွင့် စသည်တို့ တခုခုကို ရရှိခံစားနေသူများ၊ မိသားစုဦးရေအလိုက် သတ်မှတ်ထားသော ဝင်ငွေထက် နည်းပါးသူများသည် အထောက်အထားကို ပူးတွဲတင်သွင်း လျှောက်ထားလျှင် တရားရုံးစရိတ် ကင်းလွတ်ခွင့် ရရှိပါမည်။ မိမိတို့၏ သက်ဆိုင်ရာ တရားရုံးတွင် စုံစမ်းပြီး လျှောက်လွှာ ရယူနိုင်သည်။ သို့မဟုတ် အင်တာနက် ဝက်ဘ်ဆိုက်မှ လည်း ရနိုင်ပါသည်။
ထို့နောက်၊ တရားရုံးမှ သတ်မှတ်ထားသော သတင်းစာများအနက်မှ တစောင်တွင် အမည်ပြောင်းကြော်ငြာ ကို ရက်သတ္တ ၄ ပတ် ထည့်သွင်းရပါမည်။ သတင်းစာကြော်ငြာခမှာ ဒေါ်လာ ၁၂၀ ဝန်းကျင်ဖြစ်၍ ပြည်နယ်၊ ခရိုင်အလိုက် ကွာခြားနိုင်ပါသည်။ မိသားစုလိုက် အမည်ပြောင်းလျှင် ကြော်ငြာတခုတည်းဖြင့် ဖော်ပြနိုင်၍ စရိတ်သက်သာပါမည်။
အမည်ပြောင်းလျှောက်ထားသူ၏ နောက်ကြောင်းရာဇဝင်နှင့် ရာဇဝတ်ပြစ်မှု ကင်းရှင်းခြင်း ရှိမရှိ စစ်ဆေးပြီးနောက် တလကျော်အကြာတွင် တရားရုံးသို့ သွားရောက်ကာ တရားသူကြီး ရှေ့မှောက်တွင် တရားဝင် အမည်ပြောင်းလဲရသည်။
မြန်မာတိုင်းရင်းသားများ၏ အမည်ကိစ္စကို မိမိ၏ မျိုးရိုးတခုလုံးနှင့် သက်ဆိုင်သော သားစဉ်မြေးဆက် အရေးအဖြစ် အလေးအနက် သဘောထား လုပ်ဆောင်သင့်ကြောင်း အကြံပေး လိုက်ရပါသည်။
ကမ္ဘာသစ် လူမှုစီးပွား မီဒီယာ
kabarthit.com
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+