ခေါင်းဆောင်ကို မွေးဖွား၍မရ
![]() |
www.life-lived-forward.com |
လုပ်ငန်းခွင် ဆိုသည်မှာ ကိုယ်ကျရာ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ရခြင်း၊ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရခြင်းများက ယန္တရားတစ်ခု အသွင်ဆောင်ပါသည်။ စက်ယန္တရားကြီး တစ်ခုလုံး လည်ပတ်နိုင်စေရန်အတွက် အားလုံး အချိုးညီ ပါဝင်လှုပ်ရှားရခြင်းမှာ လုပ်ငန်းခွင် သဘော တရား ဖြစ်သည်။ ဤနေရာတွင် ‘ဟန်ချက်’ ဆိုသည့် စကားကို သုံးချင်ပါသည်။ အားလုံး ဟန်ချက်ညီညာမှ လုပ်ငန်းအောင်မြင်စေရန် အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။
လုပ်ငန်းခွင်ကို မိသားစုလုပ်ခွင် အသွင်ပြောင်းလဲချင် သူတို့က First man first post သဘောတရားများကို လက်ကိုင်ထားကြသည်။ ဆိုလိုသည်မှာ အချို့သော လုပ်ငန်းခွင်များအတွင်း ရှေ့ဆုံးက ရောက်သူသည် ဆရာကြီးများ ဖြစ်နေကြသည်။ သူတို့အထဲတွင် အလိုအလျောက် ရှေ့ရောက်သွားသူများ ရှိသကဲ့သို့ ကြိုးစားပြီး ရှေ့ရောက် သူများလည်း ရှိနိုင်ပါသည်။ သို့သော် သတိပြုထားရမည့် အချက်တစ်ခုမှာ မိသားစု လုပ်ငန်းအသွင် ဖော်ဆောင်နေသည့် (အလုပ်သဘော မဆောင်သော) နေရာများတွင်သာ First man များသည် နေရာရနိုင်ကြသည်။ First post ဆိုသည်မှာ ကိုယ့်ဘာသာကိုယ် မြှောက်သဖြင့် မြောက်နေသော ရာထူးများ ဖြစ်နိုင်သောကြောင့် အထင်ကြီးစရာ မလိုသည့် ရာထူးလည်း ဖြစ်နိုင်သည်။ ဥပမာ- ကိုယ်ထောင် ထားသည့် လုပ်ငန်းတွင် ကိုယ်က ဒါရိုက်တာ၊ ကိုယ်က စီအီးအို ကြိုက်သလို နေရာ ယူထားနိုင်သည်။
လုပ်ငန်းခွင်များတွင် နောက်လိုက်ရှိပြီး ခေါင်းဆောင် တက်ဖြစ်နေသူများနှင့် နောက်လိုက်မရှိဘဲ တစ်ယောက်တည်း ခေါင်းဆောင် ဖြစ်နေသူများလည်း ရှိနိုင်ပါသည်။ နောက်လိုက်မရှိသော အထီးတည်း ကျန်ခဲ့သောကြောင့် ခေါင်းဆောင် ဖြစ်သွားရသူများမှာ ပိုပြီး သတိထားရသည်။ ကိုယ်နှင့် ထိုက်တန်သော နေရာတွင် ကျန်ခဲ့ခြင်းလား၊ မမှန်သော နေရာတွင် ကျန်ခဲ့ခြင်းလား ပြန်ပြီးတွေးဆ သင့်သည်။
လုပ်ငန်းခွင်တွင် First man များမလို။ Work man များသာလိုသည်။ Work man များကို ပထမနေရာ မပေးနိုင်သည့် လုပ်ငန်းခွင်များသည် ကျဆုံးတတ်သည်။ ကိုယ်လုပ်နိုင်လျှင် ရှေ့ဆုံးက နေရာယူထားပြီး မလုပ်နိုင်လျှင် နောက်ဆုတ် ပေးလိုက်ခြင်းက လုပ်ငန်းခွင် တိုးတက်စေမှုကို ရှေးရှုနေပါသည်။
ကိုယ်ကလည်း မလုပ်နိုင်၊ နောက်လည်း မဆုတ်ပေးလျှင် မအောင်မြင်နိုင်သည့် သဘောတရားကို ကော စွာ သိသည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီးက ဘီလ်ဂိတ်စ်သည် ဘောမားကို နေရာပေးပြီး ကုမ္ပဏီက ထွက်ထိုင်ကာ အလှူအတန်းများလုပ်ပြီး သူဌေးဘွဲ့ကို ကောင်းစွာခံသည်။ ဘောမားကလည်း သူ့ဆောင် ရွက်နိုင်စွမ်းများ အားနည်းလာချိန်တွင် ဆတ္တရာနာ ဒဲလားလက်ကို လွှဲပြီး ထွက်သွားသည်။ လက်ဆင့် ကမ်း နေရာပေးခြင်းများကို နိုင်ငံခြား ကုမ္ပဏီကြီးများတွင် အလွန်အလေးထားသည်။ သူတို့က Work man first post စနစ်ကိုသာ ကျင့်သုံးသည်။ လုပ်နိုင်သူ ဦးဆောင်စနစ်ကသာ လုပ်ငန်းခွင်ကို ကယ်မနိုင်မည့် အကောင်းဆုံး စနစ်ဖြစ်သည်။
ကမ္ဘာကျော် Apple ကုမ္ပဏီကြီးတွင် တီထွင်ပါရဂူကြီး ဖြစ်သည့် စတိဂျော့ဗ် ကွယ်လွန်သွားစဉ်က Apple တော့သွားပါပြီဟု ထင်မှတ်ပြီး ရှယ်ယာဈေးများပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရသည်။ သို့သော် Apple ကုမ္ပဏီအတွက် နောက်တက်သည့် တင်မ်ကွတ်သည် သူ့တာဝန် သူထမ်းဆောင်သည်။ သူ့အလုပ်ကို သူကောင်းစွာ လုပ်နိုင်သည်။ သူ့ကြောင့် iPhone လောကသည် မှေးမှိန်မသွားဘဲ အရှိန်ဖြင့် တက်နေသည်။ ကမ္ဘာတစ်ဝန်းလုံးက iPhone ကိုမှ မသုံးရလျှင် ခေတ်မမီချင်သလို ဖြစ်စေရန် စွမ်းဆောင်ပြနိုင်ခြင်းကြောင့် သူသည် Work man first post နေရာကို အလိုလို ရောက်လာရသည်။
လုပ်ငန်းခွင်များတွင် First man first post သဘောတရားများ ကျဆုံးလာခဲ့ပြီ ဖြစ်သည်။ နိုင်ငံတကာ ကုမ္ပဏီ ကြီးများသည် ဘာလုပ်ပြနိုင်သလဲဆိုသည့် Work man များဖြင့်သာ ပိုင်းဖြတ်ပြီး ရှေ့တန်းပို့ကာ လုပ်ဆောင်နေချိန်တွင် First man များအနေနှင့် ကိုယ့်အဆင့် မည်သည့်နေရာတွင် ရှိရမည်ကို မိမိ ကိုယ်တိုင် သတ်မှတ်မည်လော၊ အများက သတ်မှတ်မှုကို ခံမည်လော ဆိုသည်မှာ ပိုင်းဖြတ်ရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။
Jack Welch က “သင်ခေါင်းဆောင် မဖြစ်မီ ကြိုးစားရမည်။ ကြိုးစားပြီး ခေါင်းဆောင် တက်ဖြစ်လာလျှင် အခြားသူကို ခေါင်းဆောင် တင်မြှောက်နိုင်စေရန် ကြိုးစားရမည်” ဆိုသည့် စကားသည် မုဒိတာ ပွားစရာစကား ဖြစ်ပါသည်။ “ကိုယ်လည်း မလုပ်နိုင်၊ လုပ်နိုင်သည့် သူကိုလည်း နေရာမပေးသူများသည် ပြိတ္တာကြီးတွေ ဖြစ်သည်” ဟု ဆရာတော်တစ်ပါးက ဟောကြားခဲ့ဖူးပါသည်။
မည်သည့်နေရာတွင် မဆို ‘ငါမရှိ မဖြစ်’ ဆိုသည့်စိတ်မျိုး မထားသင့်ပေ။ ငါမရှိလည်း ငါ့ထက်ကောင်းအောင် လုပ်နိုင်သူတွေ အများကြီး ရှိနေကြောင်း သတိပြုသင့်သည်။ လူတိုင်းတွင် အစွမ်းအစနှင့် ဖြစ်သည်။ အစွမ်းသည် အစပြုခွင့် ရမှလည်း စွမ်းကြောင်းသိနိုင်သည်။ စွမ်းကြောင်း ပြခွင့်မပေးလျှင် လုပ်ငန်းခွင် လက်ဝါးကြီး အုပ်ရာကျပြီး မတိုးတက်နိုင်ပေ။
ကိုယ်ဦးဆောင်နေစဉ်ကာလ ဘာတွေများ တိုးတက်ခဲ့သနည်း။ တိုးတက်သည်ဆိုစေ ကိုယ်က မည်မျှအထိ ပါဝင်လုပ်ဆောင် နိုင်ခဲ့သနည်း။ အများလုပ်သဖြင့် ကောင်းစားသွားခဲ့သည့် လုပ်ငန်းများတွင် ‘ငါလုပ်တာ’ ဆိုပြီး နေရာဝင်ယူသူ များနေချိန်၌ ခေါင်းဆောင် ဖြစ်နိုင်သည့် အရည်အချင်းရှိသူ ဘယ်နှယောက်ကို ငါတို့နေရာ ပေးပြီးပြီလဲ ဆိုသည်ကို ပြန်ပြီး ဆင်ခြင်သင့်ပါသည်။
“ခေါင်းဆောင်ကို မွေးဖွား၍မရ၊ ခေါင်းဆောင်ကို ဖန်တီးယူရသည်” ဆိုသော Warren Bennis ၏ စကား ကိုသာ ကြားနေမိတော့သည်။
စိုင်းမျိုးထွန်း
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) မဖြစ်သင့်သော ရွေ့လျား ပြောင်းလဲလာသည့် မြန်မာ စကားလုံးများ အကြောင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) အမျိုးသား မော်ဒယ်လ်ဈေးကွက် ပြောင်း မပြောင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်