Frozen shoulder အေးခဲသွားတဲ့ ပခုံး

ဒီစာကို လွန်ခဲ့တဲ့ ၂ဝ၁ဝ နှစ် ကုန်ရက်မှာ ရေးခဲ့တာပါ။ ကနေ့ မိသားစု ဆရာဝန်နဲ့ ပဌမဆုံး ဆေးစစ်တာ လုပ်ရပါတယ်။ ကာလသားရောဂါလဲ ကင်းရှင်း၊ လူကြီးရောဂါလဲ မရှိ၊ ကူးစက်ရောဂါလဲ ရှာမတွေ့ထားတဲ့ ဆေးစစ် ချက်က ရှိထားပြီးသားပါ။ ကနေ့ စစ်တော့လဲ နှလုံးခုန်တာ နည်းနည်းမြန် တာကလွဲရင် အပြစ်အနာအဆာ မရှိပါ။ အဲ့ ဘယ်ဘက် ပခုံးနာနေ တာတော့ ၅ လ လောက် ရှိပြီဆိုတာ ပြောလိုက်ပါတယ်။ ‘ဖီဇီယိုသာရာပီ’ ၆ ပါတ်အတွက် ရက်ချိန်း ယူရမယ်တဲ့။ အနာသက်သာဆေး အပြင် ကြွက်သား ပြေလျှော့ဆေးလဲ ရေးပေးတယ်။ ကျွန်တော်တို့လို Medicaid ရထားသူတွေဆိုရင် ဘယ်ဆေးဝယ်ဝယ် တမယ်ကို ၃ ကျပ် (US$3) သာပေးရမယ်။

ပခုံးမှာ ရောဂါရလို့ သူ့အလုပ်သူ မလုပ်နိုင်တော့တာကို ဆေးစာမှာ Frozen shoulder “ပခုံးခဲသွားတယ်” လို့ တင်စား ခေါ်တယ်။ တကယ် ခဲသွားတာတော့ မဟုတ်ပါ။ ပခုံးဆစ်ရဲ့ အဖုံးလွှာ ရောင်ရာကနေ (ပလာစတာ) လိုလဲ ဖြစ်သွားလို့ Adhesive capsulitis လို့ပါ ခေါ်သေးတယ်။ အလွန်နာပါတယ်။ ပခုံးက အထက်မြှောက်မရ၊ စက်ဝိုင်းလိုလဲ လှည့်မရပါ။ ဘာမှ မလုပ်တာတောင် နာနေတတ်တယ်။

ခိုက်မိရာကနေလဲ ဖြစ်တတ်တယ်။ Tendonitis ခေါ်တဲ့ အရွတ်ကြော ရောင်တာကလဲ ဖြစ်တယ်။ Bursitis အဆစ်တွေမှာ ချောဆီရှိနေတဲ့ အိတ်ရောင်လို့လဲ ဖြစ်တယ်။ Autoimmune reaction ဆိုတဲ့ ရောဂါပြီးစနစ် ကမောက်ကမဖြစ်လို့လဲ ဖြစ်တယ်။ ပခုံးဆစ်မှာ ဖုံးနေတာက ရောင်တော့ ကြာရင် အမာရွတ် ဖြစ်လာတယ်။ အသက် ၄ဝ နဲ့ ၆၅ ကြားလူတွေ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ဆီးချိုရှိသူ ပိုဖြစ်တယ်။ အလှုတ်အရှား နည်းသူတွေ ပိုဖြစ်တတတ်သလို အဆစ်ကို လိုတာထက် ပိုလုပ်သူတွေလဲ ပိုဖြစ်တယ်။ ပခုံးကို ခွဲစိတ်ခံရကနေလဲ ဖြစ်နိုင်တယ်။ လည်ပင်ကြီး ဟော်မုန်း များသူ၊ နှလုံး-သွေးကြောရောဂါရှိသူ၊ စိတ်ကျရောဂါ ခံစားနေရသူတွေနဲ့ Parkinson’s disease ဆိုတဲ့ အာရုံကြောရောဂါ ရှိသူတွေမှာလဲ ပိုဖြစ်တာ တွေ့ရတယ်။

ရောဂါရာဇဝင်မေး၊ လူနာကို စစ်ဆေးပြီး X-ray နဲ့ MRI scan တွေနဲ့ ရောဂါနာမယ်ကို သေခြာအောင် လုပ်ပါတယ်။

ကုသရာမှာ -
• Anti-inflammatory drugs (NSAID) အနာ-အကိုက်ပျောက်ဆေး၊
• Cortisone injections အဆစ်ထဲကို ကော်တီဇုန်းဆေး ထိုးပေးတာ၊
• Physical therapy ဖီဇီယိုနဲ့ ကုသတာတွေ လုပ်ပေးတယ်။ ကြာတော့ ကြာပါမယ်။
• Prednisone ဆိုတဲ့ (ကော်တီဇုန်း) ဆေးကို စပေးချိန်မှာ တနေ့မှာ ၂ ပြား ၄ ကြိမ်ကနေ၊ နောက်မှာ ၂ ပြား ၃ ကြိမ်၊ နောက် ၂ ပြား ၂ ကြိမ်၊ နောက် ၁ ပြား ၃-၂ ကြိမ် ဆိုသလို တပါတ်တခါ လျှော့လျှော့ ပေးရပါတယ်။ ဂကော်တီဇုန်း) ဆေးက ဘေးထွက်ဆိုကျိုး မနည်းလှပါ။
• ဆေးတွေက ရောင်နေတာနဲ့ နာတာသက်သာစေဘို့ပါ။
• လေ့ကျင့်ခန်းကလဲ အတော်အရေးပါတယ်။
• လိုအပ်ရင် ဆရာဝန်က မေ့ဆေးပေးပြီး ဖြစ်နေတဲ့ အဆစ်ကို လှုတ်ရှားပေးမယ်။ အမာရွတ်တွေ ချိုးဖျက်သလို ဖြစ်စေမယ်။ တခါမကလဲ လုပ်ရတတ်တယ်။
• Arthroscopic surgery ဆိုတဲ့ အနုစိတ်ခွဲစိတ်မှုလုပ်ပြီး အမာရွတ်တွေကို ရှင်းထုတ်ပါတယ်။

အနာအကိုက်ပျောက်ဆေးဆိုတာ အမျိုးမျိုးရှိလို့ တခုမဟုတ် တခု ပြောင်း သုံးနိုင်ပါတယ်။ ဆေးကုတာမှာ Aggressive treatment ခေါ်သလို ခပ်ကြမ်းကြမ်းနည်း သုံးရပါတယ်။ ဒါတွေ အကုန် လုပ်တာတောင် မှ ပြန်မကောင်းတာလဲ ရှိတတ်တယ်။ မကုတာထက် အများကြီး သက်သာ၊ ကောင်းမွန် ပျောက်ကင်းစေနိုင် ပါတယ်။

Intra-articular injection Shoulder
Choice of steroid
- Hydrocortisone acetate 0.002
- Methylprednisolone acetate 0.001
- Prednisolone tebutate 0.001
- Triamcinolone acetate 0.004
- Triamcinolone hexacetonide 0.0002

နှစ်သစ်မှာ အဆစ်နာ ကင်းကြပါစေ။

Dr. တင့်ဆွေ
၃၁-၁၂-၂ဝ၁ဝ
၃ဝ-၁ဝ-၂ဝ၁၄
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...