တစ်ကိုယ်ကောင်းဆန်မှု...

တစ်ခါတုန်းက ကြောင်တစ်ကောင်ဟာ မုဆိုးရဲ့ ပိုက်ကွန်ထောင်ချောက်ထဲမှာ ဖမ်းမိသွားတယ်။ အနီးအနားရှိ တွင်းတစ်တွင်းမှာ နေထိုင်တဲ့ ကြွက်တစ်ကောင်က ပိုက်ကွန်ထဲမှာ မိနေတဲ့ ကြောင်ကိုမြင်ပြီး သူနဲ့ သွားကစားတယ်။
သိပ်မကြာခင်မှာပဲ မြွေပါတစ်ကောင် ရောက်လာတယ်။ မြွေပါက ကြွက်ကို စားဖို့ ချောင်းနေတယ်။ သစ်ပင်ပေါ်က ဇီးကွက်ကလည်း မြွေပါကို ဖမ်းသုတ်ဖို့ ကြိုးစားနေတယ်။ ဒါကို သိလိုက်တဲ့ မြွေပါက သူ့ကိုယ်သူကာကွယ်ဖို့ ကြောင်ရဲ့ ပိုက်ကွန်အနီးကို သွားလိုက်တယ်။

ဒီအခါ ကြွက်က "မုဆိုးက ကြောင်ကို လာယူသွားရင် မြွေပါက ငါ့ကို ချမ်းသာပေးမှာ မဟုတ်ဘူး... ပြီးတော့ ဇီးကွက်ကလည်း ငါတို့နှစ်ကောင်စလုံးကို စားဖို့ ဒီမှာရှိနေတယ်..." ဆိုပြီး စဉ်းစားလိုက်တယ်။

အဲဒီနောက် ကြွက်က ကြောင်ဆီသွားပြီး "ကျွန်ုပ်အသက်ကို မြွေပါနဲ့ ဇီးကွက်ရန်က ကာကွယ်ပေးမယ်လို့ ကတိပေးရင် သင့်ရဲ့ ပိုက်ကွန်ကို ကိုက်ဖြတ်ပေးမယ်..." လို့ ပြောလိုက်တယ်။ ကြောင်က သဘောတူလိုက်တယ်။ ဒီလိုနဲ့ ကြွက်လည်း ပိုက်ကွန်ကို ဖြည်းဖြည်းချင်း စပြီးကိုက်ဖြတ်တယ်။ မုဆိုး အနားရောက်ခါနီးလေးမှာ ကြောင်က လွတ်သွားတယ်။ ကြောင်လွတ်သွားတော့ မြွေပါလည်း ထွက်ပြေးသွားတယ်။ သူတို့အားလုံး လွတ်သွားတာကိုမြင်တော့ ဇီးကွက်က အလွန် စိတ်ပျက်သွားတယ်။

ရက်အနည်းငယ်အကြာမှာ ကြောင်က အရမ်းဆာလောင်နေတယ်။ ဒါနဲ့ ကြွက်တွင်း အဝနားကိုသွားပြီး သူနဲ့ထွက်ပြီး ကစားဖို့ ကြွက်ကို တောင်းဆိုတယ်။

ဒီအခါ ပါးနပ်တဲ့ ကြွက်က..."ခင်မင်ရင်းနှီးမှုကို အကြောင်းပြုပြီး သင့်ရဲ့အသက်ကို ကျွန်ုပ်ကယ်တင်ခဲ့သလို ကျွန်ုပ်ရဲ့အသက်ကိုလည်း သင်ကယ်ခဲ့တယ်... ယခု သင့်အိမ်ကို ပြန်နိုင်ပါပြီ..." လို့ ပြောလိုက်တယ်။

(တစ်ကိုယ်ကောင်းဆန်သူတွေနဲ့ ခင်မင်ရင်းနှီးမှုကို မပျိုးထောင်ပါနဲ့။)


Peace ✌️
✌️

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...