“သတိပါတဲ့ အချစ် နဲ့ ချစ်”

“အနာဂါမ်” မဖြစ်သရွေ့တော့ အချစ်ဆိုတာ လူသား တိုင်းမှာ ရှိနေကြ ဦးမှာပါပဲ။ အနာဂါမ် ဖြစ်မှပဲ အဲဒီ “အချစ်”ဆိုတာက မရှိတော့ မှာပါ။
●တစ်ချို့က “အချစ်မရှိဘူး ၊အချစ်မရှိဘူး” နဲ့ပြော တတ် ကြပေမယ့်၊ အနာဂါမ် မဖြစ်သေးဘူး
ဆိုရင် တော့ စကားလုံးနဲ့ ပြောနေတာပဲ ရှိမှာပါ။ တကယ်မရှိတာ မဟုတ်ပါဘူး။

အချစ် က ၃ မျိုး ရှိပါတယ်။
●(၁)။ ဝီတိက္ကမ အချစ် =(အာရုံ တစ်ခုခုကို တွေ့ပြီး ကိုယ်နှုတ်ကို မစောင့် ထိန်းနိုင်တော့ဘဲ ကာယကံ မြောက်၊ ဝစီကံမြောက် လွန်ကျူးလိုက်တဲ့ အချစ်)
●(၂)။ ပရိယုဋ္ဌာနအချစ် =(စိတ်ထဲကပဲ ထကြွ သောင်းကျန်းနေတဲ့ အချစ်)
●(၃)။ အနုသယ အချစ် =(သတ္တဝါတွေရဲ့ သန္တာန်မှာ အစဉ်သဖြင့် ကိန်းနေတဲ့ အချစ်၊ ပဋ္ဋိသန္ဓေကတည်းက ပါလာတဲ့ အချစ်ပါ။)

လောကကြီးမှာ “အချစ်မရှိတဲ့သူ” ဆိုတာ မရှိပါဘူး။ အရွယ်၊ ပညာ၊ ဂုဏ် စသည်တွေကို ထောက်ပြီး
“ဝီတိက္ကမ အချစ် နဲ့ ပရိယုဋ္ဌာန အချစ်” သာ မရှိရင်နေမယ်။“အနုသယ အချစ်”ကတော့ ပုထုဇဉ် လူသား တိုင်းရဲ့သန္တာန်မှာ ကိုယ်စီ ရှိနေကြပါတယ်။

အဲဒီအချစ်ကို ဘာနဲ့တားမလဲ ဆိုရင်. . .
●“ဝီတိက္ကမ အချစ်”ကို သီလနဲ့ တားရပါတယ်။
●“ပရိယုဋ္ဌာနအချစ်”ကို သမာဓိနဲ့ တားရပါတယ်။ သမာဓိဖြစ်တဲ့ ကမဋ္ဌာန်း လေးဆယ်ထဲက တစ်ခုခုပွါးနေ ရင် တားပြီးသား ဖြစ်နေပါတယ်။
●“အနုသယ အချစ်”ကိုတော့ ပညာလို့ခေါ်တဲ့ ဝိပဿနာ နဲ့ တားရပါတယ်။

ဒါပေမယ့် အနုသယ အချစ်ကို အကြွင်းမဲ့တော့ တားလို့မရပါဘူး။ တဒင်္ဂအနေနဲ့ပဲ တားလို့ ရပါတယ်။ ဝင်တယ်၊ ထွက်တယ်၊ ဖောင်းတယ် ၊ ပိန်တယ် စသဖြင့် ရှုမှာနေဆဲ အခိုက်အတန့် မှာတော့ တဒင်္ဂ အနေနှင့် တားပြီးသားဖြစ်နေ ပါတယ်။

ပုထုဇဉ်တွေ ဆိုတော့ မချစ်ပါနဲ့ ပြောလည်း ချစ်ကြမှာပါ။ ချစ်ပါ။ ဘယ်လို ချစ်မလဲ။ ချစ်တဲ့နေရာမှာ သတိ ပါတဲ့ အချစ်နဲ့ သတိမပါတဲ့ အချစ်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အဲဒီတော့ ပုထုဇဉ်ပီပီ ချစ်စရာရှိလို့ ချစ်မယ်ဆိုရင် လည်း သတိပါနဲ့ အချစ်နဲ့ ချစ်ဖြစ်ဖို့ လိုပါတယ်။

သတိပါတဲ့ အချစ်ကတော့ ချစ်စရာ အာရုံတစ်ခုကို တွေ့ရင် ချစ်သင့်သလား၊ မချစ်သင့်ဘူးလား ချစ်အပ် လား၊ မချစ်အပ်ဘူးလား။ ကိုယ့်ရဲ့ချစ်ခင် တွယ်တာမှုဟာ လွန်လွန် ကဲကဲဖြစ်နေလား စသည်ဖြင့် အသိ ဉာဏ်က တွဲတွဲပါနေ တတ်ပါတယ်။ ဒီတော့ လောကပြစ်၊ သံသရာပြစ်တွေလည်း မဖြစ်တော့ပါဘူး။
အချစ်မှာ အရေးအကြီးဆုံးက လောကပြစ်၊ သံသရာပြစ် မဖြစ်ဖို့က အဓိကပါ။

သတိပါတဲ့ အချစ်နဲ့ ချစ်ကြတဲ့ သူတွေကို လောကသဘာဝအရ ဘယ်သူ့မှ အပြစ်မမြင်ပါဘူး။

သတိမပါတဲ့ အချစ်နဲ့ ချစ်မိရင်တော့ လောကပြစ်၊ သံသရာပြစ်တွေက တန်းစီနေသလို၊ ကိုယ့်ပတ်ဝန်းကျင် ကလည်း အပြစ်မျိုးစုံ တင်ကြတော့မှာပါ။

အချစ်ကြောင့် ကျောင်းပညာရေး ဆုံးရှုံးတာ၊
အချစ်ကြောင့် ဘဝရည်မှန်းချက်ကို စွန့်လွှတ်လိုက်ရတာ၊
အချစ်ကြောင့် အချိန်တွေ အလဟဿ ကုန်ဆုံးရတာ၊
အချစ်ကြောင့် အလုပ်တွေ ဆုံးရှုံးလက်လွှတ် လိုက်ရတာ၊
အချစ်ကြောင့် ထောင်ကျရတာ၊
အချစ်ကြောင့် ငရဲကျရတာ စသည်ဖြင့်
ဆိုးကျိုးတွေ အများကြီးပါပဲ။
ဒါတွေဟာ သတိမပါတဲ့ အချစ်နဲ့ ချစ်မိလို့ရတဲ့ ဆိုးကျိုးတွေပါ။

တကယ်လို့ အချစ်တစ်ခု ဆုံးရှုံးလိုက်ရတယ်။ ဘာဖြစ်လဲ။ လူဆိုတာ အချစ်တစ်ခုတည်းနဲ့ အသက်ရှင်နေ တာ မှ မဟုတ်တာ။ တခြား ယုံကြည်ချက်တွေလည်း ရှိနေသေးတာပဲ။ အဲဒီ ယုံကြည်ချက်တွေနဲ့ ဘဝကို တည်ဆောက် လိုက်ရုံပဲပေါ့။ အချစ်ဆိုတာ ဘဝမှာ တစ်သက်လုံး ပြဋ္ဌာန်း မနေသင့်ပါဘူး။ ဘဝရဲ့ အစိတ် အပိုင်းတစ်ခု အနေနဲ့ပဲ ရှိနေသင့်ပါတယ်။

ဝိရဇ=ရာဂ စတဲ့မြူမရှိအောင် နေခြင်း ဟာ မင်္ဂလာပါတဲ့။ ရာဂစတဲ့ ကိလေသာတွေကို မြူနဲ့ တင်စားပြီး ပြော ထားတာပါ။ ပကတိမြူတွေဟာ ကိုယ်ပေါ်ကျရင် ညစ်ပေ ညစ်နွမ်းရသလို၊ ရာဂစတဲ့ ကိလေသာတွေ ကိုယ့်သဏ္ဌာန်မှာ ကျရောက်လာရင်လည်း စိတ်ကော၊ ရုပ်ကော ညစ်နွမ်းရတော့တာပါ။

“ရာဂ” စတဲ့ မြူများများ ရှိတဲ့သူဟာ များများညစ်နွမ်းရမယ်။ နည်းနည်းရှိတဲ့ သူဟာ နည်းနည်းပဲ ညစ်နွမ်း ရမယ်။ လုံးဝမရှိတော့ရင် မညစ်နွမ်းတော့ပါဘူး။ ရာဂစတဲ့ မြူရှိသရွေ့ သံသရာမှာ ကျင်လည်နေရ ဦးမှာပါ။
သံသရာမှာ ကျင်လည်နေသရွေ့တော့ ငိုတစ်ခါ ရယ်တစ်လှည့်နဲ့ လောကဇာတ်ခုံပေါ်မှာ ကနေရကြဦးမှာပါ။

မြူကင်းချင်တယ်၊ အချစ်ကင်းချင်တယ် ဆိုရင်တော့ ဝိပဿနာအားထုတ်မှပဲ ကင်းမှာပါ။

●ဆယ့်ငါးမိနစ် ဝိပဿနာ တရား အားထုတ်လို့ ဆယ့်ငါးမိနစ် အချစ်ကင်းတယ်ဆိုရင် ဆယ့်ငါးမိနစ် ချမ်းသာမှာ ပါ။
●နာရီဝက် ဝိပဿနာ တရားအားထုတ်လို့ နာရီဝက် အချစ်ကင်းတယ် ဆိုရင် နာရီဝက် ချမ်းသာမှာပါ။

ချစ်စရာတွေ အများကြီးရှိနေတဲ့ ဒီလောကကြီးထဲမှာ အချစ်မရှိတဲ့ လူသား တစ်ယောက်အဖြစ် တစ်နေ့ကို ဆယ့်ငါးမိနစ်လောက်ပဲ ဖြစ်ဖြစ်၊ နာရီဝက်လောက်ပဲ ဖြစ်ဖြစ် နေကြည့်သင့်ပါတယ်။ အချစ်မရှိတဲ့ လူသား တစ်ယောက်မှာ ဘယ်လောက် ချမ်းသာတယ်ဆိုတာ သိသွားအောင် လို့ပါ။

ပုထုဇဉ်ပီပီ “မချစ်ရရင် မနေနိုင်တာက လွဲလို့”ဆိုရင်လည်း သတိပါတဲ့ အချစ်နဲ့ ချစ်ဖြစ်လိုက်ဖို့ ပါပဲလေ။

အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“မင်္ဂလာအတွေးများ”မှ-ကောက်နှုတ် ပူဇော်မျှဝေပါသည်။】
(အလင်းတန်းဂျာနယ်- ၅.၇.၂၀၀၄)

-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association 】
Posted by www.facebook.com/youngbuddhistassociation.mm
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...