အောက်ကမြစ်၊ ဝစ္စပေါက်၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး
Written by မောင်ခင်မင် (ဓနုဖြူ)
အရင်အပတ်က လာဖူးသော မူလတန်းပြ ဆရာမ ကလေးနှင့် မိန်းကလေး တစ်စု ရောက်လာ ကြ သည်။ ဆရာမ ကလေးက စကားစသည်။
“ဆရာကြီး၊ သူတို့က သမီးနဲ့ တစ်ကျောင်းတည်း အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေပါ။ သူတို့လည်း သမီးလိုပဲ မူလတန်း ကလေးတွေကို သင်ရပါတယ်”
“ဟုတ်ပါပြီကွယ်။ သမီးတို့မေးစရာရှိလို့ ထပ်လာတာ ထင်ပါရဲ့”
“ဟုတ်ကဲ့ပါ။ အရင်အပတ်က ဆရာကြီးပြောထားတဲ့ စာလုံးပေါင်းပုံ အခေါ်တွေထဲက ကျန်တာကလေး တွေ ဆက်မေးပါရစေ ဆရာကြီး”
“မေးပါ၊ ဘာတွေကျန်နေပါလိမ့်”
“ဆရာကြီးက တစ်ချောင်းငင်၊ နှစ်ချောင်းငင်တို့ သဝေထိုးတို့အထိ ရှင်းပြတာ သမီးမှတ်ထားပါတယ်။ ဒါဆိုရင် သေးသေးတင်လို့ခေါ်တာက အပေါ်မှာ အစက်သေးသေးကလေး တင်ထားလို့ပေါ့နော် ဆရာ ကြီး”
“ဟုတ်တာပေါ့။ အပေါ်မှာ အလုံးကြီးတင်လို့ လုံးကြီးတင်လို့ခေါ်သလို အလုံးသေးသေးတင် ထားလို့ သေးသေးတင်လို့ ခေါ်တာပါ။ အစက်ကလေးလို့လည်း ပြောလို့ရပါတယ်”
“ဟုတ်ကဲ့ပါ”
“အဲဒီသေးသေးတင်က ‘မသတ်’ နဲ့ အသံချင်းတူတယ်ကွဲ့။ မသတ်ရဲ့ အတိုကောက်လို့လည်း ဆိုနိုင် တယ်”
“ရှင်းပြပါဦး ဆရာကြီး”
“ဆိုပါတော့ကွယ်။ ကကိုသေးသေးတင်ပြီး ‘ကံ’ လို့ရေးရင် ကန်/လို့ အသံထွက်တယ်မဟုတ်လား။ အဲဒီလိုပဲ၊ ကကို မသတ်ပြီး ‘ကမ်’ လို့ရေးရင်လည်း/ကန်/လို့ပဲ အသံထွက်တယ်လေ” (ကျွန်တော်က မြန်မာ အဘိ ဓါန်မှာ အသံထွက်ဖော်ပြပုံအတိုင်း/ကန်/ဟု ရေးပြလိုက်သည်။)
“ဟုတ်ကဲ့ပါ”
“အဲဒီလိုပဲ၊ ကကိုသေးသေးတင်ပြီး တစ်ချောင်ငင်တဲ့ ‘ကုံ’ နဲ့ ‘မ’ သတ်တဲ့ ‘ကုမ်’ ဟာလည်း အသံထွက် အတူတူပဲလေ”
“နားလည်ပါပြီ ဆရာကြီး။ ဒါဆိုရင်သဝေထိုးရေးချရှေ့ထိုးမှာပါတဲ့ ရှေ့ထိုးကလည်း ရှေ့ကိုထိုးကွေ့ ထားတဲ့ အကောက်လေးကလေးမို့ ရှေ့ထိုးလို့ခေါ်တာပေါ့နော် ဆရာကြီး”
“ဒါပေါ့ကွယ်”
“ဝစ္စပေါက် ဆိုတာကရော၊ ဘာကြောင့် အဲဒီလိုခေါ်တာပါလဲဆရာကြီး”
“အဲ . . . . . ဒါဆိုရင်အောက်မြစ်နဲ့ ဝစ္စပေါက်ဆိုတဲ့ အစက်ကလေးတွေ အကြောင်းရှင်းပြဖို့ လိုမယ် ထင်တယ်”
“ရှင်းပြပါဆရာကြီး”
“သမီးတို့ မြန်မာစာရေးရင် အဲဒီအောက်မြစ်နဲ့ ဝစ္စပေါက်ကို မကြာခဏသုံးရတယ်မဟုတ်လား”
“ဟုတ်ပါတယ် ဆရာကြီး”
“ကဲအောက်မြစ်ကို ဘယ်လိုသုံးရတယ်ဆိုတာ ပြောကြည့်စမ်းကွယ်”
“ဟုတ်ကဲ့ပါ။ ‘ငါ့စာအုပ်’ လို့ရေးရင် ‘င ရေးချငါ’ လို့ရေးပြီးအောက်မြစ်ထည့်လိုက်တော့ ‘ငါ’ ဖြစ်သွားပါ တယ် ဆရာကြီး”
“ဟုတ်ပြီ။ အဲဒီလိုဆိုရင် သမီးတို့ကလေးတွေကို သင်သလိုအောက်မြစ်ပါတဲ့ စာလုံးတစ်လုံးစီ စာလုံး ပေါင်းပြ ပါလား”
“ဟုတ်ကဲ့။ သရေးလုံးကြီးတင်ဆန်ခတ် သီ အောက်ကမြစ် ‘သီ’ ပါ”
“လရေးနှစ်ချောင်းငင်လူ၊ အောက်ကမြစ် ‘လူ့’ ပါ”
“သဝေထိုး မရေ ‘မေ’ ၊ အောက်ကမြစ် ‘သီ့’ ပါ”
“ကကြီးရေနသတ်ကန် အောက်ကမြစ် ‘ကန့်’ ပါ”
“ဟုတ်ပြီ ဟုတ်ပြီ။ သမီးတို့ ခုဆိုပြတာတွေကို ပြန်စဉ်းစားကြည့်စမ်း။ အောက်မြစ်မထည့်ခင်က စာလုံးနဲ့ အောက်မြစ် ထည့်လိုက်တဲ့ စာလုံးဟာ အသံတူသေးသလား”
“မတူပါဘူး၊ ပြောင်းသွားပါတယ်ဆရာကြီး”
“ဒီမှာ . . . . ဆရာရေးပြမယ်။ ကျွန်တော်က ‘ငါ-ငါ့၊ သီ-သီ့၊ လူ-လူ့၊ မေ-မေ့၊ ကန်-ကန့်’ ဟု သူတို့ဆို သွားသော စာလုံးများကို ရေးပြလိုက်သည်။”
“ရှင်းအောင်ပြောရရင် အောက်မြစ်က အသံရှည်ကို တိုသွားအောင် ပြောင်းပစ်လိုက်တယ်လို့ ပြောရမှာ ပေါ့။ ‘ငါ’ ဆိုတာ အသံရှည်တယ်။ ငါ . . . . လို့ရှည်ရှည်ဆွဲပြီး ဆိုလို့ရတယ်။ အဲဒီ ‘ငါ’ ကို အောက်မြစ် ထည့် လိုက်တော့ ‘ငါ့’ ဆိုပြီးအသံတိုသွားတယ်မဟုတ်လားကွယ်။ ကျန်တဲ့စာလုံးတွေလည်း အသံရှည် ကနေ အသံတိုကိုပြောင်းသွားတာပဲလေ။ အဲဒီ ‘အောက်မြစ်’ ကိုသမီးတို့ဆိုသလို ‘အောက်ကမြစ်’ လို့ လည်း ဆိုကြပါတယ်။ ‘အောက်ကမြစ်’ ဆိုတဲ့ အဓိပ္ပာယ်ကိုရော သမီးတို့သိသလား”
“မသိပါဘူး ဆရာကြီး”
“ ‘မြစ်’ ဆိုတာ ‘တားမြစ်’ တဲ့ အဓိပ္ပာယ်ပဲ။ အသံရှည်ကို တိုသွားအောင် စာလုံးအောက်က တားမြစ် လိုက်တဲ့ အစက်ကလေးမို့ အောက်ကမြစ်လို့ ခေါ်တာပေါ့ကွယ်”
“နားလည်ပါပြီ ဆရာကြီး”
“အဲဒီလိုပဲ။ ဝစ္စပေါက်ဆိုတဲ့ အစက်ကလေးနှစ်စက်ကလည်း အသံရှည်ကို လေးလေး ပင်ပင်ဖြစ် သွား အောင် ပြောင်းပေးတဲ့အစက်ကလေးတွေပဲကွဲ့။ ‘ကာ’ ဆိုတဲ့ အသံရှည်ကိုနောက်က ဝစ္စပေါက်ထည့် လိုက်ရင် ‘ကား’ ဆိုပြီး အသံလေးလေးပင်ပင် ဖြစ်သွားတာပေါ့ကွယ်။ ဝစ္စပေါက်ပါတဲ့ စာလုံးတွေအား လုံး အသံရှည်ကနေပြီး လေးလေးပင်ပင် အသံမျိုး ပြောင်းသွားတာပေါ့”
“ဟုတ်ကဲ့ပါဆရာကြီး။ ဝစ္စပေါက်ကို ဝစ္စနှလုံးပေါက်လို့ ခေါ်တာလည်း ကြားဖူးပါတယ် ဆရာကြီး”
“အေး . . . . ဝစ္စပေါက်ကတော့ ပါဠိစကား ‘ဝိသဇ္ဇနီယ’ ကိုယူပြီး ‘ပေါက်’ ဆိုတဲ့ မြန်မာစကားနဲ့တွဲ ထား တာပဲ။ အစက်အပေါက်ကလေးနှစ်စက် ပေါက်ထားတယ်လို့ ဆိုလိုတာပါ။ ‘ရှေ့ကပေါက်’၊ ‘ရှေ့က နှစ်လုံးပေါက်’ လို့လည်း ခေါ်ကြသေးတယ်ကွဲ့”
“ဟုတ်ကဲ့ပါ”
“ဒီတော့ အဲဒီအောက်မြစ်နဲ့ ဝစ္စပေါက်ဟာ စာလုံးတစ်လုံးကို အသံပြောင်းပေးတဲ့ အမှတ်အသားတွေလို့ နားလည်ရမှာပေါ့ကွယ်။ ‘ပန်-ပန့်-ပန်း’၊ ‘လေ-လေ့-လေး’ ဆိုတဲ့ စာလုံးတွေကို အသံထွက်ပြီး ဆိုကြည့် ရင်အသံပြောင်းတာကို သိနိုင်တာပေါ့”
“ဟုတ်ကဲ့ပါ။ မေးလက်စနဲ့ မေးပါရစေ ဆရာကြီး၊ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုးတွေ ကိုလည်း သမီးတို့ က လေးတွေကို စာလုံးပေါင်းပြရာမှာ သင်ရတာမို့ အဲ့ဒီစာလုံးတွေ အကြောင်းလည်း သိချင်ပါတယ်”
“ဟုတ်တာပေါ့။ ကလေးတွေကိုသင်ရင် မရေး ‘မ’၊ မယပင့်ရေးချ ဝစ္စနှလုံးပေါက် ‘များ’၊ ပစောက်ရရစ် ကသတ် ‘ပြက်’၊ သဝေထိုးမဟထိုးရေးချငသတ် ‘မှောင်’ ဆိုတာတွေလည်း သင်ရတာကိုး”
“ဟုတ်ပါတယ် ဆရာကြီး”
“ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုးဆိုတဲ့ စာလုံးတွေရဲ့ မူလရင်းစာလုံးတွေက ‘ယ၊ ရ၊ ဝ၊ ဟ’ ဆိုတဲ့ ဗျည်းတွေ ပဲကွဲ့”
“ဟုတ်ကဲ့ပါ”
“အဲဒီဗျည်းတွေကို တခြားဗျည်းတွေနဲ့တွဲပြီး ရေးတဲ့အခါကျတော့ ဟောဒီလိုပုံစံပြောင်းရေးရတယ်။ အဲဒီ တော့ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုးဖြစ်သွားတာပေါ့”
ကျွန်တော်က ‘ျ-ြ - ၊ -ွ၊ -ှ’ ဟူ၍ရေးပြလိုက်သည်။
“ယပင့်ဆိုတာ တခြားစာလုံးရဲ့ဘေးက ယကလေး ပင့်ရေးထားတာပါ။ ပုံစံပြောင်းပြီး ဆရာရေးပြတဲ့ပုံ မျိုး ဖြစ်သွားတာပေါ့။ ‘မ’ နောက်ကယပင့်လိုက်တော့ ‘မယ’ ကနေပြီး ‘မျ’ လို့ ပုံစံပြောင်းသွားတာပါ။ အသံ ထွက်တော့လည်း ‘မ’ သံနဲ့ ‘ယ’ သံပေါင်းထွက်တော့ ‘မျ’ ဖြစ်သွားတာပေါ့”
“ရရစ်ကရောဆရာကြီး”
“ရရစ်ကတော့ ‘မြ’ ဖြစ်သွားတာပေါ့။ ရှေးကတော့ အဲဒီလိုရရစ်ရင် လျှာလိပ်သံနဲ့မရလို့ အသံထွက်ရ တယ်။ ခုတော့ ယပင့်နဲ့ ရရစ်နဲ့ အသံ မကွဲတော့ဘူး”
“ဟုတ်ကဲ့ပါ”
“ဝဆွဲကတော့ အောက်က ဝကလေးဆွဲထားတာပါ။ မကိုဝဆွဲရင် ‘မဝ’ ကနေပြီး ‘မွ’ ဖြစ်သွားတာပေါ့။ အဲဒီလိုပဲအောက်က ‘ဟ’ ကလေးဆွဲထားတာ ‘ဟထိုး’ ပေါ့။ ‘ဟဆွဲ’ လို့လည်းခေါ်နိုင်ပါတယ်။ မ အောက်က ဟဆွဲတော့ ‘မှ’ ဖြစ်သွားတာပေါ့။ ဟကလည်း ပုံစံပြောင်းသွား တာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“အဲဒီလို ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုးတွဲနေတဲ့ ဗျည်းတွေကို ‘ဗျည်းတွဲ’ လို့ခေါ်တယ်။ ဒီလေးလုံးကို အခြေ ခံပြုပြီး ယပင့်ဝဆွဲ၊ ရရစ်ဝဆွဲ၊ ယပင့်ဟထိုး၊ ရရစ်ဟထိုး၊ ဝဆွဲဟထိုးဆိုတဲ့ နှစ်လုံးတွဲတွေ၊ ယပင့် ဆွဲဟထိုး၊ ရရစ်ဝဆွဲဟထိုးဆိုတဲ့ သုံးလုံးတွဲတွေ ဖြစ်လာတာပေါ့ကွယ်။ ကဲ . . . . သမီးတို့ လက်တွေ့ ရေးကြည်ကြဦး။ ခဏနားကြရအောင်”
မြန်မာ့အလင်းသတင်းစာ
အောက်တိုဘာ (၁၉) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+