ပျော်ရွှင်မှုကို ရှာဖွေခြင်း...

စိတ်နဲ့ ကာယဆိုင်ရာ ကျန်းမာရေးနှီးနှောဖလှယ်ပွဲကို လူ ၂၀၀ ဦး တက်ရောက်ခဲ့တယ်။ မကြာခင်မှာပဲ ဟောပြောပို့ချသူက သင်တန်းသားတွေ အားလုံးကို ပညာပေးလှုပ်ရှားမှုတစ်ခု ပြုလုပ်မယ်လို့ ပြောလိုက်တယ်။ သူက သင်တန်းသား တစ်ယောက်ချင်းစီကို ပူဖောင်းတစ်လုံးပေးပြီး သူတို့ရဲ့နာမည်တွေ ပူဖောင်းပေါ်မှာ ချရေးဖို့ ပြောလိုက်တယ်။ ထို့နောက် ပူဖောင်းအားလုံးကိုစုပြီး အခန်းငယ်တစ်ခုထဲကို ထည့်လိုက်တယ်။

အဲဒီနောက် သင်တန်းသားအားလုံးကို အဆိုပါ အခန်းထဲကိုသွားပြီး သူတို့ရဲ့ ကိုယ်ပိုင်ပူဖောင်းတွေကို ရှာဖွေဖို့ အချိန် ၂ မိနစ် ပေးလိုက်တယ်။

သင်တန်းသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ပူဖောင်းတွေကို ရှာဖွေနေချိန် တစ်ယောက်ကိုတစ်ယောက် တွန်းထုတ်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေကြတယ်။ အချိန် ၂ မိနစ် ကုန်သွားပေမယ့် သူတို့နာမည်တွေပါတဲ့ ပူဖောင်းတွေကို ဘယ်သူမှ ရှာမတွေ့ခဲကြဘူး။

အဲဒီနောက် ပို့ချသူက သင်တန်းသားတွေကို အခန်းထဲ ပြန်သွားခိုင်းပြီး တွေ့ရာမြင်ရာ ပူဖောင်းတစ်လုံးကို ကောက်ယူဖို့၊ နာမည်ကိုကြည့်ပြီး ပိုင်ရှင်တွေထံ ပြန်ပေးဖို့ ပြောလိုက်တယ်။ မိနစ်ပိုင်းအတွင်းမှာပဲ သင်တန်းအားလုံးဟာ သူတို့ရဲ့ ကိုယ်ပိုင်ပူဖောင်းကိုယ်စီနဲ့ ဖြစ်နေကြပြီ။

ဒီနောက် ပို့ချသူက သင်တန်းသားအားလုံးကို...

"ဘဝမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုတွေကို ရှာဖွေကြတဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ... လူတွေဟာ သူတို့လိုချင်တဲ့ ပျော်ရွှင်မှုဆိုတဲ့ အရာတွေရရှိဖို့ တစ်ပါးသူတွေကို တွန်းထုတ်ကြတယ်။ တစ်ကယ်တော့ မိမိတို့ရဲ့ ပျော်ရွှင်မှုဟာ အခြားသူတွေကို ကူညီခြင်း၊ အစုအဖွဲ့လေး တစ်ခုအနေနဲ့ အတူတကွ လုပ်ဆောင်ခြင်းအပေါ်မှာ မူတည်နေပါတယ်..." ဆိုပြီး ပြောလိုက်တယ်။

++++++++++++++++++++++++
မိမိတို့အနေနဲ့ အခြားသူတွေရဲ့ ပျော်ရွှင်မှုကို ကူညီရှာဖွေပေးခြင်းဖြင့် ကိုယ်ပိုင် ပျော်ရွှင်မှုတွေကိုလည်း ရရှိလာပါလိမ့်မယ်။ ဒလိုင်းလားမားက ပြောတယ်။ “သင်အနေနဲ့ ပျော်ရွှင်ချင်တယ်ဆိုရင် စာနာရိုင်းပင်းတတ်မှုကို ပြပါ...” တဲ့။

သူတစ်ပါးကို ရိုင်းပင်းကူညီခြင်းဟာ မိမိကိုလည်း ပျော်ရွှင်စေပါတယ်။ လန်ဒန်စီးပွားရေးကျောင်းမှ လေ့လာမှုတစ်ခုအရ သင့်အနေနဲ့ အခြားသူတွေကို ပိုပြီးကူညီပေးလေလေ၊ ပိုပြီးပျော်ရွှင်ရလေလေ ဖြစ်ပါသတဲ့။ သူတစ်ပါးကို ပုံမှန်အကူအညီ မပေးသူတွေနဲ့ ပုံမှန်ကူညီပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေအကြား ပျော်ရွှင်မှုအဆင့်ကွာခြားချက်ကို သုတေသီတွေက နှိုင်းယှဉ်ပြခဲ့ကြပါတယ်။ နှစ်စဉ်ဒေါ်လာ ၇၅,၀၀၀ ကနေ ဒေါ်လာ ၁၀၀,၀၀၀ ရတဲ့သူတွေနဲ့ ဒေါ်လာ ၂၀,၀၀၀ ရရှိတဲ့ သူတွေအကြားမှာလည်း ပျော်ရွှင်မှုအဆင့် ကွဲပြားမှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

မိမိတို့ဟာ ကိုယ့်ရဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်ပူပန်မှု အနည်းငယ်သာ ရှိတယ်ဆိုရင် အဲဒီအတွက် စိတ်ဖိစီးမှုဟာလည်း လျော့နည်းသွားပါတယ်။
အခြားသူတွေအတွက် စိုးရိမ်ပူပန်ပေးခြင်းဟာ ဘဝမှာ မိမိတို့အားလုံး ပြဿနာတွေကို အကြီးအငယ်မရွေး တန်းတူရည်တူ ရင်ဆိုင်နေရပါလား ဆိုတဲ့အသိကို ရရှိစေပါတယ်။

လူတွေဟာ လူမှုရေးသတ္တဝါတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခြားသော သူတွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလို အခြားသောသူတွေနဲ့ ထိတွေ့ဆက်ဆံခြင်းဟာ မိမိတို့ရဲ့ဘ၀ကို ပိုမိုကောင်းမွန်စေပြီး စိတ်ကျေနပ်မှုတွေကိုလည်း ရရှိစေပါတယ်......။


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...