အီဘိုလာရောဂါ သတိထားကြပါ
![]() |
ယခုနှစ် မတ်လလောက်ကပဲ အနောက်အာဖရိက နိုင်ငံတွေဖြစ်တဲ့ ဂီနီ၊ ဆီရာလီယွန်၊ လိုက်ဘေးရီးယား၊ ကွန်ဂို၊ နိုင်ဂျီးရီးယားစတဲ့ နိုင်ငံတွေမှာ အီဘိုလာရောဂါ ဖြစ်နေတာ အများသိပြီး ဖြစ်ပါတယ်။ ဒီဒေသက လူပေါင်း ၈ဝဝဝ ကျော် ကူးစက်ခံထားရပြီး ၄ဝဝဝ နီး ပါး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကုလ သမဂ္ဂက ထုတ်ပြန် ထား ပါတယ်။ သေဆုံး သူတွေထဲမှာ ကျန်းမာရေး ဌာနက ဒုတိယ ဝန်ကြီးတစ်ဦး၊ ဆရာဝန် ငါးဦးနဲ့ ဆေးဝန်ထမ်း ၁ဝဝ ကျော် ပါဝင်ပါတယ်။ ဒီဒေသမှာ ကူးစက်ရောဂါ ပြန့်ပွားရတာဟာ လူတွေရဲ့ ကျန်းမာရေး အသိပညာနည်း ပါးမှု၊ တိုင်းပြည်တွေ ဆင်းရဲတာကြောင့် ကာကွယ်မှု၊ ကုသမှုတွေကို စနစ် တကျ မလုပ်ကိုင်နိုင်မှု၊ ကျန်းမာရေး ဝန်ထမ်းနည်းပါး မှုတွေကြောင့် ဖြစ်ကြရတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီက စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ သူနာပြုဆရာမ တစ်ဦးဟာ လိုက်ဘေးရီးယားနိုင်ငံက ပြန်လာတဲ့ ဓမ္မဆရာနှစ်ဦးကို ပြုစုပေးရင်း ဆေးရုံပေါ်မှာ အီဘိုလာကူးစက် ခဲ့ပါတယ်။ ဒီအခါမှာတော့ ဆေး ပညာရှင်တွေ အထိတ်တလန့်ဖြစ်ကြရပါတော့တယ်။ ဒီဆရာမဟာ လိုအပ်တဲ့ အကာအကွယ်လုပ်စရာ အားလုံးကိုလုပ်ဆောင်ပြီးမှ ကူးစက်ခံရတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပ ကော်မရှင်က စပိန် နိုင်ငံကို ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ယခုနောက်ဆုံးသတင်းအရတော့ ဆရာမ ဟာ လူနာကိုင် ထားပြီးတဲ့ လက်အိတ်ကိုချွတ်ပြီး ထိမိခဲ့တာကြောင့်လို့ သိရပါတယ်။ ဒါဆိုလည်း ဒီလိုထိမိရုံနဲ့ ကူးစက်ခံရတာ ဟာ ဆေးဝန်ထမ်းတွေအားလုံးအတွက် ထိတ်လန့်စရာ သတင်းဖြစ်ပါတယ်။ ဒီဆရာမကတော့ ယခုအခါ အခြေ အနေဆိုးရွားစွာ ခံစားနေရတယ်လို့ ဆိုပါတယ်။
ဒီအတော အတွင်းမှာပဲ ဗြိတိန်နိုင်ငံမှ စပိန်နိုင်ငံကို ရောက်လာတဲ့ ဗြိတိန်နိုင်ငံသား တစ်ဦးဟာလည်း အီဘိုလာ ရောဂါလက္ခဏာတွေနဲ့ မက်ဆီဒိုးနီးယားဆေးရုံ မှာ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သူတည်းခဲ့တဲ့ ဟိုတယ်၊ သူ့ကို ပို့ဆောင်ပေးခဲ့တဲ့ လူနာတင်ယာဉ်နဲ့ သူနဲ့ထိတွေ့ဆက်ဆံခဲ့သူတွေအားလုံး စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် မကြာ သေးမီက အမေရိကန်နိုင်ငံသား Thomas ဆိုသူ တစ်ဦးဟာ ဆီရာလီ ယွန်နိုင်ငံ က ပြန်လာပြီးTexas ပြည်နယ် ဒါးလက်(စ်)ဆေးရုံမှာ အီဘိုလာရောဂါကို ဆေးကုသမှုခံယူရင်း အောက်တိုဘာ ၈ ရက်မှာ သေဆုံး ခဲ့ရပါတယ်။ ဒီလူဟာ ဆီရာလီယွန်နိုင်ငံမှာ ရှိစဉ်က အီဘိုလာရောဂါသည် တစ်ဦးကို ကားမောင်းပြီးဆေးရုံပို့ ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆေးပညာရှင်တွေကတော့ မကြာခင်တစ်လအတွင်း အီဘိုလာရောဂါဟာ ပြင်သစ် နိုင်ငံ၊ ဗြိတိန်နိုင်ငံတွေကို ကူးစက်ဖို့ ၅ဝ ကနေ ၇ဝ ရာခိုင်နှုန်းထိ သေချာနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဆီရာလီယွန်နိုင်ငံ သမ္မတကြီးကတော့ အီဘိုလာရောဂါ ကူးစက်နေမှုအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုဟာ နှေးကွေး လွန်းနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အခုတော့ အမေရိကန်နိုင်ငံကအစ ဗြိတိန်နဲ့ ဥရောပနိုင်ငံတချို့ရဲ့ လေဆိပ်နဲ့ နိုင်ငံအဝင်၊ အထွက်ဂိတ် တွေမှာ အနောက်အာဖရိကနိုင်ငံက ပြန်လာ သူတွေအပြင် ဖျားနာနေသူတွေကိုပါစစ်ဆေးဖို့ ညွှန်ကြား ထားပြီးဖြစ် ပါတယ်။
လူတိုင်းသိကြတဲ့အတိုင်း အင်အားကြီးနိုင်ငံတစ်ခု ဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ ဒီအီဘိုလာရောဂါကူးစက်မှု ကို စိုးရိမ်ပူပန်လာတာကြောင့် ယခုကျင်းပနေတဲ့ (၂၆)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂညီလာခံမှာ သမ္မတ အိုဘားမား ကိုယ်တိုင်မိန့်ခွန်းပြောရာမှာ အီဘိုလာရောဂါကို တိုက်ဖျက်ရာမှာ နိုင်ငံတကာက ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါ တယ်။ အမေရိကန်နိုင်ငံအနေနဲ့ ဒေါ်လာ သန်းတစ်ထောင် ကူညီပေးဖို့ကိုလည်း ကတိပေးထားပါ တယ်။ နောက်ပြီး ဒီဒေသကလူတွေကို ကျန်းမာရေးကူညီ စောင့်ရှောက်ပေးဖို့ တပ်သား ၃ဝဝဝ ကိုလည်း စေလွှတ်ဖို့ စီစဉ်ထားပါတယ်။
အမေရိကန်နိုင်ငံဟာ ISIS ခေါ်တဲ့ ဘာသာရေး အစွန်းရောက်အကြမ်းဖက်ဝါဒီတွေကို တိုက်ခိုက်ဖို့ အီရတ် နိုင်ငံကို တပ်သား ၁ဝဝဝ၊ ဆီးရီးယားနိုင်ငံကို တပ်သား ၆ဝဝ စေလွှတ်ခဲ့ပါတယ်။ ဒီစစ်သား ၁၆ဝဝ ဟာ အဲဒီနိုင်ငံ တွေက စစ်မြေပြင်မှာ ရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ စစ်ရေးလေ့ကျင့်ပေးရုံသက်သက်ပါ။
ယခုအနောက်အာဖရိကဒေသတွေကို လွှတ်လိုက်တဲ့ စစ်သား ၃ဝဝဝ ကတော့ ကြောက်စရာအီဘိုလာရောဂါကို ရင်ဆိုင်တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတပ်သားတွေဟာ လိုက်ဘေးရီးယားနိုင်ငံမှာ အခြေစိုက်ပြီး လုပ်ဆောင်စရာ တွေကို ဒေသခံတွေနဲ့ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါ တယ်။ နောက်ပြီးလူနာတွေကို လက်ခံကုသပေးဖို့ ခုတင် (၁ဝဝဝ)ဆံ့တဲ့ ဆေးရုံကြီးတစ်ခုကိုလည်း တည်ဆောက်ပေး သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ကလည်း နိုင်ငံတကာက ကျန်းမာရေးဝန်ထမ်းတွေပါဝင်တဲ့ တပ်ဖွဲ့ တစ်ဖွဲ့ကို ဂီနီနိုင်ငံကိုစေလွှတ်ဖို့ ဆုံးဖြတ် ထားပါတယ်။ တစ်ဖက်ကလည်း အမေရိကန်နိုင်ငံက နိုင်ငံတကာဖွံ့ဖြိုး ရေးအေဂျင်စီအဖွဲ့ဟာ အီဘိုလာရောဂါ တိုက်ဖျက်ရေး အတွက် မဟာဗျူဟာတစ်ခု ချမှတ်ဆောင်ရွက်နေပါတယ်။ ဒီမဟာဗျူဟာမှာ အပိုင်း(၄)ပိုင်း ပါရှိပြီး ဒါတွေကတော့-
(၁) အီဘိုလာရောဂါ ခံစားနေရသူတွေကို ထိရောက်စွာ ကုသပေးဖို့၊
(၂) ဒီရောဂါကြောင့် ဒီဒေသကလူတွေ စီးပွားရေး ကျဆင်းနေတာကို ကူညီပေးဖို့၊
(၃) ဒီဒေသကလူတွေ အကူအညီပိုမိုရရှိအောင် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့၊
(၄) အီဘိုလာရောဂါဆိုးကြီး တခြားဒေသတွေကို မပျံ့နှံ့အောင် ပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ အစီအစဉ်တွေ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး ကတော့ အနောက်အာဖရိကမှာ အီဘိုလာရောဂါကူးစက်မှု ကို မြန်ဆန်စွာခံစားနေကြတာဟာ ဆင်းရဲမွဲတေမှုကြောင့်လို့ ထောက်ပြထားပါတယ်။ ဒါကိုဖြေရှင်းဖို့ အမေရိကန် ဒေါ်လာ ၃၂ ဘီလီယံခန့် ကုန်ကျလိမ့်မယ်လို့လည်း တွက်ပြထားပါတယ်။
ဆေးပညာရှင်တွေကတော့ အီဘိုလာရောဂါကို နိုင်ငံ တကာက လျှော့တွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို အမြန်နှုန်းနှင့် ကူးစက်လာပုံဟာ ဒီနှစ်မကုန်ခင်မှာ ကမ္ဘာ အနှံ့ပျံ့သွားစရာရှိတယ်လို့လည်း ထောက်ပြထားကြပါ တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း အီဘိုလာ ရောဂါပြဿနာကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ခုအဖြစ် ကြေညာထားပါပြီ။
ယခုနောက်ဆုံးသိရတဲ့ အားတက်စရာသတင်းတစ်ပုဒ် ကတော့ ရုရှားနိုင်ငံက အီဘိုလာရောဂါကာကွယ်ဆေး သုံးမျိုးကို ခြောက်လအတွင်း ထုတ်လုပ်နိုင်တော့မယ် ဆိုတဲ့သတင်းပါ။ နောက်သတင်းတစ်ခုက အီဘိုလာရောဂါ ကြောင့်ဖျက်သိမ်းလိုက်ရမလိုဖြစ်နေတဲ့ ၂ဝ၁၅ အာဖရိက ဘောလုံးပြိုင်ပွဲကို မဖျက်သိမ်းတော့ဘဲ နဂိုအစီအစဉ် အတိုင်း ဆက်လက်ကျင်းပမယ်ဆိုတဲ့ သတင်းပါ။ ဒါက အီဘိုလာရောဂါကို ကြောက်စရာမလိုဘူးဆိုတဲ့ သဘောပါ။ နောက်သတင်းတစ်ခုကတော့ စပိန်နိုင်ငံမှာ အီဘိုလာ ရောဂါနဲ့ဆေးကုသနေရတဲ့ သူနာပြုဆရာမဟာ အသည်း အသန်ဖြစ်နေရာက ပြန်လည်ကောင်းမွန်လာပြီး စကား တောင်ပြောနိုင်လာပြီဆိုတဲ့သတင်းတွေပါ။ ဒါတွေက တော့ အီဘိုလာနဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းတွေပါ။
ဒီအီဘိုလာရောဂါဟာ အာဘိုဗိုင်းရပ်(စ်)တစ်မျိုး ကြောင့်ဖြစ်ရပြီး ရောဂါပျိုးရက်ဟာ ၅ ရက်ကနေ ရက် ၂ဝ ထိကြာ တယ်လို့ ဆိုပါတယ်။ ဒီရောဂါဟာ ရောဂါ ဖြစ်ပြီး တစ်ပတ်မှ ၁ဝ ရက်အတွင်း သွေးထွက်လွန်ပြီး သေဆုံးရတာပါ။ ရောဂါဖြစ်စမှာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲပြီး ဖျားခြင်း၊ ကြွက်သားများ အားလျော့လာခြင်း၊ အဆုတ်ရောင်၊ အသည်းရောင်ခြင်း၊ အရေပြားပေါ်တွင် အနီစက်များ တစ်ကိုယ်လုံးအနှံ့ ပေါ်ပေါက်ခြင်းတို့ဖြစ်ပြီး ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း၊ စအိုစတဲ့ ကိုယ်ခန္ဓာရဲ့ ရှိသမျှအပေါက်တွေက သွေး ထွက်ပြီး အသက်ဆုံးရှုံးသွားရတဲ့ ရောဂါပါ။ ဒီရောဂါဟာ လေထဲမှာ ရောဂါပိုးပျံ့လွင့်နေတာကို ရှူရှိုက်မိပြီး ကူးစက်နိုင်တဲ့ ရောဂါမဟုတ်ဘဲ ရောဂါဖြစ်သူရဲ့ ကိုယ် ခန္ဓာကထွက်တဲ့ အရည်၊ သွေး၊ ချွေး၊ တံတွေး၊ ကျင်ကြီး၊ ကျင်ငယ်တွေနှင့် ထိတွေ့ကိုင်တွယ်မိသူများသာ ကူးစက်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ ဒီရောဂါဖြစ်လာရင် ကုရာနတ္ထိဆေးမရှိသေးဘဲ ဗိုင်းရပ်(စ်)ရောဂါတွေမှာ အသုံးပြုခဲ့တွဲျ့နဘငမငည ဆေးကို ယခင်အသုံးပြုခဲ့ကြ ပါတယ်။ ယခုတော့အမေရိကန်နိုင်ငံက ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ စြေစ ကုမ္ပဏီကထုတ်လိုက်တဲ့ ဇ-စြေစ ကို ဆေးတစ်ခုအဖြစ် သတ်မှတ်အသုံးပြုခဲ့ကြတာ တချို့ လူနာတွေမှာတော့ ထိရောက်မှုရှိတာတွေ့ရပါ တယ်။ ဒီဆေးဟာ ဆေးရွက်ကြီးက ထုတ်လုပ်ထားတာလို့ သိရပြီး ယခုအခါ ဒီဆေးကိုပဲ များများထုတ်ပြီး အသုံးပြုကြဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ဘာပဲ ဖြစ်ဖြစ် အီဘိုလာ ရောဂါ ဟာ ကူးစက်နှုန်းမြန်ဆန်ပြီး ရောဂါဖြစ်လာပြီဆိုရင် ရောဂါဖြစ်သူအားလုံးရဲ့ ၅ဝ ရာခိုင်နှုန်းခန့်သေဆုံးရတဲ့ ရောဂါ ဖြစ်နေပါတယ်။ ကုနိုင်တဲ့ဆေးကလည်း အလွယ်တကူ မရနိုင်သေးပါဘူး။ ဒါကြောင့် ယခုလောလောဆယ်မှာတော့ ဒီရောဂါကို ကာကွယ်နိုင်တာဟာ အကောင်းဆုံးဖြစ်နေပါတယ်။ ကာကွယ်ဖို့က ဒီရောဂါဖြစ်နိုင်သူတွေကို သတိ ထား စောင့်ကြည့်ဖို့လိုပါတယ်။
ဒီရောဂါဖြစ်နိုင်ခြေရှိသူတွေဟာ ဒီရောဂါဖြစ်ရာ ဒေသတွေက လာသူတွေသာဖြစ်ပါတယ်။ ဒါကြောင့် အကြောင်း အားလျော်စွာ ဒီဒေသနဲ့ နိုင်ငံရပ်ခြားတွေမှာ အလုပ်လုပ်လာပြီး ဒီလိုလက္ခဏာတွေပေါ်လာရင် ကျိတ်ပြီးဆေးကုသ မနေကြဘဲ နီးစပ်ရာကျန်းမာရေး ဌာနတွေမှာ သွားရောက် စစ်ဆေးမှု ခံယူသင့်ကြပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန် ထားတဲ့ အချက်အလက်တွေကိုလည်း လိုက်နာသင့်ကြ ပါတယ်။ ဒီလိုသတိရှိရှိ နေနိုင်ကြမှ မိမိ မိသားစု၊ မိမိ ရပ်ရွာ၊ မိမိတိုင်းပြည်မှာ ကြောက်စရာ အီဘိုလာရောဂါ အန္တရာယ် ကာကွယ်နိုင်ကြ မှာဖြစ်ကြောင်း သတိပေး တင်ပြလိုက်ရပါတယ်။
အီဘိုလာရောဂါရောက်လာရင် ကြောက်စရာ၊ ဒါကြောင့် သတိထားပြီးကာကွယ်ပါ။ ။
The Mirror Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+