ကောင်းမွေ ဆိုးမွေ ဖြစ်စေတတ်သည့် မျက်နှာအမူအရာ
![]() |
လူတွေဟာ ကွဲပြားခြားနားတဲ့ မျက်နှာကို အသီးသီး ပိုင်ဆိုင် ထားလျက် ရှိကြပါတယ်။ ကြင်နာလှပ တင့်တယ်တဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ လူတွေ ရှိသလို စိတ်မသက်မသာ ဖြစ်စေကာ ကြောက်စရာ ကောင်းတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ လူတွေလည်း ရှိပါတယ်။
ကျွန်တော်တို့ လူသားတွေဆီမှာ ရရှိထားတဲ့ မျက်နှာနဲ့ ပတ်သက်ပြီး မိမိနှစ်သက်တဲ့ ပုံစံကို ရွေးချယ်တဲ့ အခွင့် အရေးကတော့ မရှိတော့ပါဘူး။ မျက်နှာ ပုံသဏ္ဌာန် ကတော့ မွေးကတည်းက မိဘတွေဆီကနေ လက်ဆောင်အဖြစ် ရရှိထားတဲ့အရာ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အချိုးအစားတွေကလည်း မျက်နှာသွင်ပြင် ပုံသဏ္ဌာန်နည်းတူ ရှေးကုသိုလ်ရဲ့ အကျိုးဆက်ကြောင့်ပင် ဖြစ်ပါ တယ်။ ဘယ်သူပဲဖြစ်ဖြစ် ကြည်လင်တောက်ပပြီး လှပတဲ့မျက်နှာကို ပိုင်ဆိုင် ချင်ကြပါတယ်။ မွဲခြောက်ပြီး အကျည်းတန်တဲ့ မျက်နှာကို ရယူပိုင်ဆိုင်ချင်တဲ့ သူဆိုလို့ ဒီကမ္ဘာပေါ်မှာ တစ်ယောက်မှရှိမည် မဟုတ်ပါ။
တော့စတွိုင်းရဲ့ ဝတ္ထုကို ဖတ်ကြည့်လိုက်လို့ရှိရင် ဆယ်ကျော်သက် အရွယ်က သူ့ရဲ့ပြားပြီးပွတဲ့ နှာခေါင်းကတော့ အမြင်မတင့်တယ် စေသလို လောကကြီးကို အမြင်စောင်း ကာ အဆိုးဘက်ကနေမြင်ဖို့ ဖြစ်လာတယ်လို့ ဖော်ပြ ထားပါတယ်။ အထူး သဖြင့် ဆယ်ကျော်သက် အရွယ်မှာ ပုံပန်းသဏ္ဌာန် လှခြင်း၊ မလှခြင်းနဲ့ ပတ်သက်ပြီး အထူး တလည် စိတ်ဝင်စားကြပါတယ်။ ယင်းကိစ္စကတော့ ဆယ်ကျော်သက် မိန်းကလေးဖြစ်လေလေ ပို၍အဖြစ်များ လေလေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီလို မွဲခြောက်ပြီး အမြင်မတင့်တယ်တဲ့ မျက်နှာ၊ လှပတင့်တယ်တဲ့ မျက်နှာတွေကတော့ တစ်သမတ် တည်း မပြောင်းလဲဘဲ ရှိနေခြင်းမျိုး မဟုတ်ပါ။ အနည်းငယ်စီ မသိမသာ ဆက်တိုက်ပြောင်းလဲ နေပါတယ်။ ပြောင်း လဲခြင်းပေါ် မူတည်ပြီး ကျွန်တော်တို့မျက်နှာရဲ့ ပင်ကိုရုပ်ရည်ကတော့ မွေးဖွားလာ ကတည်းကစပြီး ကံကြမ္မာရဲ့ အဆုံးအဖြတ်ပေါ်လိုက်ပြီး ဖြစ်တည် လာပေမယ့် ရိုးသားမှန်ကန်တဲ့ ကြိုးစားခြင်းနဲ့ ဝီရိယတို့ကို လိုက်ပြီး ကျွန်တော် တို့တစ်တွေရဲ့ မျက်နှာသွင်ပြင်ဟာ တစ်ခုတည်းသော အတိုင်းအတာ အတွင်းမှာ ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည် ပါတယ်။ လှပကြည်လင်တဲ့ မျက်နှာကို ပိုင်ဆိုင်ချင်ရင်တော့ မိမိပြုလုပ်သည့် ကောင်းမွေဆိုးမွေကို လက်ခံ တတ်စေဖို့ တာဝန်သိ၊ တာဝန်ယူတတ်သည့် စိတ်နဲ့ စိတ်အားထက်သန်စွာနဲ့ အားသွန် ခွန်စိုက် ပြုလုပ်ပါက ကိုယ်တိုင် မသိတဲ့ အတိုင်းအတာအတွင်းမှာပဲ မျက်နှာပြောင်းလဲ လာတဲ့ နည်းလမ်းဖြစ်ပါတယ်။

အသေချာဆုံးကတော့ တစ်လနှစ်လလောက် အားသွန်ခွန်စိုက် လုပ်ရုံနဲ့ ဖြစ်ပေါ်ပြောင်းလဲလာမယ့် အရာမျိုး မဟုတ်ပါဘူး။ အနည်းဆုံး ၁ဝနှစ်လောက် စိတ်အားထက်သန်စွာနဲ့ အားသွန်ခွန်စိုက်ပြုလုပ် ပါက သိသိသာသာ ရှင်းရှင်းလင်းလင်း ပြောင်းလဲလာပါမယ်။ မြင့်မြတ်တဲ့ ပန်းတိုင်ကို စစ်မှန် မှန်ကန်စွာရရှိဖို့အတွက် အချိန်အကြာကြီး အားသွန်ခွန်စိုက် ကြိုးစားခဲ့သူတွေရဲ့ မျက်နှာမှာတော့ ဂုဏ်သိက္ခာ၊ ကျက်သရေတွေနဲ့ တင့်တယ်လို့လာပါတယ်။ ဒီဂုဏ်သိက္ခာ၊ ကျက်သရေတွေကတော့ လူ့ရဲ့ ကိုယ်အတွင်းမှ ထွက်ပေါ်လာတဲ့ ကိုယ်ရောင်ကိုယ်ဝါတွေဖြစ် ပါ တယ်။ ထူးချွန် ထက်မြက်တဲ့ အနုပညာရှင်၊ ပညာရှင်၊ သာသနာပြု ပုဂ္ဂိုလ်တွေရဲ့ မျက်နှာမှာ တော့ တောက်ပတဲ့ ကိုယ်ရောင်ကိုယ်ဝါရှိပြီး လူသားတွေကို လွှမ်းမိုးနိုင် စွမ်းရှိပါတယ်။ ပဒုမ္မာကြာမှ ထွက်ပေါ်လာတဲ့ မွှေးကြိုင် သင်းပျံ့ တဲ့ ရနံ့နဲ့တူပါ တယ်။ ဘယ်လောက်ပဲ သူတို့ရဲ့မျက်နှာကို ဘယ်လိုပဲ ဝှက်ဝှက်၊ ဘယ်လိုပဲ ဖုံးအုပ်ဖုံးအုပ် လုပ်လို့မ ရပါ။
လင်ကွန်းက ဒီလိုပြောဖူးခဲ့ပါတယ်။ လူတွေက အသက် (၄ဝ) ရောက်လာ ရင် ကိုယ့်မျက်နှာနဲ့ပတ်သက်ပြီး တာဝန် ယူရပါမယ်လို့ ပြောပါတယ်။ လေးလေးနက်နက် တွေးတောစဉ်းစားကြည့်ရင် တကယ့်ကို လေးနက်တဲ့ စကားဖြစ် ပါတယ်။ ကိုယ့်ဘဝကို တာဝန်မဲ့စွာနေထိုင်သွားတဲ့ သူတွေရဲ့ မျက်နှာမှာတော့ ဘယ်နေရာမှာမဆို တာဝန်မဲ့တဲ့ ပုံရိပ်တွေ ပေါ်ပေါက်နေပါ တယ်။ တာဝန်သိတတ်စွာ နေထိုင်ဖို့ကြိုးစားသူမှာတော့ တာဝန်သိတတ်တဲ့ ပုံရိပ်တွေ က မျက်နှာမှာ အထင်းသားပေါ်နေပါတယ်။ သေချာတာကတော့ အစကတည်းက ဖြစ်ပေါ်တည်ရှိနေတဲ့ ပုံရိပ်များ မဟုတ်ပါဘူး။ ကုန်ဆုံးသွား တဲ့အချိန်တွေကြားမှာ တာဝန်ယူစိတ်ရှိခြင်း၊ မရှိခြင်းပေါ်လိုက်ကာ ပြောင်းလဲ လာ ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်တွေလည်း မှန်ကို တစ်ကြိမ်လောက်ကြည့် ရင်း အခုလက်ရှိ ဘယ်လိုနေထိုင် လာခဲ့တယ် ရှေ့လျှောက် ဘယ်လိုနေထိုင် သွားမယ်ဆိုတာကို တစ်ကြိမ်လောက် လေးလေးနက်နက် စဉ်းစား ကြည့်ပါလို့ အကြံပြုပါရစေ။ ။

The Mirror Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+