အနံ့ ခံအာရုံ ကောင်းမွန်ခြင်းသည် အသက်ရှည်မည့် လက္ခဏာဖြစ်
သက်ကြီးရွယ်အို များ၏ ခန္ဓာကိုယ်သည် အသက် အရွယ် ကြီးရင့်ခြင်း၊ ရောဂါဝေဒနာများ ခံစားရခြင်း တို့ ကြောင့် အဖက်ဖက်မှ ယိုယွင်းပျက်စီး လာလေ့ရှိရာဝယ် အာရုံငါးပါး၏ စွမ်းဆောင်ရည်လည်း ကျဆင်း လာလေ့ ရှိသည့်အနက် အနံ့ခံ အာရုံကောင်းခြင်း၊ မကောင်းခြင်း က နောက်ထပ် ရှင်သန်နေထိုင်မည့် လူ့ ဘ၀သက်တမ်း ကို ထောက်ပြလေ့ ရှိကြောင်း သိရသည်။
သက်ကြီးရွယ်အို တစ်ဦး၏ ဘ၀သက်တမ်းကို ခန့် မှန်းရာတွင် ၄င်း၏အနံ့ ခံအာရုံမည်မျှ ကောင်းမွန်သည်ကို တိုင်းတာ ခြင်းဖြင့် နောက်ထပ် ၅-နှစ်အတွင်း အသက်ရှင်သန် နေထိုင်နိုင်ရန် အလားအလာရှိ၊ မရှိကို ဆရာဝန်များ အကဲဖြတ် နိုင်မည်ဖြစ်သည်။
သုတေသီများက သက်ကြီးရွယ်အို ၃ ထောင်ခန့် ကို စစ်တမ်းကောက်ယူခဲ့ရာ အနံ့ ခံအာရုံညံ့ဖျင်းလေ၊ ၅-နှစ် အတွင်း အသက်သေဆုံးနိုင်ချေ မြင့်လေဖြစ်ပြီး ၅-နှစ်အတွင်း အနံ့ ခံအာရုံအားနဲသူ ၃၉ ရာခိုင်နှုန်းသေဆုံးခဲ့ သော်လည်း အနံ့ အမျိုးအမည်ကို မှန်ကန်စွာပြောပြနိုင်သူ ၁၀ ရာခိုင်နှူန်းသာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အနံ့ ခံအာရုံကျဆင်းလာခြင်းကြောင်း သေဆုံးမှုမြန်ဆန်မည်ဟုမဆိုသာသော်လည်း သက်ကြီးပိုင်းတွင် အနံ့ ခံအာရုံ အားနဲလာခြင်းက ၅-နှစ်အတွင်း သေဆုံးနိုင်ချေမြင့်မားလာပြီကို ထောက်ပြနေခြင်းဖြစ်သည့်အတွက် မိမိသည် အနံ့ များကို မှန်ကန်စွာမပြောနိုင်တော့လျင် ကျန်းမာရေးစစ်ဆေးမှုကို အမြန်ဆုံးပြုလုပ်သင့်ကြောင်း သုတေသီများ က ဆို သည်။
အထူးသဖြင့် ပူရှိန်း၊ ငါး၊ လိမ္မောသီး၊ နှင်းဆီပန်းနှင့် သားရေအနံ့ တို့ ကို ကွဲကွဲပြားပြား မပြောပြနိုင်သော အသက် ၅၇ နှစ်မှ ၈၅ နှစ်အရွယ် သက်ကြီးရွယ်အိုတို့ သည် ၅-နှစ်အတွင်း ၃၉ ရာခိုင်နှုန်းသေဆုံးခဲ့ခြင်းဖြစ်ပြီး အနံ့ ခံအာရုံ အသင့်အတင့်ကောင်းမွန်သူတို့ အနက် ၁၉ ရာခိုင်နှူန်းသေဆုံးခဲ့ကာ အနံ့ များကို မှန်ကန်စွာပြောပြနိုင်ခဲ့သူတို့  အနက် ၁၀ ရာခိုင်နှူန်းသာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အနံ့ ခံအာရုံကောင်းမွန်ခြင်းသည် အသက်အရွယ်၊ အစာအာဟာရ၊ ဆေးလိပ်သောက်ကျင့်၊ ဆင်းရဲမွဲတေမှုနှင့် ကျန်းမာရေးတို့  အပေါ် မူတည်နေသော်လည်း မည်သည့်အကြောင်းကြောင့်ဖြစ်စေ အနံ့ ခံအာရုံကျဆင်းလျင် နှစ်အနည်းငယ်အတွင်း သေဆုံးမည့်လက္ခဏာပင်ဖြစ်ကြောင်း၊ အနံ့ များကို မှန်ကန်စွာမပြောနိုင်တော့ခြင်းသည် ကိုယ်တွင်းဆဲလ်သေဆုံးမှုမြင့်မားလာပြီး အသစ်ပြန်ဖြစ်မလာတော့သည့် လက္ခဏာဖြစ်ကြောင်း၊ ထို့ ကြောင့် သက်ကြီးရွယ်အိုများအား အရေးပေါ်ဆေးကုသရန် စစ်ဆေးရာတွင် အနံ့ ခံအာရုံစစ်ဆေးမှုကိုလည်း ထည့်သွင်း ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+