အံ့ဘွယ် မိန်းမသား . . (၂)
မေရီ @ Mary Wollstonecraft
ယနေ့အချိန်မှာ ကျွန်မတို့ဆီမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ ပညာ သင်ကြားခွင့်တွေ ရနေပြီ။ အမျိုးသမီး တစ်ယောက်ကို ကာကွယ် မှုတွေ ပေးနိုင်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိလာ သလို အမျိုးသမီးတွေဟာ မိမိတို့ စိတ်ဆန္ဒကို လွတ်လွတ် လပ်လပ် ထုတ်ဖော်ခွင့် ရနေပါပြီ။ မိမိ တို့မှာရှိတဲ့ အစွမ်းအစတွေကို ပြသခွင့်တွေ ရှိနေ ပါပြီ။ ဒါပေမယ့် ကျွန်မတို့နဲ့ မတူဘဲ တချို့နိုင်ငံတွေ က အမျိုးသမီးတွေဟာ ရှေးရိုးဓလေ့တွေ၊ စည်းမျဉ်းစည်းကမ်း တွေကြောင့် ဖိနှိပ်ခံရမှုတွေ ရှိနေတယ် ဆိုတာကို မြင်ရ ကြားနေရတဲ့အချိန်မှာ ကျွန်မ စိတ်ထဲကို မေရီ ၀ူးလ်စတုန်းခရက်ဖ် ဆိုတဲ့ အမျိုးသမီး တစ်ယောက်က ၀င်လာပါတယ်။
မေရီဟာ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဒသနိက ဗေဒ ပညာရှင်ဖြစ်ပြီးတော့ သူမရေးသားခဲ့တဲ့ “အမျိုးသမီးထုတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ သက်သေထူခြင်း” (၁၇၉၂) စာအုပ်ဟာ ရာစုနှစ်ပေါင်း များစွာ အောင်မြင်ထင်ရှားခဲ့ပါတယ်။ အဲ့ဒီစာအုပ်ဟာ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးတွေ ရှိကြတယ်ဆိုတာကို အသေးစိတ် ထုတ်ဖော်ရှင်းလင်းထားတဲ့ ပထမဆုံး စာအုပ်ဖြစ်ပြီး အမျိုးသမီးအားလုံးရဲ့ စိတ်ခွန်အားကို လှုံ့ဆော် ပင့်တင်ပေးနိုင်ခဲ့ပါတယ်၊ ဖိနှိပ်ခံထားရတဲ့ အမျိုးသမီးတွေရဲ့ အသံကို လွတ်မြောက်ခြင်းရဲ့ လမ်းစဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီစာအုပ်ရဲ့ နောက် ကွယ်မှာလည်း ပြောင်ပြောင် မြောက်မြောက် ရေးသားဖြစ်ခဲ့အောင် မေရီရဲ့ စိတ်ကို တွန်းလှန်ခဲ့တဲ့ နာကျင် စရာ အကြောင်းချင်းရာတွေက ခိုင်ခိုင်လုံလုံ ရှိနေခဲ့ပါတယ်။
မေရီကို ၁၇၅၉ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ လန်ဒန်မှာ မွေးဖွားခဲ့ပါတယ်။ မိသားစုဝင် ၇ ယောက်ရှိတဲ့ သူတို့ အိမ်မှာ သူဟာ ဒုတိယမြောက် သမီးဖြစ်ပြီးတော့ သမီးတွေထဲမှာတော့ အကြီးဆုံးပါပဲ။ မေရီတို့ မိသားစုဟာ အဆင်ပြေပြေနဲ့ နေထိုင်နိုင်တဲ့ မိသားစုမဟုတ်သလို စည်းလုံး ညီညွှတ်တဲ့ မိသားစု တစ်စု လည်း မဟုတ်ခဲ့ပါဘူး။ မေရီ့ရဲ့ အဖေဖြစ်သူဟာ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ခက်ထန်း ကြမ်းတမ်းတဲ့ သူဖြစ်ပြီးတော့ မိသားစုရေးနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေတာတွေ၊ စီးပွားရေး အခြေအနေ အရပ်ရပ် ကို သေသေချာချာ မသုံးသပ်ဘဲ ငွေဖြစ်ပြီးရော ဆိုပြီး အလွယ်တကူ ပြုလုပ်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မှာ ငွေကြေးဆုံးရှုံးမှုတွေ ရှိလာရင်တော့ သူ့ရဲ့ စိတ်က ပိုပြီးတော့ ရမ်းကားလာပါတယ်။
မေရီရဲ့ အမေ့ဆီကနေ မျက်နှာပေးခံရသလို အဘိုးဆီကနေ အမွေတွေကို သေတမ်းစာနဲ့ ရထားတဲ့ အစ်ကို ရဲ့ မနာလိုမှုတွေဟာ မေရီကို မိသားစုအတွင်းမှာ မျက်နှာငယ်စေခဲ့ပါတယ်။ မိသားစုဝင်တွေရဲ့ ဆူပူ ငေါက်ငမ်းမှုတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ မေရရဲ့ ငယ်ဘ၀ဟာ လျစ်လျူရှု့ခံရမှုတွေ၊ အရာမရောက်မှုတွေ နဲ့ပဲ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ပါတယ်။ အဲ့ဒီလို မပျော်မရွှင်ဘဲ ကြီးပြင်းလာခဲ့ရတဲ့ မေရီဟာ အသက် ၁၉ နှစ်လောက်မှာ အိမ်ကနေ ထွက်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပထမဆုံးတော့ အိုင်းရစ် မိသားစုကြီး တစ်စုမှာ ကလေးထိန်းဆရာမအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။
သူအလုပ်လုပ်နေတဲ့ မိသားစုက အမျိုးသမီးတွေဟာ ခင်ပွန်းသည်ကို မမှီခိုပဲ မရပ်တည်နိုင်ဆိုတဲ့ ၀ါဒတွေနဲ့ နေထိုင် နေကြပါတယ်။ စံပြုထိုက်တဲ့ အမျိုးသမီးတွေရဲ့ အင်္ဂါရပ်တွေနဲ့ ဆန့်ကျင်ဘက်နေထိုင်နေ ကြတဲ့ သူတို့ကို မေရီဟာ တဖြည်းဖြည်းချင်းစီ စိတ်ကုန်လာပါတယ်။ နောက်ဆုံးတော့ အမျိုးသမီးတွေ အတွက် အပေါ်ယံသွင်ပြင် လက္ခဏာတွေ၊ လှပမှုတွေဟာ အရေး အကြီးဆုံးဖြစ်ပြီး ဒီအရာတွေနဲ့ မိမိ အမျိုးသားကို သာယာမှု ဖန်တီး ပေးနိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေကြားမှာ နေထိုင်ရခြင်းဟာ မေရီ့ကို ဒီအလုပ်က နှုတ်ထွက်စေဖို့ တွန်းအားတွေ ဖြစ်လာခဲ့ပါတယ်။
စာသင်ရခြင်းကို နှစ်သက်တဲ့ မေရီဟာ ကလေးထိန်းဆရာမ အဖြစ်က နှုတ်ထွက်ခဲ့ပြီးချိန်မှာ စာတွေကို စတင်ရေးနေခဲ့ပါပြီ။ မိသားစုမှာ မိန်းကလေးဖြစ်နေတဲ့အတွက် အလျစ်လျူရှု့ခံခဲ့ရတဲ့ စိတ်တွေ၊ မိန်းမ တစ်ယောက်အတွက် အရေးကြီးဆုံးဟာ ယောင်္ကျားတစ်ယောက်ကို မှီခိုပစ်လိုက်ဖို့ဆိုတဲ့ အတွေးတွေကို ဆန့်ကျင်တဲ့ စိတ်တွေဟာ မေရီကို စာရေးကောင်းတဲ့ သူတစ်ယောက် ဖြစ်အောင် ပျိုးထောင်ပေး လိုက်ပါ တယ်။ သူရဲ့ အမေ နေမကောင်းတာကို ပြုစုပျိုးထောင်ဖို့ဆိုပြီး သူ လန်ဒန်ကို ပြန်လာတဲ့အချိန်မှာ သူဟာ စာပေနယ်ထဲမှာ အကျော်ဇေယျ ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးနေခဲ့ပြီ။
ကာလအားဖြင့်လည်း ၁၈ ရာစု အနှောင်းပိုင်း၊ နိုင်ငံတကာရေးရာမှာ ပြောင်းလဲမှုတွေကလည်း အများကြီး ရှိနေတဲ့အချိန် ဖြစ်တဲ့ အတွက်လည်း နိုင်ငံရေးနဲ့ ဆိုင်တဲ့ အတွေးအခေါ်တွေ၊ ဒဿနိက ဗေဒနဲ့ဆိုင်တဲ့ အတွေး အခေါ်တွေကို ပိုပြီးတော့ အားစိုက်ထုတ်ခဲ့ပါတယ်။ ဘုရင်တွေ၊ ဘုရင်မတွေရဲ့ အုပ်ချုပ်မှု စည်းမျဉ်း စည်းကမ်း တွေဟာ လူတွေရဲ့ သဘောထားကို မေးမြန်းစရာမလိုဘဲ နတ်ဘုရားတွေဆီက လာတဲ့ အမိန့် အတိုင်း ဆုံးဖြတ်တယ်ဆိုတဲ့ အယူဝါဒကြီးမားနေတဲ့ ခေတ်ကအခါကနေ လူတွေရဲ့ လွတ်လပ်မှုနဲ့ ကျိုးကြောင်းသင့် ဆုံးဖြတ်မှုနဲ့ အုပ်ချုပ်မယ် လက်တွေ့ဝါဒထူထောင်ရေး ဖြစ်ပေါ်လာဖို့ အပြန်အလှန် တွန်းလှန်နေတဲ့ အချိန်မျိုးမှာ “လူသားတွေရဲ့ အခွင့်အရေးကို သက်သေထူခြင်း” အမည်ရှိတဲ့ လက်ကမ်း စာရွက်တွေကို စတင်ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လွတ်လပ်မှုကို ထုတ်ဖော်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးစာရေးဆရာမ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီလို “လူသားတွေရဲ့ အခွင့်အရေးကို သက်သေထူခြင်း” ထွက်ပြီးလို့ သိပ်မကြာခင်မှာပဲ မေရီဟာ အမျိုးသမီးတွေအတွက် “အမျိုးသမီးထုတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ သက်သေထူခြင်း” စာအုပ် ကို အချက်အလက်နဲ့ အကျိုးအကြောင်း ကျကျ ရေးသားခဲ့ပါတယ်။ အမျိုးသမီးတွေဟာ တွေးခေါ်နိုင်စွမ်း နိမ့်တဲ့ သူတွေ မဟုတ်ပါဘူး၊ ပညာသင်ယူခွင့်တွေ မရတာ အတွက်ကြောင့်ပဲ သူတို့ရဲ့ စဉ်းစားနိုင်စွမ်းတွေဟာ ရပ်တန့် ခံထားရတာဆိုတဲ့ ပြစ်ချက်ကို မေရီဟာ သိသာအောင် ထောက်ပြခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ ဆက်စပ် တွေးခေါ်နိုင်စွမ်း၊ ကြုံတွေ့နေရတဲ့ အတွေ့အကြုံတွေကိုသာ ပညာသင်ကြားနိုင် ခွင့်နဲ့ ပေါင်း စပ်ပေး လိုက်နိုင်မယ် ဆိုရင် နောက်မျိုးဆက်တွေအတွက် အသိဥာဏ်တိုးတက်မှုရော၊ လုပ်ကိုင် စွမ်းရည် မြင့်မားမှုပါ ဆိုတာကို မေရီဟာ အဲ့ဒီစာအုပ် ထဲမှာ မြင်သာ ထင်သာအောင် ထုတ်ဖော်ရေးသား ခဲ့ပါတယ်။
“အမျိုးသမီး တစ်ယောက်ဟာလည်း ယောက်ျားတစ်ယောက်လိုပဲ ခံစားချက်တွေ ရှိနေမယ်၊ ဒါပေမယ့် ကျွန်မတို့ မိန်းမတွေအနေနဲ့ အမျိုးသားတွေဆီက အာရုံစိုက်ခံရမှသာ မိန်းကလေးတွေရဲ့ ဘ၀ဟာ တိုးတက် ပြောင်းလဲလာမှာ ဆိုတဲ့ ခပ်နုံနုံစိတ်ကို တွန်းကန်ပြီးတော့ ထုတ်ထားဖို့ လိုအပ်တယ်။ ဒီအတွေး အခေါ်ဟာ မိန်းကလေးတစ်ယောက်ဟာ sex ကိစ္စထက် ပိုပြီး ဘာမှ အရေးကြီးတာ မရှိဘူးလို့ ကြွေးကြော် ထားတာနဲ့ တူနေပါတယ်” လို့ သူမဟာ ပြောင်ပြောင်တင်းတင်းပဲ ထုတ်ဖော်ခဲ့ပါတယ်။
မိသားစုအတွင်းမှာ သိမ်ငယ်စိတ်နဲ့ ကြီးပြင်းခဲ့ရတဲ့ မေရီဟာ ယောင်္ကျားတွေကို မုန်းတီးရေးဝါဒ ရှိတဲ့ သူတော့ ဟုတ်ဟန် မတူပါဘူး။ မိန်းကလေးတွေဟာ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေမှာ သိမ်မွေ့နက်နဲစွာ ခံစားနိုင်စွမ်းရှိသလို မိမိတို့ကိုယ် မိမိ လွတ်လပ်စွာ အုပ်ချုပ်နိုင်ခွင့် ရှိတယ်၊ ဒါကြောင့်ပဲ မိန်းကလေးတွေမှာ ရှိသင့် ရှိထိုက်တဲ့ ယုံကြည်မှုတွေ၊ ရသင့်တဲ့ အခွင့်အရေးတွေ အတွက်သာ တွန်းအားပေး လှုံ့ဆော်ခဲ့ တာပါ။
“အမေတစ်ယောက်ရဲ့ စိတ်ဟာ သူ့ခင်ပွန်းကိုပဲ လုံးဝကြီး မှီခိုနေတာမျိုးမဟုတ်ပါဘူး။ ကိုယ်ပိုင်ခံယူချက်တွေ၊ ဆင်ခြင်တုံ့တရားတွေ ရှိနေဖို့ လိုတယ်။ ကလေးတစ်ယောက်ဟာ အမေကို ချစ်တာရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ ခံစားချက်ကို ဖုံးကွယ်ထားဖို့ မဟုတ်ဘူး။ အမေတွေရဲ့ အလုပ်ဟာ ကလေးတွေကို စာခြောက်ရုပ်လို တုံ့ပြန်မှု မရှိတဲ့ ကလေးတွေကို ပြုစုပျိုးထောင်တာ မဟုတ်ဘူး”
စိတ်ဖိစီးမှု များစွာ ကြုံခဲ့တဲ့အချိန်တုန်းက မိမိကိုယ် မိမိသတ်သေဖို့ ကြံစည်ခဲ့ပေမယ့် ရုန်းထပြီးတော့ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ဆိုင်ရာ အားဖြည့်မှုတွေ၊ လွတ်လပ်ခွင့်ကို လိုလားတဲ့ အမျိုးသမီးတွေရဲ့ စိတ်ဆန္ဒတွေ၊ မိခင်ဘ၀နဲ့ ပတ်သက်ပြီးတော့ မိခင်တွေရဲ့ စိုးရိမ်ပူပန်မှု၊ ရင်ခုန်လှုပ်ရှားစွာနဲ့ စိတ်နှစ်ထား မှုတွေကို ပီပြင်အောင် ရေးသားခဲ့သူ၊ မိခင်ကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ မေရီဟာ သူရဲ့ ဒုတိယမြောက်သမီးကို မွေးဖွားပြီး တဲ့နောက်မှာပဲ သေဆုံးသွားခဲ့ပါတယ်။
မေရီရဲ့ ဘ၀တစ်လျှောက်လုံးပြန်ကြည့်လိုက်ရင် အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အလမ်း၊ ကံကြမ္မာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေနဲ့ပဲ လုံးထွေး နေခဲ့ရတယ်။ အဲ့ဒီအချိန်ကာလတုန်းက အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး လူတွေ လက်ခံထားတဲ့ အခြေအနေတွေ၊ အထင်သေးခြင်းခံခဲ့ရတဲ့ ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ သူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ သူ့ အနီးပတ်ဝန်းကျင်ကနေ ရလာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ရေးခဲ့တာကြောင့် သူရဲ့ အရေးအသားတွေဟာ မိန်းမတွေကို ပိုပြီးတော့ ခွန်အားတွေရှိစေခဲ့သလို မိမိကိုယ်မိမိ အားကိုးတတ်ဖို့ လမ်းကြောင်း ပြပေးရာလည်း ရောက်ခဲ့ပါတယ်။
ရှင်းရှင်းလင်းလင်း ဆိုရရင်တော့ မေရီရဲ့ အရေးအသားတွေဟာ အမျိုးသား တစ်ယောက်ကို တမ်းတနေ တာ၊ ငွေကြေးတွေကို မျှော်ကိုးနေ တာမျိုးတွေ မဟုတ်ဘဲ မိန်းမတစ်ယောက်ရဲ့ စိတ်အဟုတ်၊ ပြင်းထန်တဲ့ ဇောတွေကို ဖော်ကျူးပြသနေခဲ့ ပါတယ်။ နောက်ပိုင်း လူတွေကတော့ မေရီဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို လှစ်ဟာ ပြနိုင်ဖို့ သိသာစေတဲ့ လမ်းညွှန်မှတ်တိုင် တစ်ခု အဖြစ် သတ်မှတ်ခဲ့ ကြပါတယ်။ သူမ ဖန်တီးခဲ့တဲ့ အရာတချို့ဟာ သူရဲ့ မာနကြီးမှုတွေကြောင့် ပဲ ပျောက် ကွယ်သွား ရတာတွေ ရှိသလို နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ လိုက်လျော ညီထွေအောင် ပြုပြင်ပြောင်းလဲခြင်းတွေ ခံခဲ့ရပါသေးတယ်။
ဘယ်လိုပဲ ပြောင်းလဲခံရပေမယ့် အမျိုးသမီးတွေရဲ့ ပညာရေး၊ ဥပဒေနှင့် နိုင်ငံရေးဆိုင်ရာ နယ်ပယ်တွေမှာ အသိအမှတ် ပြုခံရဖို့ ကြိုးစားခဲ့တာတွေဟာ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ မရအောင် သမိုင်းဝင်ခဲ့ပါတယ်။ အဲ့ဒီလိုမျိုး အမျိုးသမီးချင်းကသာ မဟုတ်ဘဲ အမျိုးသားတွေကပါ လေးစားသမှုရှိနေကြတဲ့ မေရီဟာ အမျိုးသမီးတွေအတွက် ဒီစကားလေးကို လက်ဆောင်ချန်ရစ်ခဲ့ပါတယ်။
“ကျွန်မက မိန်းမသားဆိုတာ ယောင်္ကျားတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ပါစေလို့ ဆုမတောင်းပါဘူး။ ဒါပေမယ့် ကိုယ့်အစွမ်းအစကို သိပြီးတော့ ကိုယ့်ကိုယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ပါစေလို့တော့ ဆန္ဒပြုနေပါတယ်”
နှင်းနုလွင်
http://hninnulwin.com
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+