ပန်ဒိုရာနဲ့ မှော်သေတ္တာ

ရှေးဂရိတို့ရဲ့ပုရာဏ်ကျမ်းစာ (mythology)အရ Zeus နတ်မင်းကြီးဟာ မီးနတ်ဖြစ်တဲ့ Hephaestusကို ရွံ့နဲ့ နတ်သမီး ပုံစံအတိုင်း လှပတဲ့ မိန်းမတစ်ယောက် လုပ်ခိုင်းခဲ့တယ်။ တစ်ဖန် အဲဒီရွံ့ရုပ်ကို ယောက်ျား တွေ မြင်ရင် မူးယစ်စေအောင် ပြုလုပ်ဖို့ အချစ်အလှနတ်သမီး Aphrodite ကို အမိန့်ပေး လိုက်ပြန်တယ်။ နတ်သမီး Athenaက အဲဒီမိန်းကလေးကို ယက်ကန်း ရက်တတ်အောင် သင်ပေးခဲ့တယ်။ လှပတဲ့ ရောင်စုံ အဝတ်အစားတွေ ရက်လုပ်ဝတ်ဆင်ပြီး လူတွေကို ပိုဆွဲဆောင်စေခဲ့တယ်။ လုပ်ဆောင်မှုတွေ ပြီးမြောက် သွားတဲ့အခါ Zeusက သံတမန်နတ်မင်း Hermes ကို “ဒီမိန်းမရဲ့ ခန္ဓာကိုယ်ထဲ မင်းရဲ့ ကောက်ကျစ်စဉ်းလဲ၊ လိမ်ညာဟန်ဆောင်၊ ခိုးဝှက်တတ်တဲ့ အကျင့်တွေကို သွင်းလိုက်” လို့ အမိန့်ပေး လိုက်ပြန်တယ်။

မိန်းမတစ်ယောက်အဖြစ် လုံးဝပြီးမြောက်သွားတဲ့အခါ အဝတ်အစား၊ လက်ဝတ်ရတနာတွေနဲ့ လှပအောင် ဆင်မြန်း ပေးလိုက်ကြတယ်။ Hermesရဲ့ “နတ်က လူကိုလက်ဆောင်ပေးမယ့်ဒီမိန်းမကို “ပန်ဒိုရာ” (Pandora)လို့ အမည် ပေးလိုက်ကြရအောင်”ဆိုတဲ့အကြံကို နတ်တွေက သဘောတူခဲ့ကြတယ်။ ရှေးဂရိဘာသာစကားမှာ “ပန်” (pan) ဆိုတာ အားလုံး၊ “ဒိုရာ” (dora)ဆိုတာက လက်ဆောင်လို့ အဓိပ္ပာယ်ရတယ်။

ပန်ဒိုရာဟာ Zeusနတ်မင်း ပထမဦးဆုံးဖန်ဆင်းခဲ့တဲ့ လူမိန်းမဖြစ်တယ်။ ဖန်ဆင်းရတဲ့ အဓိကရည်ရွယ်ချက်က လူတွေကိုကလဲ့စားချေဖို့ဖြစ်တယ်။ ကလဲ့စားချေရတဲ့အကြောင်းရင်းက Prometheusနတ်က လူတွေကို လိုတာ ထက် ပိုဂရုစိုက်ခဲ့လို့ဖြစ်တယ်။

Zeusနတ်မင်းကြီးအာဏာလုစဉ်က Prometheus နဲ့ Epmetheus ညီအစ်ကို နတ်နှစ်ဦးက သူ့ကိုကူညီခဲ့တယ်။ Prometheus ဆိုတာ “အမြော်အမြင်” လို့ အဓိပ္ပာယ်ရပြီး Epmetheus က “နောင်တ”လို့ အဓိပ္ပာယ်ရတယ်။

ဇူးနတ်မင်းက ပန်ဒိုရာကို Prometheusရဲ့ညီ Epmetheusရဲ့မယားလုပ်ဖို့ ပေးလိုက်လို့ Hermesကို အမိန့်ပေး လိုက်တယ်။ Epmetheus က အစ်ကို Prometheusနဲ့မတူဘူး။ တုံးအတယ်။ ဇူးနတ်မင်းက ဘာပေးပေးလုံးဝ မယူဖို့ အစ်ကိုကမှာထားခဲ့ပေမယ့် ပင်ကိုယ်တုံးအတဲ့ဗီဇနဲ့ ပန်ဒိုရာရဲ့အလှအပကိုမြင်တော့ ဖြားယောင်းမှုဒဏ်ကို မခံနိုင်ဘဲ ဇူးနတ်မင်းပေးတဲ့လက်ဆောင်ကို ဝမ်းသာအားရလက်ခံလိုက်တယ်။ လက်ခံပြီး မကြာဘူး Epmetheus ဟာ သူ့နာမည်အတိုင်း နောင်တရတော့တယ်။

ဒီလိုနဲ့ ပန်ဒိုရာဟာ Epmetheus နတ်နဲ့ အတူနေခဲ့တယ်။ ပန်ဒိုရာဟာ လှပရုံတင်မက မိန်းမပီပီ မနာလို ဝန်တို စိတ်ရှိတယ်။ လောဘကြီးတယ်။ အရာရာကို စပ်စုလိုစိတ်ရှိတယ်။ တစ်နေ့မှာ ပန်ဒိုရာဟာ Epmetheus ကို နတ်တွေ လက်ဆောင်ပေးထားတဲ့ သေတ္တာငယ်တစ်လုံး ကို ရှာတွေ့ခဲ့မိတယ်။ “ရိုးရိုးသေတ္တာဆိုရင် ဒီလို သိုသို သိပ်သိပ် ဖွက်ထားမှာမဟုတ်ဘူး။ ဒီလောက် လုံခြုံအောင်ပိတ်ထားတာ အထဲမှာဘာများထည့်ထားလို့ပါလိမ့်” လို့ တွေးမိပြီး Epmetheus မရှိတဲ့အချိန်မှာ သေတ္တာကိုဖွင့်ကြည့်လိုက်တယ်။ သေတ္တာထဲမှာ ပန်ဒိုရာတွေး ထင်ထား သလို အဖိုးတန်ပစ္စည်းတွေမရှိခဲ့ဘူး။ သေတ္တာထဲက အငွေ့တွေ အပြင်ကိုပလူပျံထွက်လာခဲ့တယ်။ အဲဒီအငွေ့ထဲမှာ “ပျော်ရွှင်ခြင်း၊ ဖျားနာခြင်း၊ နာကျင်ခြင်း၊ ချစ်ခင်ခြင်း၊ မုန်းတီးခြင်း၊ မေတ္တာတရား၊ ဘေးဆိုးကဒ်ဆိုး” စတဲ့ လူကို အန္တရာယ်ပေးမယ့်အရာတွေ ပါတယ်။

သေတ္တာကို ပန်ဒိုရာမဖွင့်ခဲ့မိတုန်းက လူ့လောကမှာ ဘာအန္တရာယ်၊ ဘာကဒ်ဆိုးမှာမရှိခဲ့ဘူး။ ဘဝတွေ အေးချမ်း ခဲ့ကြတယ်။ ပန်ဒိုရာရဲ့ စပ်စုလိုစိတ်ကြောင့် သေတ္တာထဲက အန္တရာယ်တွေဟာ ပတ်ဝန်းကျင်နေရာအနှံ့ ပြန့်လွှင့်ခဲ့ပြီး နေ့နေ့ညည လူတွေကိုဒုက္ခပေးခဲ့တယ်။

ပန်ဒိုရာကြောက်လန့်ပြီး သေတ္တာကိုအမြန်ပိတ်လိုက်တယ်။ ဒါပေမယ့် အခါနှောင်းသွားခဲ့ပါတယ်။ သေတ္တာထဲမှာ “မျှော်လင့်ခြင်း” တစ်ခုပဲ ကျန်ရစ်ခဲ့တယ်။ နောက်ဆုံးမှာ ပန်ဒိုရာဟာ မျှော်လင့်ခြင်းသေတ္တာကိုပွေ့ဖက်ပြီး
လင်ယောက်ျား Epmetheus ပြန်အလာကို စောင့်နေခဲ့တော့တယ်။

ဒါကြောင့် ယနေ့ထက်ထိတိုင် လူတွေဟာ ဘာအတားအဆီး၊ အခက်အခဲ၊ နာကျင်မှုတွေခံနေရပါစေ ရင်ထဲမှာ “မျှော်လင့်ချက်” တစ်ခုကတော့ အမြဲကိန်းအောင်းနေခဲ့တယ်။ အသက်ရှင်နေသမျှ “မျော်လင့်ချက်”တွေကို မယိုင်လဲ စေခဲ့ဘူး။ “မျှော်လင့်ချက်” ကြောင့် လူတွေအသက်ဆက်ခဲ့ကြပါတယ်။

(တစ်ခါခါတော့လည်း အပျင်းပြေ ဒဏ္ဍာရီပုံပြင်လေးတွေ ဖတ်ကြတာပေါ့နော်..)

http://en.wikipedia.org/wiki/Pandora
http://zhidao.baidu.com/question/14457339.html?fr=qrl3

နိုင်းနိုင်းစနေ (Sunday, March 16, 2008)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...