စာရေးဆရာဖြစ်လိုသော်
“နှုတ်တစ်ရာ စာတစ်လုံး” နှိုင်းယှဉ် အသုံးအနှုန်း ရှိသည်။ စာပေ အရေးအသား၏ ထိရောက်မှု။
တစ်နေ့ ရေးဖော်ရေးဖက် အသိတစ်ဦး ရောက်လာ သည်။ မတွေ့တာကြာ၍ အလ္လာပ သလ္လာပပြောကြ ရင်းမြန်မာနိုင်ငံ စာရေးဆရာ အသင်းက ဖွင့်လှစ် သင်ကြား ပေးနေသည့် စာရေးနည်း အတတ်ပညာသင် တန်းတက်ရောက်နေကြောင်း သိလိုက်ရသည်။

ဝမ်းသာအားရနှင့်အား ကစားပြောဖြစ်သည်။ နေရာတ ကာ ဆရာလိုအပ်သည်။
မိမိကား ကံမကောင်းခဲ့။ ငယ်စဉ်ကျောင်းသား ဘဝမှာ ကတည်းက စာရေးစာဖတ် ဝါသနာပါခဲ့သည်။ အစ်ကို ကျောင်းဆရာစားပွဲပေါ်မှ “ပညာတန်ဆောင်” မဂ္ဂဇင်း မကြာမကြာယူဖတ်ရင်း ဆရာကြီးဦး သိုက်ထွန်းရေးသည့် “ဘိန်းစားပေးသော ပညာ” ဝတ္ထုတို့ကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့ဖူးသည်။ ပုံစံတူကူးချ အရေးလေ့ကျင့်ခဲ့ဖူးသည်။
၁၀ တန်းရောက်တော့ စာရေးလိုသည့်မိမိအတွက် နည်းပေးလမ်းပြ လမ်းပြကြယ် ဆောင်းပါးတိုတစ်ပုဒ်ကို ပြဋ္ဌာန်း စကားပြေစာအုပ်တွင် ဖတ်မှတ်ခဲ့ရသည်။ ရေငတ်ချိန် ရေတွင်းထဲပြုတ်ကျသွားသလို အငမ်းမရ ဖြစ်ခဲ့ရသည်။ ဆရာကြီးတက်တိုးရေးသည်ဟု ဝိုးတဝါးမှတ်မိနေဆဲ။ “စာရေးဆရာဖြစ်လိုသော်” ဟူသည့်ဆောင်းပါးတိုလေး အနှစ်ချုပ်မှာ စာရေးဆရာဖြစ်လိုသော် စာများများဖတ်ပါ။ စာများများရေးပါ ဟူ၏။ စာရေးဆရာအတွက် သင်တန်း ကျောင်း မရှိပါဟု ဆိုထားပေရာ နယ်စွန်နယ်ဖျား၊ တောကြို တောင်ကြားမှ မိမိဘဝနှင့်အံကိုက်ဖြစ်နေခဲ့သည်။ ဆရာကြီး၏ နည်းပေးလမ်းပြလမ်းညွှန်စကားအ တိုင်း စာများများဖတ်ဖြစ်ဖို့ အကြောင်းဖန်လာခဲ့သည်။
၁၀ တန်းအောင်တော့ တက္ကသိုလ်မတက်ရောက်နိုင်။ ဆင်းရဲနွမ်းပါးမှုက မိမိအားတောကျောင်းဆရာ ဘဝနှင့် တောကြိုတောင်ကြား ဇနပုဒ်အရပ်သို့ ပို့ခဲ့သည်။ သင်္ဘောတစ်တန်၊ လှေနှစ်တန်နှင့် လမ်းခရီး၊ “ခက်သာရွာ” မှာ တစ်ညအိပ်ပြီးမှ ရောက်သည့်ခရီး။ ကုလားတန်မြစ်ကမ်းနံဘေးက ရဲဖျားရွာလေး။ တစ်လမှတစ်ကြိမ် လစာထုတ် ဖို့မြို့ပြန်ရသည်။ သွားစရာ လာစရာဆို၍ အိမ်နှင့်ကျောင်းမှအပ အခြား မရှိ။ သေလောက်အောင် ပျင်းဖို့ကောင်း သည့်နေရာ။
ဤသို့ဖြင့် စာအုပ်များသည် မိမိ၏ဘဝအဖော်မွန်ဖြစ်လာခဲ့သည်။ တစ်လတစ်ကြိမ်ပြန်လာတိုင်း မြို့မှ ဖတ်စရာ စာအုပ် ကျောပိုးအိတ်နှင့်အပြည့် သယ်ယူသွားသည်။ လဝက်လောက်ဆို ပါသမျှစာအုပ် ကုန်သွားပါပြီ။ နောက် တစ်ကြိမ်ပြန်ဖတ်နှင့် တချို့စာအုပ်များ သုံးကြိမ်မကဖတ်ဖြစ်သည်။
စွဲစွဲလန်းလန်းနှင့် ဖတ်ဖြစ်ခဲ့သော စာအုပ်များမှာ လင်းယုန်မောင်မောင် ဘာသာပြန် အတ္ထုပတ္တိစာအုပ် များ။ ဥပမာ-ချေဂွေဗားရား၊ ကပ်စထရို၊ ပက်ထရစ်လူမွန်ဘား၊ တက္ကသိုလ်ဘုန်းနိုင်၏ လွမ်းတေးမဆုံး စေနှင့် စောသခင်၊ တစ်ပြည်သူမရွှေထား စသည့်စာအုပ်များ။ မှတ်မှတ်ရရ “လွမ်းတေးမဆုံးစေနှင့် စောသခင်” စာအုပ်ဖတ်ပြီး တစ်လ လောက်ထိ တမြေ့မြေ့ခံစားနေခဲ့ရဖူးသည့် ဆရာကြီး၏စာပေအရေး အသား ကောင်းမွန်ဆွဲဆောင်အားပင်။ ဆရာကြီးသိန်းဖေမြင့်၏ “အရှေ့ကနေဝန်း ထွက်သည့်ပမာ”၊ သခင်တင်မြ၏ “ဘုံဘဝမှာဖြင့်”။ စွဲစွဲမြဲမြဲဖတ်ဖြစ် ခဲ့သော မှတ်မိသမျှ စာအုပ်များ။
ဆရာကြီးများ၏ အရေးအသားများမှာ တစ်မျိုးတစ်ဘာသာစီ ထူးခြားမှုရှိသည်။ အထူးသဖြင့် လင်းယုန် မောင်မောင် ၏ အတ္ထုပတ္တိအရေးအသားတွင် ထူးခြားမှုမှာ စိတ်ဝင်စားဖွယ် ခေါင်းခန်းလေးများနှင့် ရေးသွားခြင်းဖြစ်သည်။ ခေါင်းစဉ်တစ်ခုပေးလိုက်၊ အကြောင်းအရာကို ရေးလိုက်နှင့် အတ္ထုပတ္တိစာအုပ် တစ်အုပ်လုံးကို အခန်းဆက်ရေး သား သွားခြင်းပင်။ သတင်းစာဆရာကြီးပီပီ သတင်းရေးသားနည်း ပညာနှင့် လက်စွမ်းပြသွားခြင်း။ မိမိအတွက် စာရေးသားနည်းပညာကို ပေးခဲ့ကြသော ဆရာကြီးများ ပင်တည်း။
ဘဝမှာ မမေ့နိုင်စရာ စာရေးဆရာကြီးနှစ်ဦးနှင့်လည်း နဖူးတွေ့ဒူးတွေ့ ဆုံတွေ့ခွင့်ကြုံခဲ့သည်။ ရခိုင်ဘက်သို့ စာပေခရီးထွက်လာခဲ့ကြသော စာရေးဆရာကြီး နတ်နွယ်နှင့် မောင်သိန်းဆိုင်။ စစ်တွေ၊ မောင်တော၊ မင်းပြား ပြီးလျှင် မြောက်ဦးမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြသည်။ မြို့နယ်ပါ တီယူနစ်ရုံးမှာ စာပေဟောပြောပွဲ ကျင်းပသည်။ ရယ်စရာအရွှန်းအဖောက်များနှင့် စာပေခရီးအတွေ့အ ကြုံများအကြောင်းစုံ ဟောပြောသွားကြသည်။ ဆရာကြီးနတ်နွယ်၏ “မြန်မာပြည် မြောက်ဖျား” စာပေ ခရီးအကြောင်း ဟောပြောချက်မှာ ဗဟုသုတစုံသည်။ မိမိ အတွက် ရင်ထဲစွဲကျန်ခဲ့သည်။ မိမိဘဝ၏ စာပေလမ်းခရီးတွင် အထောက်အကူဖြစ်စေခဲ့သည်။ စာရေးသားနည်း တစ်မျိုးကို ဆရာမောင်သိန်းဆိုင် က နည်းပေးလမ်းပြပြုပေးခဲ့သည်။ “ကျွန်တော် စာရေးဆရာဖြစ်လာတာ ကျွန်တော်ချစ်တဲ့ အစ်မကို ရည်းစားစာရေးရင်းနဲ့ဖြစ်လာခဲ့တာ” ဆရာမောင်သိန်းဆိုင်၏ ပွဲကျသွားစေသည့် စကားမှာ မိမိအတွက် ကား စာရေးနည်းတစ်မျိုးတိုးလာခဲ့ရသည်။
ဆရာကြီးတက်တိုး၏ “များများဖတ်၊ များများရေး” ဆိုရာတွင် ဦးနှောက်အသိနှင့် ရေးသားစေခဲ့ခြင်းဟု သိထားခဲ့ သည်။ နှလုံးသားနှင့် စာရေးနည်းကို ဆရာမောင်သိန်းဆိုင်ကျေးဇူးကြောင့် မမျှော်လင့်ဘဲ ရရှိ ခဲ့ပါသည်။ နှလုံး သားနှင့်ရေးသည့်စာများ မြန်မာ့စာပေသမိုင်းမှာ ယနေ့ထိတိုင်လွမ်းမောဖွယ်မှတ်တမ်း တင်လျက်ရှိနေဆဲ။ ဖတ်ရသူများ၏ နှလုံးသားမှာ တမြေ့မြေ့နှင့် လွမ်းငွေ့လေးတွေ ဝေနေရဆဲ။ လှိုင် ထိပ်ခေါင်တင်၏ “စိန်ခြူးကြာ ညောင်” အစချီဘောလယ်နှင့် တောင်ငူဘုရင် နတ်သျှင်နောင်၏စစ်မြေ အရပ်မှ ဓာတုကလျာဆီ ပို့ဆက်သည့် လွမ်းမပြေ ကျေးစေရတုများ။ နှလုံးသားနှင့် ရေးသားသည့်စာ များ၏ စွမ်းရည်ကို ဤရတုစာများတွင် အထင်အရှား တွေ့ရပါသည်။
နတ်သျှင်နောင်၏ ကျေးစေရတု လွမ်းစာခွေများကြောင့် ရာဇဓာတုကလျာ “နတ်သျှင်ရေးကြောင့် တရေးမှောင့်ခဲ့” ရရှာသည်။ အိမ်ထောင်ရေး ကံမကောင်းရှာသော မင်းသမီးခမျာ တရားရိပ်ခို၊ သီလရှင် ဘဝနှင့် သာသနာ့ ဘောင်ဝင်မည်ဟု ဆုံးဖြတ်ထားခဲ့ပြီးမှ နတ်သျှင်နောင်ကြောင့် ပျက်ခဲ့ရသည်။ နတ် သျှင်နောင်အလိုကျ လိုက်လျော ခဲ့ရသည့် နှလုံးသားစာများ၏ အားသာချက်။
မိမိတို့ရုံးသို့ အရာရှိတစ်ဦးပြောင်းလာသည်။ စကားစပ်မိရင်း “ကျွန်တော်လည်း ဆရာ့ဆီက စာရေး နည်းသင်ရ ဦးမယ်” ဆိုလာသည်။ မိမိ၏ဆရာများနှင့် မိတ်ဆက်ပေးလိုက်ရသည်။ ဆရာကြီးဦးတက် တိုး၊ ဆရာကြီးမောင် သိန်းဆိုင်တို့၏ လမ်းညွှန်ချက် “စာရေးဆရာဖြစ်လိုသော် စာများများဖတ်၊ စာများ များရေး၊ ဖတ်မှတ်သမျှ ဦးနှောက် အသိအပြင် နှလုံးသားခံစားချက်ပါ ပေါင်းစပ်ရေး” စကားကို လက် ဆင့်ကမ်းမျှဝေလိုက်ရပါသည်။ ။
ကြေးမုံသတင်းစာ
အောက်တိုဘာ (၂) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+