ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ပညာရေး စနစ်ဖြစ်ပါမှ...

ထုတ်ကုန် ပစ္စည်းများ တီထွင် ထုတ်လုပ်နိုင်မှု ညွှန်း ကိန်းများကို ကြည့်လျှင် အာရှဒေသတွင်း နိုင်ငံများ၌ မိမိတို့နိုင်ငံသည် အနည်းဆုံး စာရင်းတွင် ပါဝင်နေ ကြောင်း ADB ၏ ထုတ်ပြန်ချက်မှ သိရသည်။

ယင်းညွှန်းကိန်းကို တွက်ချက် ရာတွင် ကျန်းမာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်ရေးနှင့် ဒီဇိုင်း ကဏ္ဍ စသဖြင့် ထည့်သွင်း တွက်ချက် ထားသည့် ညွှန်းကိန်းဖြစ်ရာ မြန်မာနိုင်ငံ အနေနှင့် အဆင့် ၂၂ တွင် ရှိသည်။ ယင်းညွှန်းကိန်းပြ စစ်တမ်းကို အာဆီယံ ၉ နိုင်ငံ အာရှ ၂၂ နိုင်ငံနှင့် အမေရိကန်၊ ဖင်လန်နိုင်ငံ တို့ကိုပါ ထည့်သွင်း တွက်ချက် ထားခြင်း ဖြစ်သည်။ ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ နိုင်ငံအသီးသီးရှိ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်မှ မူဝါဒ ချမှတ်ပေးနိုင်သည့် Policy Maker များအတွက် အထောက်အကူပြုရန်၊ နှိုင်းယှဉ် သုံးသပ်မှုများ ပြုလုပ်နိုင်ရန်နှင့် ဝင်ငွေ အလယ်အလတ် နိုင်ငံများအဖြစ် တက်လှမ်းနိုင်ရန် အကြံပြု ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ADB က ဆိုပါသည်။

တီထွင်ဖန်တီးနိုင် စွမ်းရည်မြင့်မားလာရန်နှင့် ပတ်သက်၍ “ထုတ်ကုန်ပစ္စည်း တီထွင်ဖန်တီးမှုတွေကို အားပေးရ မယ်။ အဲဒီတီထွင်မှုတွေက လက်တွေ့ကျပြီး ထိရောက်ရမယ်။ တာဝန်ရှိသူတွေက ဘယ်ကဏ္ဍတွေမှာ ဦးစားပေး တီထွင်မလဲ၊ စဉ်ဆက်မပြတ် လုပ်ကိုင်နိုင်အောင် ဘယ်လို ထောက်ပံ့ပေးနိုင်မလဲ ဆိုတာရယ်...။ အဓိက အဟန့် အတားမှာ တီထွင်ဖန်တီးမှုကို အားမပေးတဲ့ ပညာရေးစနစ် မဖြစ်ဖို့၊ အားမပေးတဲ့ ဝန်းကျင် မဖြစ်ဖို့၊ မိသားစု စီးပွားရေး အခြေအနေနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေကြောင်း” ပညာရှင်များက သုံးသပ်ပြထားပါသည်။

စာရေးသူအနေနှင့် ပညာရေးဝန်ထမ်း ဖြစ်ခဲ့သည့် အားလျော်စွာ ပညာရေးရှုထောင့်မှ ချဉ်းကပ် ပြောဆိုလိုပါသည်။ အဓိကပြောလိုသည်မှာ လက်ရှိပညာရေး (ဝါ) ရှေ့ဆက်မည့် ပညာရေးစနစ်သည် တီထွင်ဖန်တီးနိုင်မှု (Creativity) ကို အဟန့်အတား မဖြစ်စေရေးပင် ဖြစ်သည်။

လက်ရှိအခြေခံပညာရေးမှာ စာမေးပွဲစနစ်။ ရမှတ်ဖြင့် ခွဲခြားသတ်မှတ်သည့် အဆင့်သာ ရှိသေးသည်။ ထို့ကြောင့် ကျောင်းသား/သူများ၏ အဓိကရည်မှန်းချက်မှာ စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ရေးသာ ဖြစ်သည်။ ထို့ကြောင့် စာမေးပွဲတွင် အမှတ်အမြင့်ဆုံးဖြင့် အောင်မြင်ရေးကိုသာ အာရုံစိုက်ကြသည်မှာ ထင်ရှားလှ ပါသည်။

ထို့ပြင် အမှတ်များများ ရရေးအတွက် စာပြီးစာ။ တစာစာ မြည်နေရပါတော့သည်။ အချို့မိဘများ၏ လောဘကြီး မှုကြောင့် အချို့ကလေးများမှာ ထမင်းစားချိန်မှအပ ကိုယ်ပိုင်လွတ်လပ်ချိန် မရှိ၊ ဆော့ကစားချိန် မရှိ၊။ တစ်ချိန်လုံး စာနှင့်သာ လုံးနေကြရ၏။ အမှတ်များများရရန် နေ့ဂိုက်၊ ညဂိုက်များ ရှိသည်။ ဆရာတစ်ဦးက ရှေ့ပိုင်းကသင်လျှင် နောက်တစ်ဦးက နောက်ဆုံးခန်းမှ သင်ပါသည်။ ကလေး၏ ဦးနှောက်ထဲသို့ မချိမဆန့် ရိုက်နေကြပါသည်။ ရမှတ် များမှ လိုင်းကောင်း ဝင်နိုင်မည် ဖြစ်သောကြောင့်ပင်။

စင်စစ် ကလေးများသည် မိဘများကို မလွန်ဆန်နိုင်၍ အာဂုံဆောင် အလွတ်ကျက်နေရပါသည်။ အများစုမှာ အဓိပ္ပာယ်ကောင်းစွာ မသိဘဲ စာရနေကြပါသည်။ စာမေးပွဲကလည်း အာဂုံဆောင်၍ တစ်လုံးမလွဲ ချရေးနိုင်လျှင် အမှတ်ရနိုင်ပါသည်။ သို့ဖြစ်၍ စာမှတစ်ပါး အခြားသော တီထွင်ဖန်တီးလိုစိတ်များ၊ ချင့်ချိန်တွေးဆချက်များ၊ အတွေး အမြင်ကောင်းများ ခေါင်းပါးသွားခြင်းပင် ဖြစ်ပါသည်။

လက်ရှိကလေးများ သင်ယူနေရသည့် ဘာသာတွဲ ရှစ်မျိုးရှိပါသည်။ အတွဲ ၁- ဝိပံ္ပတွဲ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဘောဂဘာသာရပ်၊ အတွဲ ၂- ဝိဇ္ဇာတွဲ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ ဘာသာ ရပ်၊ အတွဲ- ၇ သိပံ္ပတွဲ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝဘာသာရပ်။ အတွဲ ၇ ကျောင်းသားအများစု ယူသည်။ ဒုတိယအများဆုံးမှာ အတွဲ ၁၊ တတိယမှာ အတွဲ ၂။ ကျန်သည့် စိတ်ကြိုက်မြန်မာစာ အတွဲမှာ ယူသူမရှိ သလောက် ဖြစ်ပါသည်။ ယင်းဘာသာတွဲကို ယူပြန်လျှင်လည်း လက်တွေ့နယ်ပယ်တွင် အလုပ်အကိုင် အခွင့် အလမ်း အလွန်နည်းလှပါသည်။

ယခုသင်ယူနေသည့် ဘာသာတွဲများတွင်လည်း ကျောင်းသားနှင့် သဟဇာတ မဖြစ်သည်များကိုလည်း တွေ့နေရ၏။ အတွဲ ၇ ဇီဝတွဲယူသူ အများစုမှာ သူများယောင်၍ လိုက်ယောင်ခြင်းသာ များသည်။ လက်တွေ့တွင် ဇီဝတွဲယူတိုင်း ဆရာဝန်မဖြစ်ပါ။ အချို့မှာ ဇီဝတွဲယူ၍ စာမေးပွဲ ကျရှုံးနေသူ အများအပြား ရှိ၏။ ဇီဝတွဲယူ၍ ပထဝီ၊ သမိုင်း၊ မြန်မာစာမေဂျာ ယူနေရသူ အများအပြားရှိ၏။ မိမိတို့၏ ဝါသနာ၊ ဉာဏ်ရည်ဉာဏ်သွေး ကြိုးစားနိုင်မှု စသည်တို့ကို တွက်ချက်ခြင်းမရှိဘဲ ဂုဏ်တုဂုဏ်ပြိုင်ပြုကာ ဟန်ရေးပြနေကြခြင်းသာ များပါသည်။ မိမိတို့နှင့် လိုက်ဖက်သည့် ဘာသာတွဲကို မရွေးချယ်နိုင်ခြင်း၊ ဘာသာတွဲများတွင်လည်း အားနည်းချက်များ ရှိနေသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ယခုအခါ “အခြေခံပညာအထက်တန်းဆင့် ဘာသာတွဲ စနစ်များကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြန်လည်ပြုစု ပြင်ဆင်သွားမည် ဖြစ်ကြောင်း” အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ သိရသည်။ သို့သော် ယင်း လုပ်ငန်းသည် လက်တွေ့နယ်ပယ်တွင် အသုံးတည့်အောင် ပြန်လည်ပြုစုခြင်းများကို ရေရှည်စီမံကိန်းများအဖြစ် သတ်မှတ်ပြီး လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း သိရ၏။

စာရေးသူအနေနှင့် အကြံပြုလိုသည်မှာ ရေရှည်လုပ်ငန်း ဖြစ်သော်လည်း နှစ်များစွာ အချိန်ယူ၍ လုပ်ဆောင်ရန် မသင့်ခြင်းပင် ဖြစ်သည်။ အကြောင်းမှာ လက်ရှိ ဘာသာတွဲစနစ်သည် လက်တွေ့နယ်ပယ်တွင် အသုံးမတွင် ကျယ်ခြင်းကို တွေ့ရှိနေရသောကြောင့် ဖြစ်သည်။ တစ်နှစ် နောက်ကျလျှင် နိုင်ငံအနေနှင့် တစ်နှစ် နောက်ကျ ကျန်ခဲ့မည်သာ ဖြစ်သည်။

ထို့ကြောင့် ကလေးများ သင်ယူရမည့် ပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများသည် ကလေးများ၏ ပညာဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရုံ သာမက တီထွင်ဖန်တီး ဉာဏ်စွမ်းရည်ကိုပါ မြှင့်တင်ပေးနိုင်ပါမှ နိုင်ငံ၏ လိုအပ်နေသော စီးပွားရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်ရေးနှင့် ဒီဇိုင်းကဏ္ဍများတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရင်ပေါင်တန်းနိုင်မည် ဖြစ်သည်။ သို့မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပညာရေးစနစ်ဖြင့် နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည် ဖြစ်သည်။ 


ခင်မောင်ဌေး (ပညာရေး)
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...