Sinus ထိပ်ကပ်နာ
မင်္ဂလာပါဆရာ။ ကျွန်တော်က ပုလဲကပါ။ ဒေါ့် ရဲ့ တတိယ သားပါဆရာ။ ကျွန်တော် ခံစားနေရတာက နှာခေါင်း ပိတ်ပိတ် နေ တာပါ။ မြန်မာလိုတော့ ထိပ်ကပ်နာ ခေါ်မလားပဲဆရာ။ ပက်လက်လှန် အိပ်ရင် ပိုပြီးပိတ်ပါတယ်။ ဖြစ်တာကတော့ ၃ နှစ်လောက်တောင် ရှိပါပြီဆရာ။ အသက်က ၃၉ နှစ်ပါ။ ခုတစ်လော ပိုဆိုးလာလို့ ဘာဆေးသောက်သင့်ပါ သလဲဆရာ။ လိုအပ် တာလေးတွေ ဆရာအားချိန်လေးမှာ ညွန်ကြားပေးပါအုံး ခင်ဗျာ။ ဆရာတို့မိသားစု ကျန်းမာပါစေလို့ဆု တောင်းပါတယ် ဆရာ။ လေးစားစွာဖြင့်။
ထိပ်ကပ်နာ ခေါ်တဲ့ (ဆိုင်းနပ်စ်)ရောဂါက ဘယ့်လောက်အဖြစ် များသလဲဆိုရင် ဗမာတွေ စွဲနေကြတဲ့ ရုပ်ရှင်ထဲက ကိုရီးယန်းတွေ လေးယောက်မှာ သုံးယောက် ဖြစ်နေသတဲ့။ အစကတော့ အအေးမိတာနဲ့ အတူတူပါဘဲ။ နဲနဲလေး ကိုယ်ပူ၊ နှာချေ၊ နှာစေး၊ နှာပိတ်၊ ချောင်းလေးဆိုး၊ အားယုတ်၊ မစားချင် မသောက်ချင်ဖြစ်။ ကြာတော့ နှာခေါင်း နောက်ပိုင်းမှာ အဆက်မပြတ် Drip သွင်းပေးသလို အရည်တွေ စီးကျနေပါမယ်။
ပိုးဝင်တာအပြင် ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်ရပါတယ်။ လေခိုအိတ်ကလေးတွေထဲမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ လက်ချောင်းပုံ အမွှေးလေးတွေက ပြင်ပကဝင်လာမဲ့ မသင့်တဲ့အရာမှန်သမျှကို တားဆီးပေးပါတယ်။ ရောဂါရရင် အဲဒီအလုပ် မလုပ်နိုင်ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဗက်တီးရီးယားတွေ ခိုအောင်း၊ ပေါက်ပွါးပြီး ရောဂါရတော့တာပါဘဲ။
၂-၃ လထက် ကြာကြာဖြစ်ရင်တော့ နာတာရှည်လို့ သတ်မှတ်ပါတယ်။ နှာခေါင်းမှာ နေမထိထိုင်မထိ၊ မသက်မသာ ဖြစ်မယ်၊ နှာရည်ယိုမယ်၊ နှာရည် အရောင်ရှိလာမယ်၊ မျက်နှာမှာ နာနေမေယ်၊ ကိုက်မယ်၊ ကြာလျင် ချောင်းဆိုးပါ မယ်၊ (ညအချိန်ပိုဆိုးတယ်)။ ပြည်လိုလဲဖြစ်လာနိုင်တယ်။ နှာရည်ကနံလာမယ်။ မွှေးတာ၊ နံတာမသိ ဖြစ်လာပါ လိမ့်မယ်။ ပါးစပ်နဲ့သာ အသက်ရှူရတော့မယ်။ အိပ်ရင် ဟောက်မယ်။ ကလေးများဖြစ်ရင် နားရောဂါဆိုတာ မကြာ မကြာရမယ်။ ရက်ကြာကြာနဲ့ ခဏခဏဖြစ်ခြင်းတာမို့ အလုပ်အကိုင်ပျက်၊ စိတ်ပျက်ဖြစ်ပြီး စီးပွါးရေးပါ ထိခိုက်နိုင် ပါတယ်။
ဒီရောဂါ ဟုတ်-မဟုတ် ရောဂါရာဇဝင်ဖြစ်တဲ့ ပန်ဝန်းကျင်အခြေအနေ၊ ရောဂါလက္ခဏာတွေ၊ သောက်ထားတဲ့ဆေး ဆိုတာတွေ သိဘို့လိုပါတယ်။ လိုအပ်ရင် Endoscopy နှာခေါင်းထဲ ကရိယာနဲ့ကြည့်မယ်၊ X-ray ဓါတ်မှန်ရိုက်တာ၊ နောက်ဆုံးလိုအပ်ရင် CT (Computed tomography) scan ကွန်ပြူတာသုံးပြီး စစ်ဆေးတာ လုပ်ရပါမယ်။
ဆေးမကုဘဲထားလျင် (အင်ဖက်ရှင်) ဟာ အတွင်းထဲ၊ အရိုးထဲ ရောက်သွားနိုင်ပါတယ်။ နဖူးထဲက လေခိုပေါက်မှာ ဖြစ်တာဆိုရင် မျက်လုံးကို သွားဖိနေလို့၊ အရုပ်နှစ်ထပ်မြင်ရမယ်။ နဖူးဖေါင်းလာမယ်။ ဦးနှောက်ထဲ အနာဖြစ်မယ်။ ဦးနှောက်မြှေးရောင်မယ်။ မျက်ကွင်းဘေးကဖြစ်ရင် အနားတဝှိုက် ပြည်တည်နာ Abscess ဖြစ်မယ်။ ပါရိုးထဲဆိုရင် နှာခေါင်းပိတ်နေမယ်။ နားထင်ရိုးထဲဖြစ်ရင် အရုပ်နှစ်ထပ်မြင်တာ၊ မျက်လုံးရွေ့လျားမှု ကောင်းကောင်း လုပ်မရတာ ဖြစ်နေမယ်။ အထဲဆက်ဝင်သွားရင်တော့ ဦးနှောက်ထဲအနာဖြစ်မယ်။ ဦးနှောက်မြှေးရောင်မယ်။
နာတာရှည်ဖြစ်ပြီဆိုရင် ဆေးကုသရာမှာလဲ သာမန်ကာရှံကာမဟုတ်ဘဲ အပြင်းအထံနည်း Aggressive treatment သုံးသင့်ပါတယ်။ နာတာရှည် (ဗက်တီးရီးယား) ကြောင့်ဖြစ်တဲ့ (ဆိုင်းနပ်စ်) ရောဂါကို ကုသဘို့
ပဋိဇီဝဆေးတွေ Amoxicillin & Clavulanic acid = Augmentin ES-600, Augmentin, Augmentin XR ကို ၁ဝ-၁၄ ရက်ကြာ ပေးရပါတယ်။
နှာရည်ကျဲဆေး Decongestants တွေကို ဆက်သုံးနိုင်တယ်။ (Pseudoephedrine = Chlor Trimeton, Contac Cold, Drixoral Decongestant Non-Drowsy, Elixsure
Saltwater rinse ဆားရည်ဖြင့်စိမ်ခြင်း၊
Nasal corticosteroids နှာခေါင်းထဲထည့်ရသည့် (ကော်တီကိုစတီရွိုက်) ဆေးတွေ (fluticasone or beclomethasone) သုံးရပါလိမ့်မယ်။
Nasal corticosteroids နှာခေါင်းထဲထည့်ရသည့် (ကော်တီကိုစတီရွိုက်) ဆေးတွေ (Fluticasone or Beclomethasone) သုံးရပါလိမ့်မယ်။
Paracetamol အနာ-အရောင်သက်သာစေအောင် တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ်သောက်ပါ။
Antihistamine (Citrizine) တည ၁ ပြားသောက်ပါ။
(အက်သမွိုက်) လေခိုအိတ်တွေရောင်ခြင်း Ethmoiditis ကတော့ အသက်ရှူလမ်းအထက်ပိုင်း ပိုးဝင်ခြင်းကတဆင့် ဆက်ဖြစ်ရတာပါ၊ (ဗက်တီးရီးယား) ဒါမှမဟုတ် (ဗိုင်းရပ်စ်)ပိုးဟာ လေခိုအိတ်ရဲ့နံရံတွေကို ပျက်စီးစေတယ်။ (အလာဂျီ) ကြောင့်လည်း ဖြစ်နိုင်တယ်။ သူများကို မကူးပါ။ နှာခေါင်းရိုးအနေအထားပုံမမှန်လို့လည်းဖြစ်နိုင်တယ်။ အားနည်းနေသူ ဆိုရင် (ဖန်းဂတ်စ်) မှိုကြောင့်လည်း ဖြစ်နိုင်တယ်။ (ဖန်းဂတ်စ်) မှိုကြောင့်ဖြစ်တာဆိုရင် (ဖန်းဂတ်စ်) ဆေး Amphotrecin B အကြောဆေး ပေးရပါမယ်။
လက္ခဏာတွေကတော့ နဖူးအောက်နား၊ မျက်လုံးနှစ်ဖက်ကြား၊ နှာခေါင်းရဲ့ဘေးမှာ နာမယ်။ မျက်စိအစွန်နား အနည်းငယ် နီပြီး ရောင်မယ်၊ နာနေမယ်။ နှာခေါင်းကနေ အသက်ရှူရတာ ခက်မယ်။ ဖျားနိုင်တယ်။ အနံ့ ကောင်းကောင်းမရ ဖြစ်မယ်။ နှာခေါင်းပိတ်နေမယ်။ နှာရည်ယိုမယ်။
ဆက်ပြန့် မသွားအောင် တားဘို့ ခက်ပါတယ်။ ဒါပေမဲ့ နှာရည်ကို သန့်ရှင်းပေးခြင်း၊ ရေ-အရည်များများ သောက် ပေးခြင်း၊ ဆားရည်စိမ်ပေးခြင်း၊ နွားနို့ရှောင်ခြင်းတို့က သက်သာစေပါမယ်။ (အလာဂျီ) ကြောင့်ဖြစ်ရတာဆိုရင် ဖြစ်စေတတ်တဲ့ အခြေအနေကို ရှောင်ပါ။
ပဋိဇီဝဆေးက မထိရောက်တော့ရင် ခွဲရပါတော့မယ်။ Basic endoscopic surgical procedure ခွဲစိတ်ရတာက မေ့ဆေး ဖြစ်ဖြစ် ထုံဆေးဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ပိတ်ဆို့နေတာတွေ ဖယ်ထုတ်၊ အကောင်းတွေတတ်နိုင်သမျှ ချန်ပေးရတာ ဖြစ်ပါတယ်။ ၄ ပါတ်ဆိုရင် ပြန်ကောင်းသွားမှာပါ။ နှာခေါင်းရိုးအနေအထား ပုံမှန်မဟုတ်သူတွေကို ခွဲစိတ်ပေးရပါမယ်။ (ယောဂ) နည်း နဲ့လည်း ကုသပေးနိုင်တယ်လို့ဆိုပါတယ်။
ကာကွယ်ဘို့ကတော့ အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်နိုင်သ၍ ရှောင်ဘို့လိုပါတယ်။ (ထိပ်ကပ် ရောဂါကြောင့် အေးတဲ့တိုင်းပြည်တွေမှာ အလုပ်သွားလုပ်နေသူများ အိပ်ကပ်ပြဿနာမရှိရင်တော့ ကိုယ့်ပြည်ကိုယ်ပြန်လာပေါ့။) လေကိုလဲ ရေဓါတ်ရှိနေအောင် လုပ်ပေးနိုင်တာ ကောင်းတယ်။ Respiratory Humidifiers, Electrode Humidifiers, Resistance Humidifiers, Gas-Fired Steam Humidifiers, Whole House Humidifiers ဆိုပြီး ကုပ္မဏီတွေက ကြော်ညာတာတွေရှိပါတယ်။ အခန်းကို အနံ့အသက်တွေလဲ ကင်းရှင်းအောင်လုပ်ပါ။
Dr. တင့်ဆွေ

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+