“Wall Street က ဖိနပ်တိုက်သမား”

နယူးယောက်မြို့ Wall Streetရဲ့ လူစည်ကားရာ အရပ်မှာ ရှိတဲ့ Blackstone Group က အမေရိကန်နိုင်ငံ ရဲ့အကြီးဆုံး ရင်းနှီးမြှုပ်နှံ စီမံအုပ်ချုပ်ရေး ကုမ္ပဏီကြီးဖြစ် တယ်။ အဲဒီနေရာမှာ ကမ္ဘာ့ထိပ်တန်း အကျော်အမော် ဝန်ထမ်းတွေ ရှိသလို ဖိနပ်တိုက် သမားလို “ယောင်ပေပေ” လူတွေလည်း ရှိတယ်။

ဒီနေရာမှာ ရှိတဲ့ ဖိနပ်တိုက် သမားတွေဟာ သပ်ရပ်တူညီတဲ့ ဝတ်စုံကို ဝတ်ထားကြပါတယ်။ သူတို့ကို “ဖိနပ်တိုက် ပညာရှင်”လို့ ကုမ္ပဏီထဲမှာ ရှိတဲ့ လူတွေက တင်စားကြပါတယ်။ ဖိနပ်တိုက် သမားတိုင်းက မတူတဲ့ အခန်းထဲက ဖိနပ်တွေကို တာဝန်ယူရပါတယ်။ တိုက်မယ့် ရှူးဖိနပ်တွေကို အမြန်ဆုံး သိမ်းဆည်းပြီး ပိုးသတ်ထားတဲ့ ကွင်းထိုး ဖိနပ်ကို ဖိနပ်အတိုက်ခံမယ့် ဝန်ထမ်းကို အရင်ဆုံးပေးစီးထား ရပါတယ်။

ဒီအလုပ်က ကြည့်ရတာလွယ်ကူပြီး အစဉ်ကျတဲ့အလုပ်ဆိုပေမယ့် ဒီနေရာကို Mauricio Dias မရောက် လာခင်တုန်းက အရမ်းကသောင်းကနင်းဖြစ်ခဲ့ပါတယ်။ ဖိနပ်တိုက်သမားတွေဟာ ငွေရဖို့အရေး ဖိနပ် တိုက်သေတ္တာကိုကိုင်ဆွဲပြီး ဖိနပ်တိုက်မယ့်သူတွေကို ရုံးခန်းထဲ ဟိုဝင်ဒီထွက်နဲ့ စည်းမရှိကမ်းမရှိ သားကောင် လိုက်ရှာသလို ရှာခဲ့ပါတယ်။

ဒီကုမ္ပဏီမှာအလုပ်လုပ်တဲ့ဝန်ထမ်းတွေက အရမ်းအလုပ်များတာမို့ ဖိနပ်တိုက်ဖို့အချိန်တောင် မပေးနိုင်ခဲ့ကြ ပါဘူး။ ဒါကြောင့် ဖိနပ်တိုက်သမားလည်း စိတ်တိုင်းကျဝင်ထွက်ပြီး ဖိနပ်တိုက်ခံမယ့်လူတွေကို ရှာခဲ့ကြပါ တယ်။

Wall Streetမှာ ဖိနပ်သွားတိုက်မယ်ဆိုတာက Mauricio Dias ရဲ့စိတ်ကူးအိပ်မက်တစ်ခုပါ။ ဖိနပ်တိုက် သေတ္တာကို ဆွဲပြီး ကုမ္ပဏီ အဆောက်အဦး ရှေ့သူရောက်ရှိချိန်မှာ လက်လက် ထနေတဲ့ ရှူးဖိနပ်ကိုစီးပြီး ကုမ္ပဏီထဲ ဝင်ထွက် သွားလာနေကြတဲ့ ဝန်ထမ်းတွေကို သူစူးစိုက်ကြည့်ခဲ့ မိပါတယ်။ လူတွေဟာ သူ့ရှေ့ကနေ ကသုတ်ကရိုက် သွားလာနေကြပြီး သူ့ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့လို့ ဖိနပ်တိုက် သမားတစ်ယောက် အနေနဲ့ ဒီနေရာမှာ သူရပ်တည်နိုင် ပါ့မလားလို့ သူတွေးခဲ့ မိပါတယ်။

ဒီကဝန်ထမ်းတွေဟာ အလုပ်များ လွန်းတယ်၊ ဝန်ထမ်းအများက တစ်ဖက်က အလုပ်လုပ်နေရင်း တစ်ဖက် က ဖိနပ်အတိုက်ခံတယ် ဆိုတာကို နောက်ပိုင်းမှာ Dias သိခဲ့ရတယ်။ ဒီဖိနပ်တိုက် သမားတွေမှာ ဖောက် သည် ပုံမှန်ရှိတယ်။ တခြားသူတွေ ကြားဝင်တိုးလို့ မရပါဘူး။ Dias လို လူသစ်ဆိုရင် ဖိနပ်တိုက်ဖို့မပြောနဲ့ ကုမ္ပဏီရှေ့မှာ ယောင်ပေပေ လုပ်နေလို့ တခြားဖိနပ်တိုက် သမားတွေရဲ့ အရိုက်မခံရ တာတောင် တော်သေးတယ်လို့ ပြောရပါမယ်။

ကုမ္ပဏီရှေ့မှာ ရက်အတန်ကြာအကဲခတ်ပြီးနောက် သဲလွန်စတစ်ခုကို Dias ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ သဲလွန်စက Blackstone Group က ယှဉ်ပြိုင်မှုပြင်းထန်တဲ့နေရာဖြစ်တယ်။ ရက်သတ္တပတ်တိုင်းလိုလို ဝန်ထမ်းဟောင်းတွေကိုဖြုတ်ပြီး ဝန်ထမ်းသစ်တွေကို ခန့်အပ်တာမျိုးရှိခဲ့ပါတယ်။

“ဝန်ထမ်းဟောင်းတွေက ဖိနပ်တိုက် သမားတွေရဲ့ ဖောက်သည် ဖြစ်နေပြီဆိုတော့ အသစ်ဝင်လာတဲ့ ဝန်ထမ်းသစ်တွေ ကနေပဲ ငါလုပ်ငန်းစရမယ်” လို့ Dias တွေးလိုက်တယ်။ အဲဒီနောက် တစ်ပတ်အကြာမှာ အသစ် ဝင်ရောက်လာတဲ့ ဝန်ထမ်းDannကို သူရွေးလိုက်ပါတယ်။ Dann ပထမဆုံးအကြိမ် ဖိနပ်တိုက်ချိန် မှာ Dias က ဖိနပ်တိုက်ခ မယူခဲ့ပါဘူး။ သူက Dann ကိုတောင် “ကုမ္ပဏီဥက္ကဌက မင်းအတွက် ငွေရှင်း လိုက်ပြီ။ သူက ကောင်းမွန်တဲ့၊ နွေးထွေးတဲ့ပုံစံနဲ့ ဝန်ထမ်းသစ်တွေကို ကြိုဆိုလိုက်တာပါ”လို့ “လိမ် ညာ”ပြော ခဲ့ပါတယ်။

Dann က Diasရဲ့ ဖောက်သည် ဖြစ်သွားချိန်မှာ ဒီ “အလိမ်ညာ”ရဲ့ အမှန်ကို သိခဲ့ပါတယ်။ ဒီကိစ္စကို Blackstone Groupရဲ့ အကြီးအကဲ Rosen ကြားသိရတော့ နက်နက်နဲနဲ ခံစားသွားခဲ့ ပါတယ်။ သူ့ကို အကောင်းပြောပြီး ကူညီခဲ့တဲ့ Dias ကို သူတွေ့ဆုံ ခဲ့ပါတယ်။

ကုမ္ပဏီရဲ့အကြီးအကဲ Rosen ကို တွေ့ခွင့်ရတာနဲ့ Dias က သူ့စိတ်ကူးကို ရဲရဲဝံ့ဝံ့ တင်ပြခဲ့ပါတယ်။ သူ့ စိတ်ကူးက ဖိနပ်တိုက် သမားတွေကို အဆင့်ရှိတဲ့ ဖိနပ်တိုက် သမားတွေအဖြစ် လေ့ကျင့်ပေးပြီး သူတို့ရဲ့ အရည်အချင်းဟာလည်း ဝန်ထမ်းတွေရဲ့ ရှူးဖိနပ်တွေလို ပြောင်လက်တောက်ပ လာဖို့ဖြစ်တယ်။ ဖိနပ်တိုက် သမားတွေဟာလည်း ကုမ္ပဏီရဲ့စည်းကမ်းရှိတဲ့ ဝန်ထမ်းအဖြစ် တစ်စိတ်တစ်ပိုင်း ပါဝင်ဖို့ဖြစ်ပါတယ်။ Dias ရဲ့စိတ်ကူးကို Rosen အားပေးခဲ့ပြီး လိုအပ်တာတွေကို ထောက်ပံ့ ကူညီပေးခဲ့ပါတယ်။

သိပ်မကြာခင်အတွင်းမှာ Diasက သူ့ကိုယ်ပိုင်ဖိနပ်တိုက် ဆိုင်လေးတစ်ဆိုင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ သူ့ ဆီ ဖိနပ်လာတိုက် သူတွေထဲမှာ Barclays, Morgan Stanley, Merrill Lynch စတဲ့ အမေရိကန်နာမည်ကြီး ကုမ္ပဏီက ဝန်ထမ်းထောင်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။ Goldman Sachs ကုမ္ပဏီအကြီးအကဲ Jon Corzine က “ဒီဖိနပ်တိုက်ဆိုင်မှာ ဖိနပ်တစ်ရံတိုက်ရင် ၆ဒေါ်လာပေးရတယ်။ တခြားနေရာမှာတော့ ၃ဒေါ်လာပဲ ယူတယ်။ ဒါပေမယ့် ဒီနေရာကိုပဲ ကျွန်တော်လာမယ်။ အကြောင်းက Dias ကပေးတဲ့ အဆင့်မြင့် ဝန်ဆောင်မှုကို ခံစားကြည့်ချင်လို့ပါပဲ”လို့ ဆိုခဲ့တယ်။

Diasရဲ့အောင်မြင်မှုကို Rosen သတိပြုခဲ့မိတယ်။ ဖိနပ်တိုက်သမားတွေကို ဦးဆောင်နိုင်သူ တစ်ယောက် ဟာ အဖွဲ့အစည်းတစ်ခုကိုလည်း စည်းစည်းလုံးလုံး ရှိအောင် ဦးဆောင်နိုင်မှာပဲလို့ သူတွေးခဲ့တယ်။ Blackstone Groupမှာ ဒီလို အရည်အချင်းရှိတဲ့လူ လိုအပ်တယ်။ ဒီလိုနဲ့ Diasဟာ Blackstone Groupရဲ့ ငယ်ရွယ်ပြီးရာထူးကြီးတဲ့ ဝန်ထမ်းတစ်ဦးဖြစ်လာ ခဲ့တယ်။ ဖိနပ်တိုက်သေတ္တာကို ကိုင်ဆွဲခဲ့သူ တစ်ယောက် က ရုံးစာရွက်စာတမ်းတွေ ထည့်ထားတဲ့ အိတ်ကိုကိုင်ဆွဲတဲ့ ဘဏ်ဝန်ထမ်း တစ်ဦးဖြစ်လာ ခဲ့ပါတယ်။

Rosenနဲ့ လူအများကို ပိုအံ့သြစေခဲ့တာက Diasဟာ ဟားဗတ်တက္ကသိုလ်က ဘွဲ့ရခဲ့သူ တစ်ဦးဖြစ်တယ် ဆိုတာပါပဲ။ သူဟာ တစ်ချိန်က DJL (Donaldson, Lufkin & Jenrette) ရင်းနှီးမြှုပ်နှံဘဏ်က ဝန်ထမ်း တစ်ဦးဖြစ်တယ်။ DJL ကို Credit Suisse ဘဏ်ကဝယ်ယူလိုက်တဲ့နောက် သူအလုပ်လက်မဲ့ဖြစ် သွားခဲ့ တယ်။ အလုပ်လက်မဲ့ဖြစ်သူတစ်ယောက်ကို လူတွေအထင်မသေးအောင် ဘယ်လိုလုပ်ရမလဲ။ Dias ဟာ အလုပ်လက်မဲ့ဖြစ်ချိန်ကစပြီး Wall Street မှာ ဖိနပ်သွားတိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ အဲဒီနေရာက Blackstone Groupနဲ့ အနီးဆုံးဖြစ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။

Dais ဟာ အောက်ခြေအလုပ်နဲ့ ကိုယ့်တန်ဖိုးကိုပြသခဲ့ပါတယ်။ သူရဲ့အောင်မြင်တဲ့အတွေ့အကြုံကိုလည်း ဟားဗတ်တက္ကသိုလ်ရဲ့ သင်ရိုးစာအုပ်မှာ ရေးသားခံခဲ့ရတယ်။ အဲဒီထဲမှာ စကားတစ်ခွန်းက ဒီလိုရေးထား ပါတယ်။ “တကယ်လို့ Wall Streetက ဝန်ထမ်း မဖြစ်နိုင်ခဲ့ရင် Wall Street က ဖိနပ်တိုက်သမားလုပ်ပါ” ဆိုတာပဲဖြစ်ပါတယ်။

မူရင်းရေးသားသူ -- Kē yù shēng

နိုင်းနိုင်းစနေ (The Chic မဂ္ဂဇင်း အောက်တိုဘာ)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...