မိုဘိုင်း အင်တာနက် မြန်နှုန်း

Written by: တက္ကသိုလ် မိုးဝါ

ရန်ကုန်မြို့တွင် တယ်လီနော ဆင်းမ်ကတ်များ ၀ယ်ယူရန် စောင့်ဆိုင်းနေသူ များအား အောက်တို ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)

လျှပ်စစ် အချက်ပြလှိုင်း၊ သို့မဟုတ် လျှပ်စစ်သံလိုက် လှိုင်း (Electromagnetic Wave) တို့ကို အသုံးပြု၍ ဆက်သွယ်မှု ပြုလုပ်ခြင်းကို Telecommunication ဟူသော ဝေါဟာရဖြင့် အဓိပ္ပာယ် ဖွင့်ဆိုသည်။ လျှပ်စစ်နှင့် လျှပ်စစ်သံလိုက် Telecommunication တွင် ကြေးနန်း၊ တယ်လီဖုန်း၊ ကွန်ရက်များ၊ ရေဒီယို၊ မိုက်ကရိုလှိုင်း လွှင့်ခြင်း၊ ဖိုင်ဘာဖန်မျှင် (Fibre Optics) နည်းပညာ၊ ဆက်သွယ်ရေး ဂြိုဟ်တုများနှင့် အင်တာနက် စသည်တို့ ပါဝင်သည်။

အကြမ်းသဘောပြောရလျှင် လူတို့အချင်းချင်း ဆက်သွယ်ရေးသည် ကြေးနန်းမှ အစပြုခဲ့သည်။ ထိုမှ တစ်ဆင့် အများအခေါ် ကြိုးဖုန်း (Land Line) ဟုခေါ်သော အိမ်ဖုန်းများ အဲနလော့ဂ် (Analog) စနစ်ဖြင့် ပေါ်ပေါက်လာသည်။ ယင်းစနစ်သည် အသံကြည်လင်ပြတ်သားမှု မရှိသောကြောင့် နောင် တွင် နိုင်ငံတော်တော် များများ၌ ဒစ်ဂျစ်တယ်လ် (Digital) စကားပြောစနစ်သို့ တဖြည်းဖြည်း ပြောင်းလာ ကြပြီဖြစ်သည်။ ဒစ်ဂျစ်တယ်လ်စနစ်၏ အားသာချက်မှာ ဒစ်ဂျစ်တယ်လ် စကားသံကို အင်တာနက် (Internet) မှ သယ်ဆောင်လာသော အချက်အလက် (Data) တို့နှင့် ကြိုးတစ်ကြိုးတည်း၌ ဘေးချင်းယှဉ် ကာ ကြည်လင် ပြတ်သားမှုနှင့်အတူ လိုရာသို့ သယ်ယူပို့ဆောင်နိုင်သော အချက်ပင်ဖြစ်သည်။ အဲနလော့ဂ် စနစ်တွင်မူ ဆူညံသံ ဝင်ရောက်နှောင့်ယှက်မည်မှာ သေချာသည်။

အင်တာနက်

အင်တာနက်ဟူသည် တစ်ကမ္ဘာလုံးကို ကူးလူးယှက်နွှယ် ချိတ်ဆက်ထားသည့် ကွန်ပျူတာကွန်ရက်ကြီး တစ်ခုဟု ဆိုရမည်ဖြစ်သည်။ ကွန်ပျူတာသို့ ပေးပို့ချိတ်ဆက်ရမည့် အင်တာနက်ကွန်ရက်ကြီးမှ သတင်း အချက်အလက်တို့ကို အေဒီအက်စ်အယ်လ် (ADSL- Asymmetric Digital Subscriber Line) ခေါ် တယ်လီဖုန်းလိုင်းကြိုးထဲ ထည့်သည့်စနစ်ဖြင့် ပြုလုပ်သည်။ ADSL သည် ကြိမ်နှုန်းမြင့် (High Frequency) သုံးပြီး တယ်လီဖုန်းကြိုးလိုင်းထဲ၌ စကားပြောရန်အတွက် နားဖြင့်ကြားနိုင်သော ကြိမ်နှုန်းနိမ့်များအား သီးခြားသတ်မှတ်ထားသည်။ ADSL စနစ် အသုံးပြု၍ ရရှိသည့် အင်တာနက်မြန်နှုန်းထက် ပိုမြန်သောနှုန်း လိုအပ်လျှင်လည်း Fibre Optics ဟုခေါ်သော ဖန်သားမျှင်ကေဘယ်လ် (Cable) ကြိုးဖြင့် အချက်အလက် ပို့ပေးသည့်စနစ်ဖြင့် ရရှိနိုင်သည်။ ယခုအခါ ဖန်သားမျှင်ကေဘယ်လ်ကြိုးကို ကျယ်ပြန့်စွာ အသုံးပြုနေကြပြီ။

ADSL ကို အသုံးပြုရာတွင် သုံးစွဲသူထံ ဦးတည်ခြင်း သို့မဟုတ် ရေစုန် (Downstream or Download) နှုန်း မှာ အင်တာနက်ဝန်ဆောင်မှုပေးသူ (ISP – Internet Service Provider) ထံဦးတည်ခြင်း သို့မဟုတ် ရေ ဆန် (Upstream or Upload) နှုန်းထက် ပို၍မြန်ဆန်ကြောင်း တွေ့ရမည်ဖြစ်သည်။ သဘောအားဖြင့် ဒေါင်းလုတ်ဒ် လုပ်လျှင် ပိုမြန်ပြီး အပ်လုတ်ဒ်လုပ်လျှင် ပိုနှေးသည့်သဘောဖြစ်၏။

မိုဘိုင်းအင်တာနက်

မိုဘိုင်းအင်တာနက် စတင်ဖြစ်ထွန်းလာနိုင်ခြင်းမှာ ဝိုင်ဖိုင်နည်းပညာ စတင်ပေါ်ပေါက် လာခြင်းကြောင့် ဖြစ် သည်။ ဝိုင်ဖိုင် (Wi-Fi – Wireless Fidelity) ဟူသော စကားလုံးမှာ ဟိုင်းဖိုင် (Hi-Fi – High Fidelity) မှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ Fidelity ဆိုသည်မှာ လှိုင်းလွှင့်လှိုင်းဖမ်းခြင်း လုပ်ဆောင်ရာတွင် တိကျပြတ်သားမှု ရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။ သို့ပါ၍ ဝိုင်ဖိုင်ဟူသည် ရေဒီယိုလှိုင်းများ အားလုံးက မဝေးသော အကွာအဝေးနှစ်ခုကြား အချက်အလက်တို့ကို မြန်ဆန်စွာ အပြန်အလှန် ပေးပို့ခြင်းဖြစ်သည်။

မိုဘိုင်းဖုန်းများအား မျိုးဆက် (Generation) အလိုက် သတ်မှတ်ထားရှိသည်။ 1G၊ 2G၊ 3G၊ 4G ဟူ၍ဖြစ် သည်။ 1G မှာ အဲနလော့ဂ်စနစ်ကိုသာ အသုံးပြုသော မျိုးဆက်။ 2G မှာ အဲနလော့ဂ်မဟုတ်ဘဲ ဒစ်ဂျစ်တယ်လ် စနစ်သုံးသော မျိုးဆက်။ 3G (Third Generation) ခေါ် တတိယမျိုးဆက်မှာ စစ်မှန်သော မာလ်တီမီဒီယာဖုန်း၊ သို့မဟုတ် စမတ်ဖုန်း (Smart Phone) ဟုခေါ်သည့် မျိုးဆက်ဖြစ်ပြီး လှိုင်းအလျား ပိုကျယ်သည့်အပြင် အချက်အလက် (Data) ပြောင်းရွှေ့နှုန်းလည်း ပိုမြန်သည်။ ထို့ပြင် ယင်းဖုန်း၌ ဝက်ဘ် (Web) အခြေခံသဘောသာမက အသံနှင့်ရုပ်ပိုင်းဆိုင်ရာ အသုံးချမှုများလည်း ထည့်သွင်းစီမံထားသည်။ (ယခုအခါ 4G ဖုန်းများလည်း ပေါ်နေပြီ)။

မိုဘိုင်းဖုန်းတို့ကို ကောင်းစွာအသုံးပြုနိုင်ရန်အတွက် လွှင့်လှိုင်းများအား တစ်နေရာမှ နောက်တစ်နေရာသို့ ထပ်ဆင့်ရီလေး (Relay) တပ်ဆင်ပို့ဆောင်ပေးသည့် တာဝါအရေအတွက် အလုံအလောက်ရှိရန် လိုအပ်လှသည်။

ဒစ်ဂျစ်တယ်လ် ကွာဟမှု ကြီးမားလာလေ နိုင်ငံတစ်ခုအဖို့ နိုင်ငံတကာမှ စီးပွားရေးအတွက် လာရောက် ရင်းနှီးမြှုပ်နှံဖို့ဆိုသည်မှာ အမြဲတစေ “စောင့်ကြည့်” အဆင့်ကို ကျော်လွှားနိုင်ရန် ခက်ခဲလေ ဖြစ်နေပေလိမ့် မည် . . . . .

မိုဘိုင်းဖုန်းသုံးပြီး စကားအပြန်အလှန် ပြောဆိုခြင်း၊ အီးမေးလ်များ၊ ဝက်ဘ်ဆိုက် စာမျက်နှာများ၊ သီချင်းဖိုင် များ၊ ဗီဒီယိုဖိုင်များ ဆက်နွှယ်ရယူခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်နိုင်ရန် မိုဘိုင်းရေဒီယိုမျှော်စင် (RadioTower) များ အလုံအလောက်ရှိရန် လိုသည်။ ထို့ပြင် အဆိုပါလုပ်ဆောင်ချက် အားလုံးကို မြန်ဆန် စွာပြီးမြောက်စေရန် အရေးကြီးဆုံး လိုအပ်ချက်မှာ ဘယ်န်ဝစ်သ်ခေါ် အချက်အလက်ပမာဏ (Bandwidth) လုံလောက်အောင် စီမံပေးထားရန်လိုအပ်ခြင်း ဖြစ်သည်။

အလွယ်ကူဆုံးနည်းဖြင့် ရှင်းပြရမည်ဆိုလျှင် အင်တာနက်သည် အမြန်လမ်းမကြီးများနှင့်တူပြီး သတင်း အချက်အလက်သည် လမ်းမေပေါ်မောင်းနှင်နေသော ယာဉ်များနှင့်တူသည်။ လမ်းမကြီးပေါ်တွင် ယာဉ် တစ်စီးတည်းရှိလျှင် ထိုယာဉ်သည် မြန်ဆန်စွာရွေ့လျားနိုင်မည်။ ယာဉ်အစီးရေ များပြားပါက ယာဉ်ကြော ကျပ်ညပ်မှုဖြစ်ပြီး အသွားအလာ နှေးကွေးတုံ့ဆိုင်းမည်။

ဘယ်န်ဝစ်သ် (Bandwidth) သည် အမြန်လမ်းမပေါ်ရှိ ယာဉ်ကြော အရေအတွက်နှင့် တူသည်။ ဘယ်န်ဝစ်သ် အလွန်နိမ့်ကျပါက ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပြီး အချက်အလက် ဖိုင်တစ်ခုကို လူအများ အပြားက တစ်ပြိုင်နက်တည်း ဒေါင်းလုတ်ဒ်လုပ်လျှင် အင်တာနက်မြန်နှုန်း နိမ့်ကျသွားမည်မှာ သေချာသည်။ သို့ဖြစ်၍ အင်တာနက်အပေါ်မှ ရုပ်-သံ အချက်အလက်များအား သုံးစွဲသူက လွှဲပြောင်းယူသည်ဖြစ်စေ၊ သုံးစွဲသူက အင်တာနက်ပေါ်သို့ လွှဲပြောင်းတင်ပေးလိုက်သည်ဖြစ်စေ ကြီးမားသော ဘယ်န်ဝစ်သ် လိုအပ် မည်ဖြစ်သည်။

ဘယ်န်ဝစ်သ်ကို kbps (kilobits per sec)၊ Mbps (Megabits per sec)၊ Gbps (Gigabits per sec) ဖြင့် တိုင်းတာသည်။ bits မှာ Bytes နှင့်မတူပါ။ (8 bits = 1 Byte)။ မိုဘိုင်းဖုန်းဖြင့် လူအများ အင်တာနက်ဖြင့် တစ်ရက်အတွင်း ချိတ်ဆက် သုံးစွဲမှုကို အချိန်နှင့် မသတ်မှတ်ဘဲ ထုထည် (Volume – Megabytes) ဖြင့် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီက သတ်မှတ်လေ့ရှိသည်။

မြန်မာနိုင်ငံရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိအင်တာနက် ဘယ်န်ဝစ်သ် ၃ဝ ဒသမ ၄ Gbps ဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝန်ဆောင်မှုပေးနေသည်ဟု သိရပြီး ၁ဝ Gbps ထပ်မံတိုးချဲ့ ချိတ်ဆက် မည်ဆိုသည်။ နောင်တွင် ထိုင်းနိုင်ငံ ကုမ္ပဏီတစ်ခုဖြစ်သည့် CAT (Communication Authority of Thailand) နှင့် မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုပေးနိုင်ရန် ပူးပေါင်း လုပ်ဆောင်မည် ဆိုသည်။

နှစ်ရှည်လများ တစ်ဦးတည်း မူပိုင်ကဲ့သို့ လက်တံရှည်ဆန့်တန်းကာ ဝန်ဆောင်မှုကိစ္စနှင့်ပတ်သက်၍ အလွန် တရာ အားနည်းခဲ့သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ယခုတော့ ချုပ်ကိုင်မှု အနည်း ငယ်ဖြေလျှော့ပြီး အူရီဒူးနှင့် တယ်လီနောဝန်ဆောင်မှု ကုမ္ပဏီများအား မိုဘိုင်းအင်တာနက် ဆိုင်ရာလုပ်ငန်း လုပ်ကိုင်ခွင့်ပြု လိုက်ပြီ ဖြစ်သည်။

စာရေးသူ သိသလောက်ပြောရလျှင် တယ်လီနောကို မိုဘိုင်းဝိုင်ဖိုင်အတွက် ဘယ်န်ဝစ်သ် “အနည်းငယ်” ဖဲ့ပေးလိုက်သည့်နောက် ADSL သုံးသူအတွက်ရော မိုဘိုင်းဖုန်းသုံးသူအတွက်ပါ အင်တာနက်အမြန်နှုန်း ယခုတလော သိသိသာသာ ကျဆင်းနှေးကွေးသွားသည်ကို တွေ့နေရ၏။ အချို့လင့်ခ် (Link) များအား ချိတ်ဆက်ရန်ပင် အခက်အခဲ တွေ့နေရသည်။

ကောင်းမွန်သော လျှပ်စစ်ဆက်သွယ်ရေး အဆောက်အအုံတစ်ရပ်မှ ရရှိနိုင်သည့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကြောင့် နိုင်ငံတစ်ခုနှင့် တစ်ခုကြား၌ ကောင်းမွန်သော ဆက်သွယ်ရေးစနစ် မရရှိ သည့် နိုင်ငံအဖို့ မညီမျှခြင်း ကြီးမားလာမည်မှာ သေချာသည်။ ယင်းမညီမျှခြင်းကို ဒစ်ဂျစ်တယ်လ်ကွာဟမှု (Digital Divide) ဟု ခေါ်ကြသည်။

ဒစ်ဂျစ်တယ်လ်ကွာဟမှု ကြီးမားလာလေ နိုင်ငံတစ်ခုအဖို့ နိုင်ငံတကာမှ စီးပွားရေးအတွက် လာရောက် ရင်းနှီးမြှုပ်နှံဖို့ဆိုသည်မှာ အမြဲတစေ “စောင့်ကြည့်” အဆင့်ကို ကျော်လွှားနိုင်ရန် ခက်ခဲလေ ဖြစ်နေပေ လိမ့်မည်။ စာရေးသူကတော့ ဘာမျှမသိပါ။ သို့သော် စစ်တမ်းတစ်ရပ်အရ ကမ္ဘာ့အင်တာနက်မြန်နှုန်း စာရင်း၌ မြန်မာပြည်သည် 300 Kbps ဖြင့် ၁၈၅ နိုင်ငံတွင် အဆင့် ၁၆ဝ ဖြစ်သည် ဆိုသည်။ ဟောင်ကောင် သည် 54.1 Mbps ဖြင့် အဆင့် ၁၊ တောင်ကိုရီးယား 48.8 Mbps ဖြင့် အဆင့် ၂၊ စင်ကာပူ 30.7 Mbps ဖြင့် အဆင့် ၁ဝ တို့ ဖြစ်ကြောင်း ဆိုပါသည်။

သို့ဖြစ်၍ ပြည်သူများ နေ့စဉ်သွားလာရေးအတွက် ကားလမ်းပိတ်ဆို့ကျပ်တည်းရသည့်ကြား၊ အရေးပါသော မိုဘိုင်းအင်တာနက် အမြန်လမ်းမကြီးလည်းကျပ်၊ စားရေးဝတ်ရေးလည်းကျပ်၊ အကျပ်သံသရာထဲမှ လွန့်ရုန်းနိုင်မည့်တစ်နေ့ကို မျှော်ကိုးနေမိခြင်းမှာ မွေးရာပါ လူ့အခွင့်အရေးတစ်ရပ် မဟုတ်ပါလား။ မျှော်မျှော် သူမောရသည့် ဝင်္ကပါတောမြိုင်လယ်ကြီးပါတကား။

Eleven Daily News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...