အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ်
နေ့စဉ်ထုတ် သတင်းစာတွေကို ဖတ်လိုက်တဲ့ အခါ မော်တော်ဆိုင်ကယ် တိုက်လို့၊ ကားတိုက်လို့ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးကြတဲ့ ယာဉ်မောင်းနှင်သူ (အထူးသဖြင့် ဆိုင်ကယ် မောင်းနှင်သူ) တွေဟာ အသက်နှစ်ဆယ်ကျော် သုံးဆယ်ကျော် လူငယ်လေးတွေ ဖြစ်တယ် ဆိုတာ တွေ့ရှိရပါတယ်။ ဒါ့အပြင် တချို့ဆေးရုံတွေမှာ ဆိုရင် ဆေးလိပ်ကြောင့်ဖြစ် တဲ့ အဆုတ်ရောဂါ၊ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ နဲ့ မူးယစ်ဆေးဝါးကြောင့် သေဆုံးရတဲ့ လူငယ်အရေ အတွက်ဟာ ပုံမှန်အသက်အရွယ် ကြီးရင့်လို့ဖြစ်တဲ့ သက်ကြီးရောဂါကြောင့် သေဆုံးရတဲ့ အရေအတွက်ထက် ပိုမိုများပြားနေတယ် ဆိုတဲ့ သတင်းတွေလည်း ကြားသိရ ပါတယ်။ ဒါ့အပြင် တစ်ခါတစ်ရံ ဖတ်ရှုရတဲ့ သတင်းတွေ အရ လူငယ်တွေ အုပ်စုလိုက် အချင်းချင်း ရန်ဖြစ်ကြပြီး ရိုက်ကြနှက်ကြလို့ သေကျေ ဒဏ်ရာရကြတာလည်း လူငယ်တွေပဲ ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။
ဒီလိုသတင်းမျိုးတွေကို ကြားရ၊ မြင်ရ၊ ဖတ်ရတဲ့အခါ သာမန်တွေးပြီး စိတ်မကောင်း ဖြစ်ရတဲ့အပြင် သူတို့ရဲ့ မိဘတွေ ဘယ်လောက်များ ခံစားလိုက်ရမလဲ၊ ဘယ်လောက်များ ရင်ထုမနာ ဖြစ်ကြရမလဲဆိုတာ တွေးမိပြီး မိဘတွေကိုယ်စား စိတ်မကောင်း ဖြစ်ရတာက ပိုပါတယ်။ ဒီထက် ပိုပြီး ကြီးကြီးမားမားတွေးမယ် ဆိုရင်တော့ အခုလို အလုပ်လုပ်လို့ ကောင်းတဲ့ အရွယ်ကောင်း လူငယ်ကလေးတွေ အချိန်မတိုင်မီ သေကျေ ပျက်စီးကြတာတွေဟာ တိုင်းပြည်၊ နိုင်ငံတစ်ခု အနေနဲ့ ကြီးမားတဲ့လုပ်အား ဆုံးရှုံးမှုတွေပါပဲ။ ခေတ် စကားနဲ့ ပြောရရင်တော့ တန်ဖိုးရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးရတာပါပဲ။
ဒီနေရာမှာ တန်ဖိုးရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်ဆိုလို့ လူငယ်တိုင်းဟာ နိုင်ငံအတွက် တန်ဖိုးရှိတဲ့ သူ ဖြစ်ပါ့မလား၊ ဖြစ်နိုင်ပါ့မလား ဆိုပြီးတော့ တချို့က စောဒက တက်နိုင်ပါတယ်။ ဟုတ်ပါတယ် စောဒက တက်မယ် ဆိုရင်လည်း တက်ချင်စရာပါ။ တချို့လူငယ်တွေဟာ လမ်းပေါ်မှာ တေပေလေ လွင့်နေ ပြီးတော့ နေချင်သလိုနေ၊ သွားချင်သလိုသွား၊ စားချင်သလို စားနေကြတာတွေကို မြင်တွေ့ရတဲ့အခါ ဘယ်သူကမှ ဒီလူငယ်တွေကို တန်ဖိုးရှိတဲ့ လူငယ်တစ်ယောက် အနေနဲ့ သတ်မှတ်နိုင်မှာ မဟုတ်သလို တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့လည်း ဘယ်သူကမှ ထင်မြင်ယူဆစရာ အကြောင်းမရှိ ပါဘူး။
တကယ်တော့ လူသားတစ်ယောက် လူ့လောကကို ရောက်ရှိလာခြင်း၊ မွေးဖွားလာခြင်းဟာ လူ့လောကကို အကျိုးပြုဖို့ စွမ်းအားတစ်ခုအဖြစ် ရောက်ရှိလာခြင်းလို့ပဲ ထင်မြင်ယူဆပါတယ်။ ဘယ်လူသားမှ ကမ္ဘာလောကကို ဖျက်ဆီးဖို့၊ လူသားတွေကို အကျိုးမပြုဖို့၊ နောက်ဆုံး မိမိကိုယ်ကို ပြန်လည် ဖျက်ဆီးဖို့ ရောက်ရှိ လာကြတာ မဟုတ်ပါဘူး။ ဘယ်မိဘကမှလည်း လူ့ဘောင်လောကကို အကျိုးမပြုမယ့်၊ မိသားစုကို အကျိုးမပြုမယ့် သားသမီးမျိုးကို မွေးဖွားချင်ကြမှာ မဟုတ်ပါဘူး။ ဒါဖြစ်ရင် ဘာဖြစ်လို့ လူ့လောကထဲကို ရောက်လာပြီးခါမှ လူ့လောကကို အကျိုးမပြုသူနဲ့ လူ့လောကကို အကျိုးပြုသူရယ်လို့ ကွဲပြားသွားကြရတာလဲ။ ကလေးတစ်ယောက် မွေးဖွားလာပြီဆိုရင် အဖြူစင်ဆုံး နှလုံးသားနဲ့ အရှင်းလင်းဆုံး ဦးနှောက်တို့သာ ပါဝင်လာကြတယ်လို့ ပြောရင် လက်မခံတဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဗိုက်ဆာရင် နို့စို့ဖို့ ဆိုတာက လွဲရင် ချစ်တယ် မုန်းတယ်ဆိုတာ သူ့နှလုံးသားက မသိပါဘူး။ ဘယ်ဟာက ကောင်းတယ် ဘယ်ဟာက ဆိုးတယ်ဆိုတာ သူ့ဦးနှောက်က မသိပါဘူး။ ဒါဆိုရင် သူ့နှလုံးသားထဲကို အချစ်တွေ၊ အမုန်းတွေ၊ ဒေါသတွေ၊ လောဘတွေကို ထည့်ပေးတာ ဘယ်သူတွေလဲ။ သူ့ဦးနှောက်ထဲကို အဆိုးတွေ၊ အကောင်းတွေ ခွဲခြားတတ်အောင်၊ မခွဲခြားတတ်အောင် သင်ကြားပေးတာ ဘယ်သူတွေလဲ။
ကျွန်တော်တို့ မြန်မာလူမျိုးမှာ “လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဘ” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်ဟာ မိဘတွေလက်က လွတ်ပြီး ကျောင်းနေအရွယ် မရောက်မီ အထိ ဒီကလေးရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှု၊ သူ့အရွယ်အရ အဆိုးအကောင်း ခွဲခြားနိုင်မှုဟာ သူ့မိဘတွေရဲ့ လက်ထဲမှာ ရှိတာအမှန်ပါပဲ။ တကယ်လို့ အကြောင်းကြောင်းကြောင့် မိဘတွေ မရှိတော့ဘူး ဆိုရင်တော့ ဒီကလေးရဲ့ကံကြမ္မာဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အုပ်ထိန်းသူ ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မ စသူတို့ရဲ့ သွန်သင်ဆုံးမမှုအောက်မှာ သူ့ဘဝရဲ့ အဆိုးအကောင်းက ပြောင်းလဲ သွားမှာ ဖြစ် ပါတယ်။ တချို့ဆိုရင် မိဘတွေ မရှိတဲ့ နောက်ပိုင်း ကျောင်းထားပေးမယ့်သူ မရှိလို့ ကျောင်းတောင် မနေ ရတော့ပါဘူး။ အရွယ်မရောက်မီ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြရတဲ့ ကလေးတွေ ဆိုရင်လည်း မြန်မာနိုင်ငံ နေရာအနှံ့မှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။
မိဘကို လက်ဦးဆရာလို့ ဆိုသလို ဆရာဆိုတာဟာလည်း ဒုတိယမိဘပါပဲ။ မိဘလက်က လွတ်လာတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ယောက်ကို မိဘနဲ့မခြား ဆုံးမသွန်သင် ပဲ့ပြင်ပေးဖို့ဆိုတာ သင်ရိုး ညွှန်းတမ်းထဲမှာ မပါတဲ့ ဆရာ့ဝတ္တရားပါပဲ။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” ဆိုတာဟာလည်း နိုင်ငံတော်အစိုးရရဲ့ ဝန်ထမ်းကျင့်ဝတ်ထဲမှာ မပါဝင်တဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအရ လိုက်နာကျင့်သုံး ဆောင်ရွက်ခဲ့ကြတဲ့ ဆရာ့ကျင့်ဝတ် များသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက မူလတန်း ကျောင်းသားဘဝမှာ မြန်မာစာ၊ သင်္ချာ၊ အခြေခံ ပထဝီ၊ သိပ္ပံ၊ သမိုင်းစတဲ့ ဘာသာရပ်တွေအပြင် ဘာသာတရားအရ သင်ကြားကြရတဲ့ အခြေခံ ကျင့်ဝတ်များ (ဗုဒ္ဓဘာသာ ဆိုရင်လည်း ငါးပါးသီလကအစ အခြေခံဗုဒ္ဓဘာသာ သင်ခန်းစာများ)၊ ပြည်သူ့ နီတိ စတဲ့ လူမှုကျင့်ဝတ်များကို သင်ကြားခဲ့ကြရတာ ဖြစ်ပါတယ်။ ဆရာတွေရဲ့ သင်ကြားပြသမှုအပြင် ဆိုဆုံးမမှုကောင်းရင် ကောင်းသလောက် လိမ္မာရေးခြား ရှိကြတာ ဖြစ်ပါတယ်။ တချို့ဆိုရင် အိမ်မှာ ပြောမရ၊ ဆိုမရ ဆိုးနေတဲ့ ကလေးတွေဟာ ဆရာနဲ့ တွေ့တဲ့အခါ မိဘတွေက မယုံကြည်နိုင်လောက်အောင်ကို လိမ္မာနေကြတာကို တွေ့ကြရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက မိဘတွေ ဆိုဆုံးမမှု မကောင်းရင် မကောင်းသလို ကလေးသူငယ်တွေ ဆိုးကြသလို မိဘတွေက အကောင်းလွန်ပြီး အလိုလိုက်လွန်းပြန်ရင် လည်း ကလေးတွေက ဆိုးတတ်ကြတာပါပဲ။ ကျောင်းမှာ စာသင်တဲ့ ဆရာကို မကြိုက်လို့၊ ဒီကျောင်းမှာ မနေချင်ဘူးလို့ ပြောတဲ့အတွက် ကျောင်းပြောင်းထားတဲ့ မိဘတွေလည်း ဒီခေတ်ကြီးထဲမှာ ရှိနေကြတယ် ဆိုတာတွေလည်း ကြားနေရပါတယ်။ အထက်တန်း ကျောင်းသားဘဝ ရောက်တဲ့အထိ မိဘ ကိုယ်တိုင် နေ့ စဉ်ကျောင်းပို့ ကျောင်းကြို လုပ်ကြသလို စာမေးပွဲဖြေတဲ့ အခါမှာလည်း ကျောင်းဝအထိ လိုက်ပါကူညီ စာကျက်ပေးနေကြတာဟာ မိမိကလေးကို စိတ်ပိုင်းဆိုင်ရာအရ အားပေးရာ မရောက်ဘဲ နောင်ဆိုရင် မိဘမပါတိုင်း စိတ်အားငယ်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့ပါးစေတတ်တယ် ဆိုတာ ဒီမိဘတွေ မသိလို့များလားဆိုတဲ့ အတွေးလည်း ဝင်မိတာ အမှန်ပါ။
မိဘနဲ့ ဆရာသမားရဲ့ အုပ်ထိန်းမှုအောက်က လွတ်မြောက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ရတဲ့ အသက် အရွယ်ဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တစ်ဦးချင်းစီရဲ့ ဘဝပေးအခြေအနေပေါ် မူတည် ပါတယ်။ တချို့ကတော့ မိဘလက်ငုတ် ရှိလျက်နဲ့ မိဘက စီးပွားရေး မပြေလည်လို့ မိဘရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက ကူညီရတာတို့၊ အဝေးမှာနေပြီး မိဘကို ပြန်လည်ထောက်ပံ့ရတာတို့ ရှိသလို ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်ဘဝ ကိုယ်ကျောင်း၊ ကိုယ့်လမ်း ကိုယ်လျှောက်ကြရတာတွေလည်း ရှိကြပါ တယ်။ တချို့ကျတော့လည်း မပူမပင်ရဘဲ မိဘရဲ့ အရိပ်အာဝါသမှာပဲ နေပြီး စိတ်ကြိုက် သုံးစွဲနေထိုင်နိုင် ကြတဲ့ သူမျိုးတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာ အရေးအကြီးဆုံးကတော့ ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ် အယူအဆတွေဟာ မိမိရဲ့ဘဝကို လွှမ်းမိုး ချုပ်ကိုင်ကြပါတော့တယ်။ ငယ်စဉ်က မိဘဆရာသမားတို့ရဲ့ အဆုံးအမကို ကောင်းစွာခံယူခဲ့ရလို့ မိမိရဲ့ လျှောက်လမ်းပေါ်မှာ မယိမ်းမယိုင် လျှောက်လှမ်းနိုင်သူတွေ ရှိကြသလို ငယ်စဉ်ဘဝ ကိုယ်ခံအား နည်းသူတွေ အတွက်ကတော့ တစ်ပါးသူ ဆွဲဆောင်ရာနောက်ကို အလွယ်တကူ ပါသွားမယ် ဆိုတာ ကတော့ ပြောစရာ မလိုတော့ပါဘူး။ ကလေးဘဝကနေ လူငယ်ဘဝကို အကူးအပြောင်းမှာ ပထမဆုံး လက်တွေ့စမ်းသပ်ချင်ကြတာကတော့ ဆေးလိပ်ပဲ ဖြစ်ပါတယ်။
ဆေးလိပ်ဟာ ဝယ်ယူရရှိနိုင်ဖို့ အလွယ်ကူဆုံး ပစ္စည်းဖြစ်သလို အတုမြင် အတတ်သင်ဖို့လည်း နေရာပေါင်း များစွာမှာ နည်းလမ်းမျိုးစုံနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဒီကနေ့ ဘယ်နေရာမဆို အလွယ်တကူ ဝယ်ယူရရှိနေတဲ့၊ ကလေးသူငယ်တွေ ကိုယ်တိုင် ရောင်းချနေတဲ့ ဆေးလိပ်ဟာ တကယ်တော့ “ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကန့်သတ်ထိန်းချုပ်ရေး” ဥပဒေအရ ကလေးသူငယ်တွေကို ရောင်းချခွင့် မရှိတဲ့အပြင် နေရာတိုင်းမှာ လည်း သောက်ခွင့်မရှိပါဘူး။ အဲဒီဥပဒေကို လိုက်နာတာကတော့ မြန်မာ့ရုပ်သံလိုင်းများ က ပြသနေ တဲ့ နိုင်ငံခြားရုပ်ရှင်ကားများပဲ ဖြစ်ပါတယ်။ (ဆင်ဆာဖြတ်ထားတာ မသိရင်တော့) ဆေးလိပ်မပါဘဲနဲ့ ပါးစပ်ထဲက မီးခိုးတွေ မှုတ်ပြနေတဲ့ မင်းသားများကို ချီးကျူးမိမှာ အမှန်ပဲ ဖြစ်ပါတယ်။
နောက်တစ်ခု မြန်မာနိုင်ငံမှာ ရေသန့်အဖြစ် ကြော်ငြာပြီးတော့ မော်တော်ကား ကံစမ်းမဲများပေး ကာ ရောင်းချနေတာတွေကတော့ တံဆိပ်မျိုးစုံနဲ့ အရက်များပဲ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက အရက်ကြော်ငြာတွေ မထည့်ရဘူးဆိုလို့ အရက်ကို ရေအဖြစ် ကြော်ငြာနေတာတွေကို မသိကြတာလား၊ မသိချင်ယောင် ဆောင်ကြတာလား ဆိုတာကတော့ တာဝန်ယူ၊ တာဝန်ခံရမယ်ဆိုတဲ့ တတိယလှိုင်းကို ဖန်တီးသူများက လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။ (မြန်မာ့ရုပ်သံကပြတဲ့ နိုင်ငံခြားရုပ်ရှင်ကားများမှာ အရက်သောက်ရင်တော့ အရက်ခွက်ကို မမြင်ရအောင် ဆင်ဆာဖြတ်ကြပါတယ်)။ မြန်မာနိုင်ငံ နေရာအနှံ့မှာ အရက်/ဘီယာဆိုင်တွေ မှိုလိုပေါလာပြီး အရက်သောက်သုံးသူ များလာတဲ့အတွက် နောင်ဆိုရင် မြန်မာ့ ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အရက်ပွဲတော်လို့တောင် အမည်ပြောင်းရတော့မှာ ဖြစ်ပါတယ်။
အရက်ဟာ လူကို စိတ်ကြွစေတယ်ဆိုတာ လူတိုင်းသိပါတယ်။ သင်္ကြန်တွင်းမှာ ဖြစ်ကြတဲ့ ယာဉ်တိုက်မှုတွေ၊ ရိုက်ကြနှက်ကြတဲ့ ရန်ပွဲတွေဟာ အရက်ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။ သာမန်အချိန်မှာ ဖြစ်ကြတဲ့ ယာဉ်တိုက်မှုတွေမှာလည်း အရက်သောက်ပြီး မဆင်မခြင် မောင်းလို့ ဖြစ်တဲ့ ယာဉ်တိုက်မှုတွေက ရာခိုင်နှုန်း တော်တော်များများကို နေရာယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရက်နဲ့ ဆေးလိပ် သောက် သုံးမှု၊ ရောင်းချမှုတွေကို ပြဋ္ဌာန်းပြီးဖြစ်တဲ့ တည်ဆဲဥပဒေတွေနဲ့ အညီသာ တာဝန်ရှိသူတွေက ထိထိရောက်ရောက် ကိုင်တွယ်ကျင့်သုံးကြမယ် ဆိုရင် အရက်ကြောင့် ဖြစ်ရတဲ့ ရောဂါကြောင့် သေဆုံး မှုတွေ၊ မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးကြတာတွေဟာ ယခုထက် များစွာ လျော့ကျ သွားမှာ ဖြစ်သလို ဆေးလိပ်ကနေ တစ်ဆင့် မူးယစ်ဆေးဝါး သုံးစွဲမှုတွေ၊ မူးယစ်ဆေးကြောင့် ထိခိုက်သေကျေ ပျက်စီးမှုတွေဟာလည်း သိသိသာသာ လျော့ကျသွားမယ်ဆိုတာ ယုံမှားဖွယ်ရာ မရှိပါဘူး။
ဒီနေရာမှာ အတုယူမှားတဲ့ ကိစ္စတစ်ခုကိုလည်း ပြောချင်ပါသေးတယ်။ အဲဒါကတော့ နိုင်ငံခြားရုပ်ရှင်တွေမှာ ဆိုင်ကယ်တွေ ကားတွေကို တရကြမ်းမောင်းနှင်ပြီး ရုတ်ခြည်းပြန်ကွေ့တာတွေ၊ ရှေ့ကကားကို အတင်းကျော်တက်ပြီး ရှေ့ကပိတ်ရပ်တဲ့ ပြကွက်တွေဟာ တစ်ဆက်တည်း ရိုက်တဲ့ ရိုက်ကွက်တွေမဟုတ်ဘဲ တစ်ကွက်ချင်းကို ရိုက်ပြီးတော့မှ ပြန်ဆက်ယူတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြကွက်တော်တော်များများဟာ အပြင်မှာ အမှန်တကယ် လုပ်လို့မရဘဲ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားကြတာ ဖြစ်ပါတယ်။ ဒါကို အတုယူပြီးတော့ လိုက်လုပ်ကြမယ် ဆိုရင်တော့ သေပွဲဝင်ဖို့ကလွဲလို့ အခြားမရှိဘူးလို့ပဲ ပြောချင် ပါတယ်။ လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ ယာဉ်မောင်းလိုင်စင်တွေကို စိစစ်ဖို့ အဓိကတာဝန်ရှိတဲ့ ကညန ဝန်ထမ်း များအနေနဲ့ လိုင်စင်များကို အလွယ်တကူ ထုတ်မပေးဘဲ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုပါ အသေအချာ စိစစ်ပြီးတော့မှ ထုတ်ပေးမယ်ဆိုရင် မတော်တဆ ဖြစ်စဉ်များလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဒီကနေ့ လူငယ်၊ လူရွယ်တွေ မတော်တဆ ထိခိုက် ဒဏ်ရာရပြီး သေကျေပျက်စီးကြတာတွေ၊ အရက်နဲ့ မူးယစ်ဆေးစွဲပြီး ရောဂါစွဲကပ် သေဆုံးကြတာတွေ အားလုံး လျော့နည်းပပျောက်သွားဖို့ဆိုရင် လက်ဦးဆရာလို့ခေါ်တဲ့ မိဘတွေ၊ ဒုတိယမိဘလို့ ဆိုနိုင်တဲ့ ဆရာတွေအပြင် မိဘနဲ့ ဆရာသမားတို့လက်က လွတ်ပြီးနောက် နိုင်ငံသားတို့ရဲ့ အုပ်ထိန်းသူ မိဘ/ဆရာ သဖွယ်ဖြစ်တဲ့ အဆင့်ဆင့်သော အစိုးရမင်းများ ဖြစ်ကြတဲ့ ဌာနအသီးသီးက တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးဟာ တတိယလှိုင်းကို စီးပြီးတော့ (ဆရာကြီး ဒေါက်တာအောင်ထွန်းသက် စကားနဲ့ပြောရရင်) တာဝန်ရှိ၊ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံပြီးတော့ တာဝန်ကျေပွန်ကြမယ်ဆိုရင် အခုလို နေ့စဉ်နဲ့အမျှ “အမှည့် တဝင်းဝင်း အကင်းတဖြုတ်ဖြုတ်” ဆိုသလို နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်များ အချိန်မတိုင်မီ လေလွင့် ဆုံးရှုံးနေရတဲ့ အဖြစ်ကနေ ကင်းလွတ်နိုင်ကြမှာ ဖြစ်ပါတယ်။
သိန်းထက်အောင်
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+