ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော ပရဟိတဒါန အလှူရှင်များ
ဒီနေ့  Facebook တည်ထောင်သူ မာ့ခ်ဇတ် ကာဘတ် နဲ့ ဇနီး ပရစ်ဆီလာချန်းတို့ ဟာ အီဘိုလာ ကူးစက်ပြန့် နှံ့ မှုကို ထိန်းချုပ်ဖို့  ကူညီတဲ့အနေနဲ့  အမေရိကန် ပြည်ထောင်စု၊ ရောဂါ ထိန်း ချုပ်ရေး ဖောင်ဒေးရှင်းကို အမေရိကန်ဒေါ်လာ ၂၅ သန်း လှူဒါန်းမယ်လို့  ကြေငြာခဲ့ပါတယ်။
လူအယောက် ၈၀၀၀ ကျော်ကို အီဘိုလာ ကူးစက် ထားပြီး သေဆုံးသူဦးရေ ၄၀၀၀ ကျော်နေတဲ့ အီဘိုလာ ပြန့် ပွား၊ ကူးစက်၊ သေဆုံးမှုနှူန်းဟာ ကြောက် ခမန်း လိလိများလာတဲ့အတွက် သူ့ အနေနဲ့  စိုးရိမ်မကင်း ဖြစ်မိပါကြောင်း ဇတ်ကာဘတ်က သူ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့  ရောဂါထိန်းချုပ်ရေးဖောင်ဒေးရှင်းကလည်း ဇတ်ကာဘတ်ရဲ့ လှူဒါန်းမှုကို ကြိုဆို လက်ခံလိုက်ပြီး ဇတ်ကာဘတ် ရက်ရက်ရောရောလှူဒါန်းတဲ့ငွေကို ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီယဲရား လီယွနနဲ့  အခြား အီဘိုလာကူးစက်မယ့်အန္တရယ်ရှိနေတဲ့ နိုင်ငံဒေသတွေမှာ အီဘိုလာတုန့် ပြန် ထိန်းချုပ်ရေးတွေ လုပ်ဆောင် တဲ့နေရာမှာ အသုံးပြုသွားမယ်လို့  ဒီနေ့ ပဲ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
အီဘိုလာကို ကမ္ဘာမှာစတင်တွေ့ ရှိခဲ့တဲ့ ၁၉၇၆ ခုနှစ်ကနေ ဒီနေ့ အချိန်အထိမှာ ၂၀၁၄ ခုနှစ် ရဲ့ အီဘိုလာ အန္တရယ် ဟာ အဆိုးဝါးဆုံးဖြစ်နေပါတယ်။ အနောက်အာဖရိက ကနေ ပြင်သစ်နဲ့ ယူကေနိုင်ငံတို့ ကို ကူးစက်ပြန့် ပွားနိုင်ချေ အထူးမြင့်မားနေပြီး အမေရိကန်၊ ဂျာမနီ၊ စပိန်နိုင်ငံတို့ မှာလည်း အီဘိုလာလူနာတွေ ကိုတွေ့ ရှိ၊ စောင့်ရှောက်၊ ကုသ ပေးခဲ့ပေမယ့် အသက်ကယ်တင်နိုင်ခြင်းမရှိတဲ့အခြေအနေတွေကို ကြုံတွေ့ နေရပါတယ်။
ကမ္ဘာကိုဝါးမြိုမယ့် နိမိတ်လက္ခဏာပြနေတဲ့ အီဘိုလာကို တိုက်ဖျက်နိုင်ဖို့  အခုလိုတစ်ဦးတည်း ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တဲ့ ဇတ်ကာဘတ်ကို မဟာနှလုံးသားပိုင်ရှင်လို့  ကမ္ဘာကအသိအမှတ်ပြုလိုက်ပါတယ်။
ဇာတ်ကာဘတ်လိုပဲ လူသားတွေကို ချစ်မြတ်နိုးတတ်ပြီး ကြီးမားတဲ့ ပရဟိတဒါနပြုလုပ်ခဲ့သူ နောက်ထပ် (၅) ဦးအကြောင်းကို ဖော်ပြ လိုက်ပါတယ်။
(၁) Nike ကုမ္ပဏီကို တွဲဖက်တည်ထောင်ခဲ့သူ ဖီးလ်နိုက် ဟာ ကင်ဆာနဲ့  နှလုံးသွေးကြောကျဉ်းရောဂါတွေ အကြောင်း သုတေသနပြုလုပ်နိုင်ဖို့  အမေရိကန်ဒေါ်လာ ၇၂၅ သန်း လှူဒါန်းခဲ့ပါတယ်။ ဒါဟာ မကြာသေး ပါဘူး။ ၂၀၁၃ ခုနှစ် ကပါ။ ဖီးလ်နိုက်နဲ့ ဇနီးပနဲလိုပီတို့ ဟာ အော်ရီဂွန် ကျန်းမာရေးနှင့် သိပ္ပံ တက္ကသိုလ် ဖောင်ဒေးရှင်းကို ကင်ဆာသုတေ သန လုပ်ငန်းကို ချဲ့ ထွင်နိုင်ဖို့  အမေရိကန်ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၂ ခုနှစ်မှာ နှလုံး သွေးကြောကျဉ်းရောဂါသိပ္ပံတစ်ခုကို အမေရိကန်ဒေါ်လာ ၁၂၅ သန်း၊ ၂၀၀၈ ခုနှစ်မှာ ကင်ဆာသိပ္ပံ တက္ကသိုလ် တစ်ခုကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အသီးသီးလှူဒါန်းခဲ့ပါတယ်။
ဖီးလ်နိုက်ဟာ ဒီလိုကြီးမားတဲ့လှူဒါန်းမှုတွေပြုလုပ်နေချိန်မှာ အသက်အားဖြင့် ၇၆ နှစ် ရှိနေပါပြီ။ ဒေါ်လာ သန်း ၅၀၀ လှူဒါန်းခဲ့တဲ့ အော်ရီဂွန်ဖောင်ဒေးရှင်းကိုတော့ (၂) နှစ်အတွင်း နောက်ထပ် ဒေါ်လာ သန်း (၅၀၀) ကို အခြား အလှူရှင်တွေဆီကနေလည်း ရအောင်ကောက်ခံစုဆောင်းရမယ်လို့  ကတိက ၀တ်တောင်းပြီးမှ လှူဒါန်းခဲ့တာပါ။
(၂) ၂၀၁၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ၊ Dato Sri Tahir ကုမ္ပဏီက အသက် (၆၂) နှစ်အရွယ် အုပ်စုနာယက မာယာပဒါ က ပိုလီယိုနဲ့  အခြားရောဂါတွေကို ထိန်းချုပ်နိုင်ဖို့  အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ပါ တယ်။ ကမ္ဘာ့အဆင့် သူဌေးတစ်ဦးလည်းဖြစ်၊ ကုမ္ပဏီအုပ်စုနာယကလည်းဖြစ်တဲ့ မာယာပဒါဟာ ပိုလီယို၊ ငှက်ဖျား၊ အဆုပ် တီဘီနဲ့  အခြားကူးစက်တတ်သောရောဂါများအတွက် ကာကွယ်ဆေးနဲ့  ပညာပေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့  အဲဒီ လို မတည်လှူဒါန်းခဲ့တာပါ။ နောက်ပိုင်းမှာ မာယာပဒါရဲ့ မတည် လှူဒါန်းငွေကို The Bill and Melinda Gates Foundation ကလည်း ဆက်လက် ပံ့ပိုးခဲ့တဲ့အတွက် အခုဆိုရင် အဲဒီမတည်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရှိနေပါပြီ။
မာယာပဒါဟာ အဲဒီလောက်နဲ့ ပဲ ရပ်တန့် သွားခဲ့တာ မဟုတ်ပါဘူး။ အခုနှစ် ဧပြီလမှာ အင်ဒိုနီးရှား ကျန်းမာရေး ရံပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀ လှူဒါန်းခဲ့ပါသေးတယ်။ ဒီငွေတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့  ထိပ်သီး လုပ်ငန်းရှင်ကြီး (၈) ဦးက ပူးပေါင်းမတည်ခဲ့တာဖြစ်ပြီး သန်း ၁၀၀ ဖြစ်အောင် လှူဒါန်းငွေတွေဆက်လက် ကောက်ခံသွားပြီးတော့ အဆုပ်တီဘီ တားဆီး ကာကွယ်ကုသမှုနဲ့  သားဆက်ခြားမှု လုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားနိုင်ဖို့  ရည်ရွယ်တယ်လို့  သိရပါတယ်။
(၃) စင်္ကာပူနိုင်ငံ၊ Goh ဖောင်ဒေးရှင်းတည်ထောင်သူ ဂိုချန်လျန် က ကင်ဆာသုတေသနလုပ်ငန်းအတွက် စင်္ကာပူအမျိုးသားကင်ဆာစင်တာကို အခုနှစ် မတ်လတုန်းက အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ပါ တယ်။ သူ့ အသက် ၈၅ နှစ်အရွယ်မှာ အဲဒီလိုလှူဒါန်းခဲ့တာဖြစ်ပြီး ဒီငွေတွေကို ကင်ဆာသုတေသန လုပ်ငန်းမှာရော၊ အရှေ့ တောင်အာရှရဲ့  ပထမဆုံး ပရိုတွန် ကုထုံးစက်ဝယ်ဖို့ ရော ရည်ရွယ်လှူဒါန်းခဲ့ တာဖြစ်ပြီး ပရိုတွန်ကုထုံးစက် ကိုအသုံးပြုပြီး ကင်ဆာလူနာတွေကို ဓါတ်ကင်မှုပြုလုပ်ပေးတာ ပိုမို ထိရောက်ကောင်းမွန်တယ်လို့  သိရပါတယ်။
ဂိုချန်လျန်ဟာ အရင်ကလည်း Nippon Pain Singapore ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး အဲဒီဖောင်ဒေး ရှင်း အတွက်လည်း အမေရိကန်ဒေါ်လာ ၁၀ သန်းလှူဒါန်းခဲ့ဖူး ပါသေးတယ်။
(၄) သြစတျေးလျနိုင်ငံ သူဌေးကြီး ကလိုက်ဖ်ဘာဂိုဖာက ဆေးဝါးသုတေသန လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၈ သန်းလှူဒါန်းခဲ့ပါတယ်။ ကလိုက်ဖ်ဟာ Toowoomba အိမ်ခြံမြေယာ လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူတည် ထောင်ထားတဲ့ ကလိုက်ဖ်ဘာဂိုဖာအုပ်စုက ဒီနှစ်သြဂုတ်လတုန်းက ကွင်းစလန်း ဆေးဝါးသုတေသနသိပ္ပံကို အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အခု အချိန်မှာ အသက် ၇၉ နှစ်အရွယ် ကလိုက်ဖ်ဟာ ၂၀၀၁ ခုနှစ်ကလည်း ကွင်းစလန်းကို အမေရိကန်ဒေါ်လာ ၁၀ သန်းလှူဒါန်းခဲ့ပါသေးတယ်။
(၅) တောင်ကိုရီးယား ပေါ့ပ်ဂီတပညာရှင် ချိုယွန်ပီ က ကလေးသူများရေးရာနဲ့  နှလုံးရောဂါအတွက် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ သန်းလှူဒါန်းခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ချိုယွန်ပီရဲ့ ဇနီးသည်ဟာ နှလုံးရောဂါနဲ့  သေဆုံးခဲ့ ပါတယ်။ အဲဒီအချိန်ကစပြီး ချိုယွန်ပီဟာ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်တွေ ကို အကူအညီပေးတာမျိုး စလုပ် ခဲ့ပါတယ်။
အသက် (၆၄) နှစ်အရွယ် ချိုယွန်ပီဟာ သူ့ အနုပညာလုပ်ငန်းနဲ့ ဇနီးသည်ချန်ထားရစ်ခဲ့တဲ့ငွေတွေထဲကနေ လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကလေးသူငယ်တွေ အရေးပေါ်ခွဲစိပ် ကုသမှုခံယူဖို့  ငွေကြေး လိုအပ်တဲ့ အချိန်တွေမှာ လည်း အလျဉ်းသင့်သလို လှူဒါန်းတတ်ပါသေးတယ်။ ချိုယွန်ပီဟာ ၂၀၀၉ ခုနှစ်မှာလည်း ချိုယွန်ပီစကောလားရှစ် ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ချို့ တဲ့တဲ့ ကျောင်းသူကျောင်း သားတွေ အတွက် နေထိုင်စားရိတ်နဲ့  ပညာတော်သင်ဆုတွေကို ချီးမြင့်နေသူတစ်ဦးဖြစ်ပါတယ်။
ကမ္ဘာကမှတ်တမ်းတင်ဂုဏ်ပြုခြင်းခံရတဲ့ ပရဟိတဒါနရှင်တွေထဲမှာ အာရှတိုက်နိုင်ငံသားတွေလည်း ပါဝင်နေတာကို ဂုဏ်ယူဝမ်းမြောက်စွာ လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+