ဆန်းကြယ်သော အိပ်မက်များ၏ လျှို့ ဝှက်သော အဓိပ္ပါယ်

By သမန်းကျား

မနေ့ ညက ဘာအိပ်မက်များ မက်ခဲ့ပါသလဲ။ သာယာ ကြည်နူးဖွယ်ကောင်းတဲ့ အိပ်မက်လား၊ ဂမ္ဘီရဆန်တဲ့ အိပ်မက် လား၊ ဒါမှမဟုတ် အထိတ် တလန့် ဖြစ်ပြီး နိုးခဲ့ရတဲ့ အိပ်မက် ဆိုးလား။ အိပ်မက် ဘာကြောင့် မက်တာပါလိမ့်။ လူတွေ ကကော အိပ်မက် အကြောင်းကို ဘာကြောင့်များ စိတ်ဝင်တစား ဘာသာပြန်၊ အနက်ကောက်ပြီး ဆွေးနွေး ကြတာ ပါလိမ့်။

ကျွန်တော်တို့ ဟာ တစ်နေကုန် လှုပ်ရှားသွား လာနေ ကြတဲ့အခါ သိစိတ်နဲ့ မသိစိတ်နှစ်ခုက လိုအပ်သလို ချိတ်ဆက် ပေးနေကြပါတယ်။ ညအိပ်ပျော် သွားတဲ့အခါ သိစိတ်က ရပ်နားသွားပြီး မသိစိတ်က စိုးမိုးလို့ လာပါတယ်။ သမုဒ္ဒရာ ရေပြင်ထဲ မျောပါနေတဲ့ ရေခဲတောင်ကြီးကို အနည်းဆုံး ရုပ်ရှင်ထဲမှာတော့ မြင်ဖူးကြမှာပါ။ အတော့်ကိုကြီးတဲ့ ရေခဲ တောင်ကြီးပါပဲ။ တိုင်တန်းနစ်လို သင်္ဘော ကြီးတောင် အဲဒီရေခဲတောင်နားမှာ အရုပ်ကလေးတစ်ရုပ်လောက်ပဲ ရှိတာကို ဇတ်ကားထဲမြင်လိုက် ရပါတယ်။

ဒါပေမယ့် ရေအောက်မှာနှစ်မြုပ်နေတဲ့ ရေခဲတောင်အပိုင်းဟာ ရေပေါ်မှာ ပေါ်နေတဲ့ ရေခဲတောင်အပိုင်းထက် အစပေါင်းများစွာ ပိုကြီးပါတယ်။ မသိစိတ်ကလည်း ဒီလိုပါပဲ၊ သိစိတ်ထက် မသိစိတ်က အဆပေါင်းများစွာ ကျယ်ဝန်းနက်ရှိုင်းပါတယ်။ တစ်နေ့ တစ်နေ့  မြင်တွေ့ ခဲ့တာတွေ၊ တွေးမိခဲ့တာတွေ၊ စိတ်ကူးခဲ့တာတွေ၊ စိုးရွံ့ ထိတ်လန့် ခဲ့တာတွေကို မသိစိတ် က ပြန်လည်စုစည်းရပါတယ်၊ အမျိုးအစားခွဲရပါတယ်။ အဲဒီလို အချိန်မှာ ဦးနှောက်ထဲမှာ ပုံရိပ်တွေဖြတ်ခနဲ၊ ရုတ်ခနဲ ပေါ်လာတတ်ပါတယ်။ ဟိုးအရင်နှစ်ပေါင်းများစွာက ပုံရိပ်တွေ၊ စာအုပ်၊ရုပ်ရှင်အစရှိတာတွေကနေ မှတ်မိထားတဲ့ ပုံ ရိပ်တွေ၊ သိစိတ်ထဲက ပုံဖော်ချင်နေတဲ့ ပုံရိပ်တွေကို စုစည်းဖော်ပြသလို လေးလေးနက်နက်တွေးတောနေမိတဲ့ မေး ခွန်းရဲ့ အဖြေကိုလည်း ဆန်းကြယ်တဲ့ ပုံရိပ်တွေနဲ့  မြင်ရလေ့ရှိပါတယ်။ ဒါကိုပဲ အိပ်မက်လို့ ခေါ်တာပါ။

ဒီတော့ သိစိတ်နဲ့ မသိစိတ် အပြန်အလှန်ဆက်စပ်နေသူတိုင်းဟာ ညတိုင်းအိပ်မက်မက်ပါတယ်။ ဒါပေမယ့် မသိစိတ် ရဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် သိစိတ်ထကြွနိုးကြားလာချိန်မှာ အဲဒီအိပ်မက်အများစုကို မှတ်မိလေ့မရှိပါဘူး။ မနက်အိပ်ယာထခါနီး၊ မသိစိတ်ကလည်း အပြီးသတ်မငြိမ်သက်သေးတဲ့အချိန်၊ သိစိတ်ကလည်း ဖြည်းဖြည်းချင်း နိုး ကြားလာတဲ့အချိန်မှာ မက်လိုက်တဲ့အိပ်မက်မျိုးကိုကျတော့ လူအများစု က မှတ်မိကြပါတယ်။

တစ်ည၊ တစ်ညကို အိပ်မက်အကြိမ်ပေါင်း များစွာ မက်ပါတယ်။ အိပ်မက်တွေဟာ ၅ မိနစ်ကနေ မိနစ် ၂၀ အထိ ကြာမြင့်တတ်ပါတယ်။ တစ်ကမ္ဘာလုံးက လူသားတွေ ညစဉ်မြင်မက်တတ်ကြတဲ့ အိပ်မက်တွေထဲမှာ အိပ်မက် (၅) မျိုးဟာ ထင်ရှားပါတယ်။ (၁) ချစ်သူက ကိုယ့်အပေါ် သစ္စာဖောက်နေပုံ (၂) သွားကျွတ်သွားပုံ (၃) ကိုယ့်ကို နောက် ကနေ တစ်စုံတစ်ခုက လိုက်နေပုံ (၄) လေဟာနယ်ထဲ ပြုတ်ကျနေပုံ (၅) ကိုယ်လုံးဝ မရောက်ဖူးတဲ့ အိမ်၊ နေရာ တွေကို ရောက်သွားပုံ တို့ ဖြစ်ပါတယ်။ ဒီအိပ်မက်တွေက ဘာကိုများဆိုလို တာပါလိမ့်။

(၁) ချစ်သူက ကိုယ့်အပေါ် သစ္စာဖောက်နေပုံ။ ကိုယ့်ချစ်သူဖောက်ပြန်နေတာကို အိပ်မက်ထဲတွေ့ ခဲ့ သူတွေ က သူတို့  ရဲ့ မသိစိတ်ကနေ သတိလာပေးတယ်လို့  ထင်တတ်ကြပါတယ်။ မသိစိတ်က သတိပေးတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူ အပြင်မှာ တစ်ကယ်ဖောက်ပြန်တယ်လို့  ဆိုလိုတာမဟုတ် ပါဘူး။ ကိုယ့်ချစ်သူ ဖောက်ပြန်မယ် လို့  ကိုယ်က စိုးရိမ်နေတယ် ဆိုတာကိုသာ သတိပေးတာပါ။ အတိတ် တစ်ချိန်တုန်းက ချစ်သူဖောက်ပြန်တာကို ကိုယ်တွေ့ ကြုံခဲ့ရသူဟာ အဲဒီလိုအဖြစ်မျိုးနဲ့  ပြန်ကြုံတွေ့ ရမှာကို အမြဲစိုးရွံ့ ထိတ်လန့် နေလေ့ ရှိပါတယ်။ ထူးခြားတာက ကိုယ့်ချစ်သူနဲ့  အဆင်အပြေဆုံးအချိန်မှာ ဒီလို အိပ်မက်မျိုး မက်တတ်တာပါပဲ။ အဆင်ပြေမှုတစ်ခုကို လက်လွတ်ဆုံးရှုံးရမှာ စိုးရွံ့ တတ်တဲ့ လူ့ သဘာဝကို ထင်ဟပ်ဖော်ပြတဲ့ အိပ်မက်မျိုး ဖြစ်ပါတယ်။

(၂) သွားကျွတ်နေပုံ။ အလွန်အမက် များကြတဲ့ အိပ်မက်ပါ။ တစ်ကယ်တော့ ငွေကြေးဆိုင်ရာ ပြဿနာတွေ ရှိလာရင် သွားကျွတ်တဲ့ အိပ်မက်မက်တတ်ကြပါတယ်။ ဒါပေမယ့် မသိစိတ်က သွားကို အခြားကိစ္စရပ်များ အတွက်လည်း ကိုယ် စားပြု ဖော်ပြလေ့ရှိပါတယ်။ ချစ်သူခင်သူ၊ ရာထူးအဆင့်အတန်း၊ ယှဉ်ပြိုင်မှု အစရှိ သည်တို့ ကို လက်လွတ်ဆုံးရှုံးရ မှာ တွေးကြောက်နေမိတယ်ဆိုရင်လည်း သွားကျွတ်တဲ့အိပ်မက် မက်တတ် ပါသေးတယ်။ ဒါဟာလည်း တစ်ကယ်ဆုံး ရှုံးရမယ်လို့  ဆိုလိုတာမဟုတ်ပါဘူး။ သင့်မှာ အဲဒီကြောက်စိတ် ရှိနေတယ်လို့  ဖော်ပြနေတာပါ။ လူတွေကတော့ မနက်နိုးလာလို့ ရှိရင် ညကအိပ်မက် မကောင်းဘူးဆိုပြီး အတင်းကာရော ကြိုးစားကြ၊ သတိထားကြတော့ အမှားတွေနည်းပြီး အောင်မြင်မှုတွေ ရလာတော့တာပေါ့။

(၃) ကိုယ့်ကို နောက်ကနေ တစ်စုံတစ်ခုက လိုက်နေပုံ။ ယှဉ်ပြိုင်မှုတစ်ခုကို ရည်ညွှန်းပါတယ်။ ကိုယ့်ဖက်က အရေး နိမ့်လိမ့်မယ်လို့  တွေးပူနေတဲ့ စိုးရိမ်စိတ်ရှိနေတာကို သတိပေးနေတာပါ။ ကိုယ့်ကိုနောက်က လိုက်တာ ဘာလဲဆိုတာ သိရင် သင့်ပြဿနာရဲ့ ဇစ်မြစ်ဟာလည်း အဲဒီအရာပါပဲ။ ဒါပေမယ့် လူအတော် များများကတော့ ညကအိပ်မက်ထဲမှာ ပြေးလိုက်ရတာဗျာ၊ မောနေတာပဲ လောက်ပဲ ပြောပြနိုင်ကြပါတယ်။
သင့်မှာ အပြီးသတ်ဆောင်ရွက်ရမယ့် အလုပ်ကိစ္စရှိနေမယ်၊ သင့်အတိတ်က အရိပ်ဆိုးတွေ လိုက်လာ မှာကို ကြောက် နေမယ်ဆိုရင်လည်း ဒီလိုအိပ်မက်မျိုးမက်တတ်ပါသေးတယ်။ သတိပြုရမှာက သင်သေချာပေါက် ရှုံးနိမ့်လိမ့်မယ်လို့  ဆိုလိုတာ မဟုတ်ပါဘူး။ သတိထားရမယ်၊ ဆက်ကြိုးစားရမယ်၊ အလျော့မပေးရဘူးဆိုပြီး သင့်ကိုလှုံ့ ဆော်ပေးတာ ပဲ ဟုတ်ပါတယ်။

(၄) လေဟာနယ်ထဲ ပြုတ်ကျနေပုံ။ အိပ်မက်ထဲမှာ လေဟာနယ်ထဲ ပြုတ်ကျနေတယ်ဆိုရင် သင့်မှာ ဦးတည်နေတဲ့ လမ်းကြောင်းသစ် တစ်ခုရှိပြီး အဲဒီလမ်းကြောင်း ဘယ်လို အဆုံးသတ်မလဲ ဆိုတာကို သင်မသိသေးဘူးဆိုတာ သတိ ပေးနေတာပါ။ အဲဒီလိုပြုတ်ကျနေချိန်မှာ သင်ဟာ ပျော်ရွှင်နေသလား၊ ထိတ်လန့် နေ သလား၊ အေးစက်နေသလား အစရှိတဲ့ ခံစားမှုတွေက အရေးပါပါတယ်။ ထိတ် လန့် ကြောက်ရွံ့ နေမယ် ဆိုရင် သင်ဟာ သင့်ဘ၀မှာ ဘာဆက်လုပ် ရမလဲဆိုတဲ့အဖြေကို ရှာမရသေး လို့ ပေါ့။ ပျော်ရွှင်နွေးထွေးနေမယ်ဆိုရင်တော့ သင့်ဘ၀တစ်ဆစ်ချိုးကွေ့ ဟာ သာ ယာတော့မယ်လို့  သင်ကိုယ်တိုင် ယုံကြည်မျှော်မှန်းထားလို့ ပေါ့။

(၅) ကိုယ်လုံးဝ မရောက်ဖူးတဲ့ အိမ်၊ နေရာ တွေကို ရောက်သွားပုံ။ အိပ်မက်ထဲက အိမ်တွေဟာ အပြင်လောကထဲက ကိုယ့်ရဲ့ အဆင့်အတန်းကို ဖော်ပြပါတယ်။ အိမ်အပြင်ဖက်ကတော့ လူတွေသင့်ကို ဘယ်လိုမြင်စေချင်သလဲ ဆိုတာကို ကိုယ်စားပြုပါတယ်။ ပြူတင်းမှန်တွေ ကြည်လင်နေမယ်၊ ပန်းဥယျာဉ်တွေ စိမ်းစိုလှပနေမယ်ဆိုရင် သင်ဟာ စနစ် ကျသူတစ်ဦးဖြစ်ပြီး အရာရာကို နိုင်နင်းသူလို့  လူတွေကို လက်ခံစေ ချင်ပါတယ်။ အိမ်ထဲမှာ ဘာဖြစ်နေသလဲဆိုတာ ကတော့ သင့်ရင်ထဲက ခံစားချက်ပါ။ တစ်အိမ်လုံး ရှုပ်ပွနေ မယ်ဆိုရင် သင်ဟာ မနိုင်ဝန်ထမ်းနေပါတယ်။ နားချိန် တွေ ပျောက်ဆုံးနေပါတယ်။ မီးဖိုဆောင်ထဲ စကားပြောနေတယ်ဆိုရင် အရေးကြီတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရ မယ်လို့  သတိပေးနေတာပါ။ ဒါကြောင့် အိပ်မက်ထဲက အိမ်ခန်းတွေကို ဂရုစိုက်ပါ။ လျှို့ ဝှက်အခန်းတွေ ရှိတယ်ဆို ရင် သင့်မှာ ရောက် လာလတ္တံ့ သော အခွင့်အရေးကောင်းတွေ ရှိနေတယ်လို့  ဆိုလိုပါတယ်။

အိပ်မက်ဆိုတာ သိစိတ်ရဲ့ စိတ်ကူးအလျဉ်ကို မသိစိတ်က အသင့်စုဆောင်းထားတဲ့ အချက်အလက်တွေ နဲ့  ပေါင်းစပ်ပြီး ပုံရိပ်ဖော်ပေးနေတာပါ။ အိပ်မက်ထဲမှာ မြင်လိုက်လို့  အပြင်မှာ တစ်ကယ်ဖြစ်မယ်ဆိုတာ မဟုတ်ပါဘူး။ အိပ်မက်ဆိုတာ သင့်ကို သတိပေးနေတဲ့ အရာတွေပဲဆိုတာကို လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...