သင်၏ လည်ပင်းကို အစဉ်ထာဝရ ဂရုစိုက်ပါ

Written by ဒေါက်တာဘီရော်

ကျွန်ုပ်၏ လည်ပင်းဘယ်ညာ တစ်ဖက် တစ်ချက် စီတွင် လည်ပင်း သွေးကြောနှစ်ချောင်း (Carotid arteries) သည် ဦးခေါင်းသို့ ထောင်တက်သွားကာ ဦးနှောက်သို့ ဝင်ပါသည်။ ၎င်းသွေးကြော များ၏ နံရံတွင် အလွှာများ ရှိရာ တစ်လွှာလွှာ ပေါက်ပြဲသွားပါက သွေးခဲဖြစ်ပေါ်ပြီး ယင်းသွေးခဲ ဦးနှောက်သို့ ရောက်ပါက လေဖြတ် (Stroke) ပါသည်။

အချို့သော သူများသည် အကြောင်း တစ်စုံတစ်ရာ မရှိဘဲ ရုတ်တရက် လဲကျသေဆုံးကြရာ အခြားသော အကြောင်း တစ်စုံတစ်ရာ ရှိနိုင်သော်လည်း လည်ပင်း သွေးကြော ပေါက်ပြဲခြင်း ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါသည်။

သွေးကြော နံရံပေါက်ပြဲရာမှ သွေးခဲဖြစ်ပေါ်ပြီး လေဖြတ်စေခြင်းသည် လည်ပင်းကို ကိုင်တွယ် ကုသရသည့် ကုထုံးနှင့် ဆက်စပ်နေသည် (လည်ပင်း ကုထုံးကြောင့်ဖြစ်သည်ဟု အတပ်မပြောနိုင်သည့်နိုင်) ဟု သုတေသီများ က ဆိုပါသည်။ လည်ပင်း သွေးလွှတ်ကြော ပေါက်ပြဲခြင်း ဟုခေါ်သည့် သွေးကြောပေါက် ခြင်းသည် လေဖြတ်ခြင်း လူ ၁၀၀ တွင် နှစ်ဦးနှုန်းခန့် ငယ်ရွယ်သူနှင့် သက်လတ်ပိုင်းတွင် လေဖြတ်မှု လူ ၁၀၀ ဖြစ်တိုင်း ရှစ်ဦးမှ ၂၅ ဦး အထိရှိပါသည်။

“သွေးကြောပေါက်လို့ လည်ပင်းသွေးလွှတ်ကြောနံရံရဲ့ အလွှာတစ်လွှာ စုတ်ပြဲတာကြောင့် သွေးခဲမှုဖြစ် ပေါ်နိုင်ပါ တယ်။ အဲဒီသွေးခဲက ဦးနှောက်ထဲဝင်ပြီး ဦးနှောက်သွေးကြော ပိတ်သွားရင် လေဖြတ်စေတာ ပါပဲ။ လေဖြတ်ရင် ပြင်းတဲ့အခါသေပြီး ပျော့ရင် ကိုယ်တစ်ခြမ်းသေမယ်၊ ကိုယ်အောက်ပိုင်းသေမယ်၊ စကားမပြောနိုင် ဆွံ့အမယ် စတာတွေ ဖြစ်နိုင်တယ်” ဟု ဒေါက်တာဂျိုးစ်ဘီလာက ပြောပါသည်။ ဘီ လာသည် ချီကာဂိုရှိ လိုယိုလာဆေး တက္ကသိုလ်မှ အာရုံကြောအထူးကု ဆရာဝန်တစ်ဦးဖြစ်ပြီး အမေရိ ကန်နှလုံးအစည်းအရုံးနှင့် အမေရိကန် လေဖြတ် ရောဂါအသင်းအဖွဲ့တို့တွင် လည်ပင်းကုထုံးနှင့် လေဖြတ်ခြင်း အန္တရာယ်အကြောင်း ပူးတွဲလေ့လာ ရေးသားနေသူဖြစ်သည်။ ဤရေးသားချက်ကို မကြာမီက ထုတ်ဝေခဲ့သော (Stroke) အမည်ရှိ စာစောင်တွင်ဖော်ပြ ခဲ့ပါသည်။

လည်ပင်း သွေးလွှတ်ကြောပေါက်ခြင်းသည် ဝါးလုံး၊ ကြာပွတ်၊ ကြိမ်လုံး၊ ကြိုးစသော တုံးသောအရာ ဝတ္ထုများ ကြောင့် ဖြစ်နိုင်သကဲ့သို့ ကပ်ကြေး၊ ဓားစသော ချွန်ထက်သည့် အရာဝတ္ထုများကြောင့် ထိုး ဖောက်ဒဏ်ရာရ၍ လည်း ဖြစ်နိုင်ပါသည်။

လည်ပင်းကို အပေါ်သို့ ရုတ်တရက် အလွန်အကျွံမော့ကြည့်စေသော သို့မဟုတ် လည်ပင်းကိုပတ်ချာ လည်လှည့် စေသော လှုပ်ရှားမှုများတွင်လည်း လည်ပင်းသွေကြော ပေါက်ပြဲနိုင်ပါသည်။ ယင်းလှုပ်ရှား မှုများမှာ လည်ပင်းကို လှည့်ရသော အားကစားနည်းများ၊ လည်ပင်းကိုကြာပွတ်ဖြင့် ရိုက်မိစေနိုင်သော အားကစားနည်းများ၊ ဥပမာ-မြင်းစီးအားကစားတွင် မြင်းကိုရိုက်သော ကြာပွတ်ဖြင့် မိမိလည်ပင်းကို မတော်တဆရိုက်မိနိုင်သည်။ ချောင်းအလွန် ဆိုးခြင်း၊ အလွန်ထိုးအန်ခြင်း သို့မဟုတ် လည်ပင်းကို ကိုင် တွယ်နှိပ်နယ်ကုရသော ကုထုံးစသည်တို့ဖြစ်သည်။

လည်ပင်းနာ၊ ကျောနာ၊ ခါးနာဖြစ်ပါက တတ်ကျွမ်းနားလည်သော အရိုးကုဆရာဝန်၊ ရူပဆေးကုပညာ ရှင် စသည်တို့ဖြင့်သာ ကုသခံယူသင့်သည်။ နားမလည်သော အရပ်အနှိပ်သည်၊ အကြောပြင်ဆရာ များနှင့် ဖြစ်က တတ်ဆန်း ကုသမှုမခံယူသင့်ပါ။ ဖြစ်လာလျှင် မိမိသာခံရမည်ဖြစ်သည်။ လည်ပင်းကို အနှိပ်မှားပါက လေဖြတ်နိုင် ပါသည်။

လည်ပင်းကို လက်နှင့်ကိုင်တွယ်ကုသသည့် ကုထုံးနှင့်လေဖြတ်ခြင်းအန္တရာယ်ကြား ဆက်စပ်မှုကိုအကဲ ဖြတ်ရန် အလို့ငှာ ဘီလာနှင့်အဖွဲ့သည် လည်ပင်းသွေးလွှတ်ကြောကြောင့် ဖြစ်ပေါ်သောလေဖြတ်ခြင်း နှင့် အဓိက ဆက်စပ် သည့် လေ့လာမှုကြီးလေးခုအပေါ် အာရုံစိုက်ခဲ့ပါသည်။ ၎င်းတို့တွေ့ရှိခဲ့သည့်မှာ ဤလေဖြတ်ခြင်းအမျိုးအစား ရှိသူများတွင်လည်း လည်ပင်းကိုင်တွယ်ဖူးကြောင်း လှုပ်ရှားမှု ပုံစံတစ်မျိုး မျိုးရှိခဲ့ဖူးကြောင်းပင် ဖြစ်သည်။

မှန်ပါသည်။ လည်ပင်းသွေးကြောပေါက်ပြဲပါက ခေါင်းကိုက်ခြင်းနှင့်လည်ပင်းနာခြင်း ဖြစ်ပေါ်တတ်ပါ သည်။ ထိုသို့ လည်ပင်းနာသောကြောင့် လည်ပင်းနှိပ်နယ်ကုထုံးကို မခံယူကြခြင်းလည်း ဖြစ်နိုင်ပါ သည်။

အမေရိကန်ပြည်ထောင်စုတွင် လူဦးရေ ၂၂ ရာခိုင်နှုန်းမှ ၇၇ ရာခိုင်နှုန်းအထိသည် တစ်ချိန်ချိန်တွင် လည်ပင်း နာတတ် ကြပါသည်။ ထိုအခါလည်ပင်းနှိပ်နယ်ကုထုံးသည် အခြားသောဆေးဝါးကုထုံးနှင့် ခွဲစိတ်ကုသခြင်း တို့ထက် ပို၍စိတ်ချရပါသည်။

လည်ပင်းသွေးကြော မပေါက်ပြဲစေရန် တစ်နည်းအားဖြင့် လည်ပင်းသွေးလွှတ်ကြောအတွင်း သွေးခဲ ဖြစ်ပေါ်ပြီး လေမဖြတ်စေရန် လိုက်နာရမည့်အချက်များကို ဖော်ပြအပ်ပါသည်။

ခေါင်းကိုက်၊ ဇက်ထိုး၊ လည်ပင်းနာ၊ ကျောနာ၊ ခါးနာဖြစ်ပါက ကျွမ်းကျင်သော ဆရာဝန်၊ ရူပဆေးကု ပညာရှင်၊ တတ်ကျွမ်းသော အကြောပြင်ဆရာများနှင့်သာ ကုသမှုခံယူပါ။ နားမလည်သော အရပ်အ နှိပ်သည်များနှင့် လည်ပင်းကိုအနှိပ်မခံသင့်ပါ။ အားကစားလေ့ကျင့်ရာနှင့် ခေါင်း၊ ခါး၊ ခြေ၊ လက်လှုပ် ရှားရာတွင် ခေါင်းကို တစ်နည်း အားဖြင့် လည်ပင်းကိုလှုပ်ရာတွင် ညင်သာစွာ လှည့်ပါ။ ဆတ်ခနဲမလှည့် ပါနှင့်။ အပေါ်မော့ကြည့်ရတွင်လည်း အလွန်အကျွံမမော့ပါနှင့် လည်ပင်းသွေးကြော ပေါက်သွားနိုင်ပါသည်။ နေမကောင်း၍ ချောင်းဆိုးနေလျှင် အားစိုက်ပြီး မဆိုးပါနှင့် ညင်သာစွာဆိုးပါ။ ထိုနည်းတူစွာပင် အန်လျှင်လည်း ဖြည်းညင်းညင်သာစွာ အန်ပါ။ အားစိုက်ပြီး ထိုးမအန်ပါနှင့်။ လည်ပင်းသွေးကြောမထိ ခိုက်စေရန်ဖြစ်သည်။

အပေါ်မော့ကြည့်ရာတွင်လည်းကောင်း၊ ဦးခေါင်းကို ဘယ်ညာလှည့်ကြည့်ရာတွင်လည်းကောင်း၊ ဖြည်း ဖြည်းသာ ပြုလုပ်ပါ။ လည်ပင်းကိုညှစ်၍ စခြင်းနောက်ခြင်းမပြုလုပ်ပါနှင့်။ မတော်တဆ လည်ပင်းသွေး ကြောထိခိုက်နိုင် ပါသည်။ ခြောက်လှန့်သည့်သဘောလည်း မလုပ်ပါနှင့်။ ညောင်းညာကိုက်ခဲ၍ အနင်း အနှိပ်ခံပါက ခြေလက် ခန္ဓာကိုယ်ကိုသာ အနင်းအနှိပ်ခံပါ။ ဇက်ချိုး၊ ခါးချိုးမခံပါနှင့်။ စာရေးသူသည် ညောင်းညာလျှင် အနှိပ်ခံတတ်ပါသည်။ ခါးချိုးလျှင်လည်း ခါးဆစ်လွဲနိုင်သည့် ဘေးအန္တရာယ်ရှိပါ သည်။ အထူးသဖြင့် အသက်ကြီးသူများ သတိထားသင့် ပါသည်။

နိဂုံးချုပ်တင်ပြလိုသည်မှာ အသွားမတော်တစ်လှမ်းဟု ဆိုသည့်အတိုင်းမိမိလည်ပင်းကို အလှည့်မ တော်မဖြစ်မိစေ ရန် သတိဂရုပြုသင့်ပါကြောင်းပင် ဖြစ်ပါသတည်း။ ။ 


မြန်မာ့အလင်းသတင်းစာ
စက်တင်ဘာ (၃၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...