စိတ်ဖြင့် ထိန်းချုပ်နိုင်သော လက်အတုကို အောင်မြင်စွာ တပ်ဆင်နိုင်

ဆွီဒင်လူမျိုး တစ်ယောက်သည် အရိုးများ၊ ကြွက်သား များနှင့် အာရုံကြောများနှင့် တိုက်ရိုက် ချိတ်ဆက်နိုင်ပြီး စိတ်ဖြင့် ထိန်းချုပ်နိုင်သော လက်အတုကို ကမ္ဘာပေါ် တွင် ပထမဆုံး အောင်မြင်စွာ တပ်ဆင်ခွင့်ရသူ ဖြစ်လာပြီ ဖြစ်သည်။

လူနာသည် လွန်ခဲ့သော ဆယ်နှစ်အကြာက လက်ဖြတ် ခဲ့ရခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် လက် အတု စတင်တပ်ဆင်ခဲ့ခြင်း ဖြစ်ပါသည်။

“ လူနဲ့ စက်ပစ္စည်းကြားမှာ ချိတ်ဆက်မှု ခိုင်မာစေဖို့ အတွက် အရိုး တစ်သျှူးများက စက်ကိရိယာကို ငုံထားစေတယ့် Osseointegration နည်းပညာကို အသုံးပြုထားပြီး နေရာများစွာမှာ ချိတ်ဆက်ထားပါတယ်။ “ ဟု ဆွီဒင်ရှိ Chalmers University of Technology မှ သုတေသန သိပ္ပံပညာရှင်နှင့် တီထွင်မှုကို ဦးဆောင်သူ Max Ortiz Catalan က ရှင်းပြပါသည်။

လက်အတုကို အရိုးနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်း ဖြစ်သည့်အတွက် အလွန်ခိုင်မြဲစွာ ချိတ်ဆက်ထားခြင်း ဖြစ်ပါသည်။ လူ၏ ထိန်းချုပ်မှု စနစ်ဖြစ်သော အာရုံကြောများနှင့် ကြွက်သားများတွင်လည်း Electrodes များကို တိုက်ရိုက် တပ်ဆင်ထားပါသည်။ Electrodes များသည် ဦးနှောက်မှ လျှပ်စစ်လှိုင်းများကို ဖတ်ရှုနိုင်ပြီး လက်ကို လှုပ်ရှားစေနိုင်ခြင်း ဖြစ်ပါသည်။

လူနာသည် လက်အတုဖြင့် ထရပ်ကားမောင်းခြင်း၊ စက်ကိရိယာများကို ကိုင်တွယ်ခြင်းနှင့် ကြက်ဥများကို ကိုင်တွယ်ခြင်း ကဲ့သို့ နေ့စဉ် အလုပ်များကို လုပ်ဆောင်နိုင်ပါသည်။

နောက်အဆင့်မှာ ခံစားမှုများကို ဖန်တီးရန် ဖြစ်သည်။ သတင်းအချက်အလက်များသည် ဦးနှောက်မှ လက်အတု သို့သာ သွားလာနေပြီး အာရုံကြောများတွင် ချိတ်ဆက်ထားသော Electrodes များမှ ခံစားမှုများကို ဦးနှောက်သို့ ပေးပို့ရန် လိုအပ်နေခြင်း ဖြစ်ပါသည်။ ပညာရှင်များက အဆိုပါ နည်းလမ်းကို တီထွင်နေဆဲ ဖြစ်ပါသည်။

လက်အတု၏ အလုပ်လုပ်ပုံကို အောက်ပါ ဗီဒီယိုများတွင် ကြည့်နိုင်ပါသည်။ 

https://www.youtube.com/watch?v=Z3uE4bRSkMc

https://www.youtube.com/watch?v=BgENg8qmzkY


Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...