တက်တူး နောင်တ
ဟိန်းထက်
တက်တူး (ဆေးမင်ကြောင်) ဟူသည် ခန္ဓာကိုယ် ပေါ်က အလှအပ အနုပညာလား၊ လူတစ်ယောက်ကို လူ့အဖွဲ့အစည်း ဘောင် အပြင်ဘက် ရောက်သွား အောင် တွန်းပို့ လိုက်မည့် အရာလား။ တက်တူးကို မြတ်နိုးသူများ ကတော့ အခြားသူများ မည်သို့ ထင်မြင် သည်ကို တွေးပြီး စိတ်ဆင်းရဲမနေ၊ ကိုယ့်စိတ်ကြိုက် ထိုးလိုက်ရသော တက်တူးကို အရသာခံပြီး ကြည့်နူး ပီတိ ဖြစ်ရတာနဲ့တင် တန်သည်ဟု ဆိုကြသည်။ တက်တူး စတိုင်များ ခေတ် အလျောက် အမျိုးမျိုး ပြောင်း လဲလာ နေသည့်တိုင် မပြောင်းလဲသော အကြောင်းတရားကား တက်တူးသည် ဝေဖန်ချင် သူများ၊ နှာခေါင်း ရှုံ့ချင် သူ များ၏ ထာဝရ ပစ်မှတ် ဖြစ်နေဆဲ ဆိုသော အချက်ဖြစ်သည်။ တက်တူးနှင့် ပတ်သက်ပြီး အကောင်းအဆိုး ဝေဖန်သုံးသပ်မှုများ ကလည်း သမိုင်း တစ်လျှောက် မှသည် ယနေ့ခေတ်ဆီထိ အားပြိုင်နေဆဲ ဖြစ်သည်။
စင်ကာပူ နိုင်ငံမှ တက်တူးထိုး လုပ်ငန်း တစ်ခုဖြစ်သော Familiar Strangers Tattoo Studio မှ မန်နေဂျာ မစ္စတာ ၀ူပါတန်က တက်တူးထိုး တဲ့ လူတွေဟာ လူ့အဖွဲ့အစည်း သမားရိုးကျ အစဉ်အလာ ခံယူချက် တွေက တစ်မျိုးမျိုးနဲ့ ဖောက်ထွက်ချင် သူတွေပဲ။ တက်တူး ချစ်သူတွေဟာ လူ့အဖွဲ့ အစည်းရဲ့ သမားရိုးကျ လမ်းကြောင်း အတိုင်း လျှောက်ရမှာကို ငြီးငွေ့သူတွေ။ လူ့အဖွဲ့အစည်းရဲ့ တွေးခေါ်ပုံ၊ မိသားစု အစဉ်အလာ တွေးခေါ်ပုံ တွေက လွတ်ပြီး တစ်မူ ထူးခြားတာ လုပ်ပြလို စိတ်ရှိသူ တွေပဲ။ တစ်ရွာလုံးနဲ့ တစ်ယောက် ဆိုသလိုမျိုး ဖြစ်နေတဲ့ အတွက် လူ့အဖွဲ့ အစည်းရဲ့ ဖိအား ဒဏ်မခံနိုင် လို့ တက်တူး ထိုးမိတာ နောင်တရတယ် ဆိုသူတွေလည်း ဒုနဲ့ဒေး ရှိပါတယ်။ လူတွေရဲ့ ဘ၀ကို ကြည့်လိုက်မယ် ဆိုရင်လည်း နောင်တရခဲ့ရ တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါတောင်မှ တက်တူး ထိုးသူတွေဟာ ဘာကြောင့် ထပ်ပြီး နောင်တရမယ့် အလုပ်ကို လုပ်လိုနေတာလဲ တွေးစရာ ရှိလာ ပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ ကိုယ်ဟာ သူများနဲ့မတူ တစ်မူ ထူးခြားအောင် လုပ်နိုင်သူဆိုတဲ့ စိတ်ခံယူ ချက်ရှိ တာကြောင့် တက်တူးထိုး ဖြစ်သွား ကြတာပါ ဟု အကျယ်တ၀င့် ရှင်းပြသွားသည်။
တက်တူးပေါ် လာတာ နှစ်ပေါင်း (၅၀၀၀) လောက်ရှိ ပြီလို့ ဆိုနိုင်ပါတယ်။ တက်တူးထိုး သူတွေဟာ လူ့အဖွဲ့ အစည်း ထဲမှာ နည်းနည်းပိုပြီး ရှေ့ရောက်သူ၊ လူ့ အဖွဲ့အစည်း ရဲ့ ရှေ့စွန်းပိုင်း ရောက်တဲ့ အတွေးအခေါ် မျိုးနဲ့ ဆုံးဖြတ်တတ် သူတွေ ဖြစ်ပါတယ်။ ဒီလို အားသာချက်တွေ ရှိပေမယ့် တစ်ခြား တစ်ဖက်က လှည့်ကြည့် ပြန်တော့ တက်တူး နောင်တရ လာပြီ ဆိုရင်တော့ ခံရတာလည်း ကြီးမားသလို ကုစားဖို့လည်း ခက်ခဲတတ်ပါတယ် ဟု စင်ကာပူ အခြေစိုက် Think Team အဖွဲ့မှ စိတ်ပညာရှင် မစ္စ ပမ်မလာဆီးက ပြောသည်။
ထိုးတာထက် ဖျက်တာ ပိုခက်
ကျောပေါ်မှာ နဂါးရုပ်၊ တင်ပါးမှာ နှလုံးသားရုပ် ထိုးတုန်းက ကျေနပ်စွာ ထိုးခဲ့သော်လည်း နောင်တွင် အမျိုးမျိုးသော အကြောင်းများကြောင့် ထိုအရုပ် ကိုယ့်ခန္ဓာပေါ်မှာ ရှိနေခြင်းဟာ ကိုယ့်အတွက် စိတ်နာကျင်စရာ ဖြစ်လာလျှင် မည်သို့ လုပ်မည်နည်။ စင်ကာပူ Clarke Quay အရပ်ရှိ တက်တူး စတူရီယို တစ်ခု၏ အဆိုအရတော့ တက်တူး ပြန်ဖျက်လိုသူတွေ နေ့စဉ်လိုလို လာနေကြကြောင်း သိရသည်။ ပြန်ဖျက်လို ရခြင်း အကြောင်းရင်းကို မစ္စတာ တန် ကလည်း ရှင်းပြသည်။
ဘယ်လို အကြောင်း အရာမျိုးတွေ အများဆုံး တက်တူးထိုး ဖြစ်လည်း လေ့လာကြည့်ရင် ချစ်သူ ကောင်လေး နာမည်၊ ကောင်မလေး နာမည်၊ ကိုယ့် နာမည်၊ သားသမီးတွေ နာမည်။ ကျွန်တော်ဆို ရည်းစားဦး နာမည် ထိုးထား တယ်။ နောက်ပိုင်း သူနဲ့ ကွဲသွားတော့ ရည်းစားဟောင်း နာမည် အနေ နဲ့ ကျွန်တော့် ကိုယ်ပေါ်မှာ ကျန်ရစ်တယ်။ အဲဒီလိုပဲ အိမ်ထောင်ကျတော့ ဇနီးသည် နာမည် ထိုးပြန်တယ်။ အိမ်ထောင်ကွဲ သွားတော့ ဇနီးဟောင်း နာမည် အဖြစ်နဲ့ ကျွန်တော့် ကိုယ်ပေါ်မှာ ကျန်ရစ်တယ်။ အဲဒီ နာမည်တွေကို မြင်တိုင်း တခြားသူ တွေက မေးနေတာကို ဖြေရပါများ လာတော့ ကိုယ့်အတွက် အချိန်လည်းကုန်သလို စိတ်လည်း နာကျင်ရတယ်။ ဒါကြောင့် မထားချင်တော့ တဲ့ တက်တူးတွေကို ပြန်ဖျက်ပစ်ခဲ့ ရတယ်ဟု မစ္စတာ တန်က ကိုယ်တွေ့ ကို ပြောပြသည်။ ထိုသို့ တက်တူး နောင်တ ရခဲ့သူ အများစုကြီး အတွက်ကား တက်တူးကို ခန္ဓာ ကိုယ်ပေါ်က ဖျက်ပစ်လိုက်ရုံနဲ့ လည်း ကိစ္စမပြီးသေး။
ဘလော့ဂါ တစ်ဦး ဖြစ်သော မီရှဲလီယန်း မီဆူးသည် ပြီးခဲ့သည့် ရက်သတ္တပတ် ရှစ်ပတ် နီးပါး တက်တူး ဖျက်သည့် အလုပ်နဲ့ လုံးပန်းေ ရ သည်။ သူ အသက် (၁၇) နှစ်မှာတင် ရင်ဘတ်မှာ လိပ်ပြာပုံလေး တက်တူးထိုးသည်။ နောက်တော့ ပခုံးနဲ့ ကျောမှာ အရုပ်ငါးခု ထပ်ထိုး ဖြစ်ပြန်သည်။ ခါးမှာလည်း တစ်ရုပ်ထိုး ဖြစ်သည်။ ထို့နောက်ပိုင်း တက်တူးနောင်တ စိတ်ဝေဒနာသူ စတင်ခံစားလာရသည်။
တက်တူးနဲ့ မိန်းကလေး ဆိုရင် လူတွေက အမြင် မကြည်ဘူး။ အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ ဒီ မိန်းကလေးဟာ မိန်းမကောင်း လေး မဖြစ်နိုင်ဘူး ဆိုတဲ့ မျက်နှာထားမျိုးတွေ မြင်ရတယ်။ ပိုဆိုးတာက ကိုယ့်ကို ခပ်လွယ်လွယ်ရမယ့် မိန်းကလေးမျိုးလို့ သတ်မှတ်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာသူတွေ ရှိလာတာပဲ ဟု မီဆူးက သူ စိတ်ကုန် နောင်တရခဲ့ပုံကို ရင်ဖွင့်သည်။ အလုပ် လျှောက်ထားရာတွင် တက်တူး ထိုးထား သူများ ငြင်းပယ်ခံရနှုန်း များခြင်းသည်လည်း တက်တူး နောင်တ စိတ်ဝင်လာ စေသည့် တစ်ချက် ဖြစ်သည်။ အထူးသဖြင့် မြင်သာ ထင်သာသော တက်တူး များသည် အလုပ်အကိုင် တံခါးပေါက်ကို ပိတ်သွားစေသည့် သက်ရောက်မှု ရှိသည်။
အတွေးအခေါ် အကြံဉာဏ်သစ် အမျိုးမျိုး လက်ခံပြီး တီထွင် ဖန်တီးမှုရှိရှိ လုပ်တဲ့ အလုပ်ခွင်မျိုး မှာက သိပ်ပြဿနာ မရှိဘူး။ အဲဒီလို ၀န်းကျင်မျိုးက သမားရိုးကျ လမ်းကြောင်းကနေ ဖောက်ထွက် သူတွေများတဲ့ အတွက် တက်တူး ထိုးလို့ နှာခေါင်းရှုံ့မယ် ဆိုတဲ့ လူနည်းတယ်။ အသားကျ ပြီးသား ပရော် ဖက်ရှင်နယ် လုပ်ငန်းခွင် တွေကို ၀င်မယ် ဆိုရင်တော့ သမားရိုးကျထဲမှာပဲ လည်ပတ်နေသူ တွေရဲ့ ၀န်းကျင် ထဲမှာ တက်တူး ထိုးထား သူဟာ ရှုတ်ချစရာ သတ္တ၀ါ ဖြစ်သွား တတ်တယ် ဟု မစ္စပမ်မလာဆီး ကလည်း သုံးသပ် ပြောကြားသည်။
စင်ကာပူ တစ်ခွင်က တက်တူး စတူရီယို (၁၀) ခုလောက်ကို အကြမ်းဖျင်း လိုက်စုံ စမ်းကြည့်ချက် အရ စတူရီယို တစ်ခုလျှင် တစ်ပတ်ကို သုံးယောက်မှ ခြောက်ယောက်ကြား တက်တူး လာဖျက်နေကြကြောင်း သိရသည်။ တက်တူး ပြန်ဖျက်ပေးသည့် အလုပ်များသော ဆရာဝန်မျိုးဆိုလျှင် တစ်ပတ်ကို လူနာ (၃၀) လောက်ထိ လက်ခံ တွေ့ဆုံနေရကြောင်း သိရသည်။ စင်ကာပူရှိ Drs Chua & Partners AV Pte Ltd မှ ဒေါက်တာ ကီဗင်ချူ ကလည်း တက်တူး ပြန်ဖျက်ချင်လို့ ဆေးခန်း ရောက်လာသူများ အကြောင်း ရှင်းပြသည်။
တက်တူး ပြန်ဖျက်ချင်သူတွေကို လေ့လာကြည့်တော့ အများစုက ဒီတက်တူး ခန္ဓာကိုယ်ပေါ်ရှိ နေခြင်းကြောင့် လူ့ အဖွဲ့အစည်း ထဲမှာ ကန့်သတ်ခံ နေရတဲ့ အခြေအနေမျိုး ကြုံရတာကို မခံနိုင်တော့လို့ လာဖျက်သူတွေ ဆိုတာ တွေ့ရတယ်။ ဖျက်တဲ့ ကိစ္စ ပြီးသွားပြီ ဆိုရင် သူတို့ တော်တော် စိတ်ပေါ့ သွားတာ တွေ့ရတယ်။ တချို့ လူနာတွေ တွေ့ဖူးတယ်။ အင်္ကျီ လက်ရှည် ဘယ်တော့မှ မချွတ်ဘူး။သူတို့ ကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေ သူများ မြင်ရင် ရှောင်ဖယ်ဖယ် လုပ်ကြမယ့် စိတ်ဒဏ်ရာကို မခံနိုင်လို့ ၀တ်ထားကြတာ။ အထူးသဖြင့် ရေကူးကန် သွားရ မှာမျိုး သူတို့ သိပ်စိုးရိမ်တယ်။ ဒါကြောင့် နောက်ဆုံးမှာ တက်တူး ပြန်ဖျက်ဖို့ ဆေးခန်း ရောက်လာ ကြတာပဲ။ တက်တူး ပြန်ဖျက်ရတာ ဘယ်လောက် နာကျင် ခံစားရတယ် ဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။ ခန္ဓာ ကိုယ် ပေါ်မှာ တက်တူး ရှိနေခြင်းကြောင့် သက်ရောက်လာတဲ့ လူ့အဖွဲ့ အစည်းရဲ့ ဖိအားဒဏ်ကြောင့် စိတ်နာ ကျင်မှု ဒဏ်ခံစားမယ့် အစား ခန္ဓာကိုယ်ပဲ အနာခံ တော့မယ် စိတ်ပိုင်းဖြတ်ပြီး ဆေးခန်းရောက်လာ ကြတာပဲ။ တက်တူး ဆိုတာ ထိုးတာထက် ဖျက်တာက အများကြီး ပိုနာပါတယ် ဟု မစ္စတာ ချူက ပြောသည်။
တက်တူး ပြန်ဖျက်ရသည် ကလည်း လွယ်သော အလုပ်တော့ မဟုတ်။ ကိုယ်လည်း နာသလို ငွေလည်း နာသည်။ လေဆာ နည်းဖြင့် ဖျက်မည် ဆိုလျှင်ပင် တစ်ကြိမ်ကို စင်ကာပူ ဒေါ်လာ (၂၅၀) လောက် ကျသင့်သည်။ ဆေးမင်ကြောင် တစ်ခု လုံးဝ မှိန်သွားပြီး ထိုနေရာတွင် ပကတိ အသား အလား ဖြစ်သွားသည် အထိဆိုလျှင် လေဆာနည်းဖြင့် ခြောက်ကြိမ်မှ ရှစ်ကြိမ်လောက်ထိ လုပ်ရသည်။သို့ဖြစ်ရာ တက်တူးတစ်ခု မှိန်ပျောက် ကွယ် သွားဖို့ ဆိုလျှင် စင်ကာပူ ဒေါ်လာ နှစ်ထောင်လောက်ထိ သုံးနိုင်မှ ဖြစ်မည်။
မထိုးခင် သေချာ စဉ်းစား
တက်တူးကို ခုံမင်၍ ထိုးခြင်းသည် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့် ဖြစ်သည်။ သို့သော် ထိုတက်တူးကြောင့် လူ့အဖွဲ့အစည်း ထံမှ ဖိအား သက်ရောက်သည့် ဒဏ်ကို မိမိခံနိုင်မည်လား ဦးစွာ စဉ်းစား ချိန်ဆပါဟု အကြံပြု လိုသည်။ ထိုးပြီးကာမှ မခံနိုင်လျှင် မိမိလည်း စိတ်နာကျင်ရမည် ဖြစ်သလို ပြန်ဖျက်မည် ဆိုပါ ကလည်း လူပါ ထပ်နာကျင် ဦးမည့် အပြင် ငွေလည်း အများအပြား ကုန်ကျနိုင်သည်ကို စောစီးစွာ ကတည်းက ထည့်တွက် ရမည်။
ကြိုတင် စဉ်းစားနိုင်စေရန် တက်တူး စစ်တမ်း တစ်ရပ်လည်း တင်ပြလိုပါသည်။ အလှအပရေးရာ ၀က်ဘ်ဆိုက်ဒ် Escentual က စစ်တမ်းပြုစု ထားခြင်း ဖြစ်သည်။ တက်တူး ထိုးထားသူ နှစ်ထောင်လောက်ကို သဘောထား မေးမြန်းထားသည်။ ထိုအခါ ခြောက်ယောက်တွင် တစ်ယောက်က တက်တူး ထိုးမိသည့် အတွက် စိတ်ညစ်ရ သည်ဟု ဆိုသည်။တက်တူးကြောင့် နောင်တရပြီး တက်တူး ဖျက်လိုက် သူများသည်ပင် နောက် ဆယ်နှစ် လောက် ထိ တက်တူး နောင်တ ဂယက်ဒဏ် ခံစားကြရသေးကြောင်း သိရသည်။ အခု ထိုးထားသည့် တက်တူးသည် နောင် အသက်ကြီးလာရင် လှမှ လှပါတော့မလား တွေးပူနေသူက (၃၄) ရာခိုင်နှုန်း ရှိသည်။
မစ္စတာ တန်က အသင့်တော်ဆုံး အကြံပေးသည်။ တက်တူး စတူရီယို ကောင်းကောင်းကို သွားပြီး သေချာ ဆွေးနွေး တိုင်ပင်ပါ။ တက်တူး ဆိုတာ သေရာပါမယ့် အမျိုးပါ။ သေရင် ကိုယ်နဲ့အတူ ပါတာ ဆိုလို့ တက်တူးပဲ ရှိတယ်လို့တောင် ပြောကြတယ် မှတ်လား။ ဒါ ကြောင့် မထိုးခင် သေချာ စဉ်းစား ဆုံးဖြတ်ပါလို့ အကြံပြုလိုပါ တယ်ဟု မစ္စတာ တန် က ပြောသည်။
Ref: “Tattoo regret” an emerging trend By Dawn Karen Tan (Channelnewsasia.com)

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Yoga သင်ကြားပေးမည့် စမတ်ကော်ဇော စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) CDMA 800 MHz ဖုန်းခေါ်ဆိုခ စက္ကန့်အလိုက် ကောက်မယ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ