လူလတ်ပိုင်းများ ကိုယ်အလေးချိန် တိုးသောအခါ
လူလတ်ပိုင်းတွေကို ကိုယ်ချင်းစာမိပါတယ်။ လူ့ ဘောင်၊လူ့ အသိုင်းအ၀ိုင်း ဆိုရာမှာ ကလေး၊ လူငယ်၊ လူလတ်နဲ့  သက်ကြီး ရွယ်အိုဆိုပြီး ၄-ပိုင်း ခွဲထားကြပါ တယ်။ ကလေး၊ လူငယ်၊ လူကြီးဆိုတဲ့ လူတန်းစား ၃-ရပ်ကို လုပ်ကိုင် ရှာဖွေ ကျွေးမွေးနေရတာ လူလတ်ပိုင်း တွေပါ။ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေရ တာလည်း လူလတ်ပိုင်းတွေပါ။ အိမ်ထောင်မှု တာဝန်ကို ထမ်းဆောင်နေ ရတာလည်း လူလတ်ပိုင်း တွေပါပဲ။ နောက်ဆုံး ဒီ ကလေး၊လူငယ်၊လူကြီး တွေကြောင့် ဖြစ်လာတဲ့ပြဿနာမှန်သမျှကို ဖြေရှင်းနေရတာလည်း လူလတ်ပိုင်းတွေပါပဲ။
ဒါပေမယ့် ဒီလူလတ်ပိုင်းတွေမှာ ပျော်စရာဘာမှမရှိဘူးဆိုတာကိုကော လူတွေသတိထားမိကြရဲ့ လားလို့  တွေးမိပါ တယ်။ ကလေးတွေလို အပူအပင်ကင်းမဲ့စွာ စားချင်ရာစား၊ ဆော့ချင်ရာဆော့၊ ပြောချင်ရာပြောလို့ လည်းမဖြစ်၊ လူ ငယ်တွေလို ကျော့ကျော့မော့မော့ဝတ်ပြီး ချစ်သူနဲ့ လျှောက်လည်လို့ လည်းမဖြစ်၊ လူကြီးတွေလို အိမ်မှာအခန့် သား ထိုင်ပြီး ကျေးဇူးရှင်မို့ ကျေးဇူးအတင်ခံထိုက်သူဝါဒကို ကျင့်သုံးလို့ လည်းမဖြစ်။ တစ်ရက်ကို ၂၄ နာရီ၊ တစ်ပါတ်ကို ၇-ရက် အလုပ်လုပ်နေတာတောင် မပြီးနိုင်၊မစီးနိုင်တဲ့ အလုပ်၊မိသားစု၊လူမှု၊စီးပွား တာဝန် အမောတွေပြေစေတော့ လို့  ကာရာအိုကေဆိုမိလည်းအပြစ်၊ တစ်ခွက်တစ်ဖလားသောက်မိလည်းအပြစ်၊ ဂေါက်ရိုက်မိလည်းအပြစ်။ တစ်ခါ လူမှုရေး၊ဘာသာရေး၊နိုင်ငံရေးလုပ်မိပြန်တော့လည်း သူများအတွက်ကောင်းပြီး မိသားစုအတွက်မကောင်းဘူးလို့  အဝေဖန်ခံရသေး။
ထွက်ပေါက်တွေပိတ်မိနေတဲ့ လူလတ်တန်းစားတွေမှာ အလုပ် နဲ့ လက်မပြတ်ရလေတော့ ကိုယ်ကာယလှုပ်ရှားမှု ကိုလည်း ဦးစားမပေးနိုင်တော့ဘဲ တစ်နေ့ တစ်ခြားကိုယ်အလေး ချိန်တိုးလာပြန်တော့လည်း ခုနက လူငယ်တွေက သူတို့ ရဲ့  ပိန်ပါးဖုထစ်နေတဲ့ခန္ဓာကိုယ်နဲ့  လှောင်ပြောင်နေသလို လို။ ဒီကြားထဲ ဇနီးသည်ဖြစ်သူက နားလည်မှု မရှိရင် အဆိုးဆုံး။
ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်မှာတာဝန်အရှိဆုံးပါ။ ဒီတော့ ကျွန်တော်တို့ လူလတ်တန်းစားတွေအနေနဲ့  ကိုယ့် အတွက် တစ်ခုကိုတော့ စွဲစွဲမြဲမြဲလုပ်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးပါ။ ကိုယ်ကမှ မကျန်းမာဘူးဆိုရင် ကိုယ့်ကို မှီခိုနေတဲ့ လူတန်းစား ၃-ရပ်ကို ကာကွယ်ပေးဖို့ ၊ လိုအပ် တာတွေ ဖြည့်ဆည်းပေးဖို့  ခက်သွားပါလိမ့်မယ်။ လူငယ် တွေလို ပိန်ပါးဖုထစ်တဲ့ ခန္ဓာကိုယ်မလိုပါဘူး။ ကျန်းမာရေး နဲ့  ညီညွတ်တဲ့ ကိုယ်အလေးချိန်ကိုပဲ ရအောင်လုပ်ယူရ မှာပါ။
အစိမ်းရောင်များများစားပါ။ ပထမဆုံးရှောင်ကြဉ်ရမှာကတော့ ကယ်လိုရီများတဲ့အစားအစာတွေကို စားသောက်ခြင်း ပါပဲ။ ကယ်လိုရီများ၊မများ ဘယ်လိုသိနိုင်မလဲ။ လွယ်ပါတယ်။ စားရတာသိပ်အရသာရှိနေရင် ကယ်လိုရီများလို့  ပဲပေါ့။ သဘာဝအရသာ မပျက် အောင် ချက်ပြုတ်ထားတဲ့ အစားအစာတွေဟာ များများစားမရအောင်ကို အရသာ သိမ်မွေ့ ပါတယ်။
ဆိုင်သွားစားတာ လျော့ပါ။ အခုနောက်ပိုင်း ဆိုင်မှာထွက်စားတဲ့ယဉ်ကျေးမှုက စိုးမိုးလာပါတယ်။ ကယ်လိုရီများတဲ့ အစားအစာ စားမိပြီးသားပါ ပဲ။ နည်းမျိုးစုံနဲ့  ပြုပြင်ထားတဲ့ အစားအစာတွေမှာ ကာဘိုဟိုက်ဒရိတ် အလွန် များပြား တဲ့အတွက် ကယ်လိုရီတွေ ပို သွားပါတယ်။ ဒီကယ်လိုရီအပိုကို ခန္ဓာကိုကမဖြုန်းနိုင်တဲ့အခါ အဆီအဖြစ် သိုလှောင် လိုက်လေ့ရှိပါတယ်။ သိုလှောင် တဲ့အခါမှာလည်း ခန္ဓာကိုယ်မှာ လှုပ်ရှားမှုအနည်းဆုံး ၀မ်းဗိုက်ကို ဦးစားပေး (၁) အဖြစ် ရွေးချယ်လေ့ရှိပါတယ်။ ပိုဆိုးတာကတော့ ဦးနှောက်ကလည်း အကျင့်ဖြစ်သွားပြီး ကယ်လိုရီ များတဲ့ အစား အစာကိုပဲ ရွေးခိုင်းတာမျိုး ဖြစ်လာ နိုင်ပါတယ်။ အဲဒီနောက်မှာတော့ သဘာဝအတိုင်းချက်ပြုတ်ထားတဲ့ အစိမ်း ရောင် အစားအစာတွေဆိုရင် ပေါ့ရွှတ် ရွှတ်ဖြစ်နေပြီး နီရဲစိုရွှဲနေတဲ့ အစားအစာမျိုးကိုသာ ခုံမင်လာတတ် ပါတယ်။ ဒီအချိန်မှာ သင့်ခါးဆိုက်ကလည်း ၅ လက်မနီးနီး ပိုလာပါပြီ။
ဝတယ် အပြောခံရဖန်များလာရင် ပိုစားမိတတ်တယ်။ လူတွေက ၀လာတယ်၊လျော့ဦး ပြောလိုက်တိုင်း ရင်ထဲမှာ တင်းခနဲဖြစ်သွားပါတယ်။ ဟန်ဆောင်ပြုံးရင်း၊ ဒီလူတွေကို ကျိန်ဆဲရင်း ကိုယ့်ဗိုက်ကိုယ်ငုံ့ ကြည့်ပြီးတော့ စိတ်ပျက် လာတတ်ပါတယ်။ ဒါပေမယ့် အစားကိုလျော့လည်းမလျော့၊ ပြောင်းလဲမပြောင်းနိုင်ပါဘူး။ တစ်ကယ်တော့ Fat Shaming လို့ ခေါ်တဲ့ ၀သောသူကို အရှက်ရအောင်လှောင်ပြောင် ခြင်းဟာ အဲဒီလူကို ပိုဝလာအောင်စားဖို့  တွန်းအားပေးတယ်လို့  သိပ္ပံပညာရှင်များက အထောက်အထားခိုင်လုံစွာနဲ့  ပြောပါတယ်။
ဒီလို အလုပ်တာဝန်တွေပိနေပြီး စိတ်ထွက်ပေါက်ရှာမရတဲ့အခါ လူလတ်တန်းစားတွေဟာ စိတ်ဖိစီးမှုခံစားရပါ တယ်။ စိတ်ဖိစီးမှုကြာလာတဲ့အခါ စိတ်ဓါတ်ကျလာပါတယ်။ စိတ်ဓါတ်ကျလာတဲ့အခါ ဖွယ်တယ်တယ်၊ စိမ်းဖန့် ဖန့်  အသီး အရွက်တွေကို မရွေးတော့ဘဲ အဆီ၊အဆိမ့်၊အငန်၊အစပ် ရသာမျိုးစုံတဲ့ အစားအစာတွေကို အချိုရည်၊ဘီယာ၊အရက် တွေနဲ့  မျောချကြပါတော့တယ်။ ဒါကြောင့် ကိုယ်အလေးချိန်တိုး၊ အ၀လွန်လာတယ်ဆိုတာဟာ စိတ်ကြောင့်လည်း အများကြီးဆိုင်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုကို ရအောင် လုပ်ပါ။ စိတ်ဓါတ်ကျတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုကို အားပါးတရ လုပ်ပေးခြင်း ဟာ အကောင်းဆုံး ကုထုံးပါပဲ။ စမ်းကြည့်ပါ။အစပိုင်းမှာတော့ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှုတွေကြောင့် သွေးတက်၊ ခေါင်းမှုး၊စိတ်တိုနေလေတော့ ကိုယ်လက်လှုပ် ရှားမှု မလုပ်ချင်ပါဘူး။ ဒါပေမယ့် ညင်သာတဲ့လှုပ်ရှားမှုကနေ တဖြည်းဖြည်း အားတွေအကုန်ထည့်ကစားလို့ ရတဲ့ လှုပ်ရှားမှုကို လုပ်ကြည့်ပါ။ သင့်ခန္ဓာကိုယ်ထဲ အားသစ်တွေ စီးဆင်းလာပါတယ်။ ဦးနှောက်ပြန်လည်လန်းဆန်းလာ ပါမယ်။ ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီဆိုရင် အဲဒီ အစာအိမ်ထဲ မဟုတ်မဟပ် အစားအစာတွေကိုလည်း ထည့်ချင်တော့မှာ မဟုတ်ပါဘူး။
အလုပ်ဘယ်လောက်များများ အချိန်မှန် စား၊သောက်၊အိပ်၊ကစားပါ။ လူလတ်ပိုင်းတွေဟာ လုပ်ငန်းတာဝန်တွေ ကြောင့် ကလေး၊လူငယ်၊လူကြီးတွေလို အအိပ်၊အစား မမှန်နိုင်ဘူးလို့ ထင်မယ်ဆိုရင် ဆင်ခြေပေးတာပါပဲ။ သင့်ခန္ဓာ ကိုယ်ရဲ့  ဇီဝနာရီတွေက ပုံမှန်ခုတ်မောင်းနေပါတယ်။ ဒီအတွက် အာဟာရ၊အိပ်စက်ခြင်း၊ရေဓါတ်ပြည့်ဝ ခြင်းနဲ့  အောက်စီဂျင်လုံလောက်စွာရရှိခြင်းကို မလွဲမသွေလိုအပ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဆာလောင်မွတ်သိပ်အောင် မထားပါနဲ့ ။ စားတဲ့အခါမှာလည်း အစားအစာ၊ အသီးအနှံ၊ ဟင်းသီး ဟင်းရွက် မျှတအောင် စားပေးပါ။ ရေဓါတ်ဆိုတာ ရေသောက်မှပဲ ပြည့်ပါတယ်။ သင်လက်ဖက်ရည်၊ရေနွေးကြမ်း ဘယ်လောက်သောက်သောက်၊ ရေသောက်ပေးဖို့  လိုတုန်းပါပဲ။ လူသားတွေဟာ ညအိပ်တဲ့သတ္တ၀ါတွေပါ။ သဘာဝ ကို မလွန်ဆန်ပါနဲ့ ။ ညကို ရအောင်အိပ်ပါ။ သက်ဖြစ်အင်္ဂါအစိတ်အပိုင်းတွေ လှုပ်ရှားနိုးကြားလာတဲ့ အထိကို အောက်စီဂျင် အားပါးတရ၀င်သွားအောင် အားကစားလုပ်ပေးပါ။ အညောင်းပြေရုံလောက် ကစားရုံနဲ့ တော့ သိပ် အကျိုးထူးလှမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့  ကျန်းမာဖို့ လိုပါတယ်။ အလုပ်တာဝန်တွေများလွန်းလို့  ညဉ်းညူမိတာကလွဲရင် တစ်ကယ်တမ်းမှာ ဒီ ကလေး၊လူငယ်၊လူကြီးတွေအတွက် တာဝန်ယူနိုင်တာ၊ လိုအပ်တာဖြည့်ဆည်းပေးနိုင်တာ၊ သူတို့ ကိုကာကွယ်ပေး နိုင်တာကို ကျွန်တော်တို့  ကြည်နှူးကြပါတယ်။ လူတွေအများကြီး မှီခိုနိုင်တဲ့ အရည်အချင်းပိုင်ဆိုင်သူတွေဖြစ်လို့  ကျွန်တော်တို့  အားတက်ရပါတယ်။ သူတို့ ကို အကြာကြီး စောင့်ရှောက်နိုင်ဖို့  ကျွန်တော်တို့  ကျန်းမာမှဖြစ်မှာပါ။
အခုတောင် ဒီလောက်လုပ်နိုင်တာ၊ ကျန်းမာရင်ပိုလုပ်နိုင်မှာပါပဲ။ ကျွန်တော်တို့ ရဲ့ အဓိက ပြဿနာဖြစ်တဲ့ ကိုယ် အလေးချိန် တိုးတိုးလာနေတဲ့ ကိစ္စကိုပဲ ထိထိရောက်ရောက် ကိုင်တွယ်ပြီး စားပွဲပေါ်က ဆေးပုလင်းတွေကို ခြင်းထဲ ထည့်သိမ်းထားနိုင်တဲ့ အထိ ကျန်းမာလာအောင် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်၊ ကိုယ့်အတွက် လိုအပ်တာကို လည်း ပံ့ပိုး၊ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ဖို့  မမေ့ပါနဲ့ လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

သမန်းကျား
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+