ကွမ်းစားရင်း နဲ့ စောင့်နေပါ

By မင်းသူအောင်

သင် ကွမ်းစား တတ်ပါသလား။ သင်ကွမ်းစား တတ်လာပြီ သို့မဟုတ် ကွမ်းစွဲသွားပြီး နှစ်ပေါင်း နှစ်ဆယ်ခန့် ကြာသည့် အခါတွင် သင့်ခံတွင်းတွင် ရောဂါ တစ်မျိုးမျိုး အလည် လာလိမ့်မည်။ မယုံလျှင် စောင့်ကြည့်ပါ။

ကွမ်းယာ စားသည့် ဓလေ့ မြန်မာနိုင်ငံသို့ ရောက်နေသည်မှာ ကိုရီးယား အစားအစာ “ကင်ချီ” လို မနေ့ တစ်နေ့ကမှ ရောက်လာသည် မဟုတ်။ မြန်မာများ ကွမ်းစား လာသည်မှာ ဘိုးဘေး ဘီဘင် ရှေးပဝေဏသီ ကတည်းက၊ ကွမ်းယာ နှင့် မြန်မာပြည်ကို ခွဲခြား၍မရ။ တစ်သားတည်း ဖြစ်နေပြီ။ မြန်မာ မှန်လျှင် ကွမ်းစား တတ်ရမည်ဟု ဆိုရမလောက်ပင်။ ဘာသာစကား လေ့လာသူများ အကြား ထင်ရှားသော စကားတစ်ခွန်းမှာ “ ကွမ်းမစား တတ်သရွေ့ ဗမာ စကားမတတ်” ဟူ၏။

““ကျွန်တော်တို့ သီရိမင်္ဂလာ ဈေးမှာ တစ်နေ့ ကွမ်းရွက် ပိဿာပေါင်း ငါးသောင်းကနေ ခြောက်သောင်း အထိ အ၀င် အထွက် ရှိပါတယ်”” ဟု ရန်ကုန်မြို့ အတွက် ကွမ်းရွက် ဖြန့်ဖြူးသည့် အဓိက ဈေးတစ်ခု ဖြစ်သော သီရိမင်္ဂလာဈေး စည်ပင်သာယာ ကုန်စည် မှတ်တမ်း ဌာနမှ ဦးခင်ရီက ပြောသည်။

ကွမ်းထွက် ရာသီ မဟုတ်ချိန် များတွင်မူ တစ်ရက်လျှင် ကွမ်း ပိဿာချိန်ပေါင်း သုံးသောင်းမှ လေးသောင်း အထိ အ၀င်အထွက်ရှိပြီး ကွမ်းရွက် အဓိက လာရာ ဒေသမှ ပန်းတနော်၊ ကွမ်းခြံကုန်း၊ ကျောက်ကုန်း တို့ဘက်မှ အများဆုံး ၀င်ရောက်သည်။

ထိုပမာဏသည် ရန်ကုန်မြို့သို့ နေ့စဉ် ရောက်လာသော ကွမ်းပမာဏ ဖြစ်သည်။ ယင်းပမာဏဖြင့် ရန်ကုန်တွင် ကွမ်းစားသူ မည်မျှ ရှိမည်ကို ခန်းမှန်းနိုင်သည်။

““ဆေးရွက်ကြီး သုံးစွဲမှု တိုက်ဖျက်ရေး တွေကြောင့် ဆေးလိပ် သောက်နှုန်း ကျလာပေမယ့် ကွမ်းစားတဲ့ နှုန်းက သိပ်လျော့ မလာဘူး”” ဟု ဆေးလိပ်နှင့် ဆေးရွက်ကြီး တိုက်ဖျက်ရေး လုပ်ငန်းများကို ဆယ်စုနှစ် နှင့် ချီ၍ တက်ကြွစွာ ဦးဆောင် လုပ်ကိုင်နေသူ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ နေစိုးမောင်က ပြောသည်။

ကွမ်းစား သူများထဲတွင် အမျိုးသားကြီး များသာ မဟုတ်ဘဲ အမျိုးသမီးများပါ ပါဝင် သကဲ့သို့ ဆယ်ကျော်သက် များလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ် မှာ (၆၄) နှစ် အကြား အမျိုးသား နှစ်ဦးလျှင် တစ်ဦးမှာ ဆေးရွက်ကြီး ပါသည့် ကွမ်းယာ စွဲနေကြသည်။ အမျိုးသမီး များမှာမူ (၁၆ ဒသမ ၁) ရာခိုင်နှုန်းသာ ကွမ်းစားကြသည်။ အဆိုပါ ကိန်းဂဏန်းမှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က ထုတ်ပြန်ခဲ့သည့် မကူးစက် တတ်သော ရောဂါ ဖြစ်ပွားစေသည့် အကြောင်း အရင်းများ အမည်ရ စစ်တမ်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ထို့အပြင် ကွမ်းယာ စားနှုန်းကို ကျေးလက် နှင့် မြို့ပြ ယှဉ်ကြည့်လျှင် ကျေးလက် ဒေသတွင် နေထိုင်သူများက မြို့ပြတွင် နေထိုင် သူများထက် ပိုမို၍ ကွမ်းစားကြသည်။ ကမ္ဘာ တစ်ဝန်းလုံးတွင် ကွမ်းစားသူ သန်း (၆၀၀) ခန့် ရှိနေသည်။

ကွမ်းစားနှုန်းတွင် အသက် အုပ်စုများကို ခွဲ၍ လေ့လာသည့် အခါ ဆယ်ကျော်သက် အုပ်စု၏ ကွမ်းယာ စားသုံးမှုနှုန်းမှာ ဆယ်ဦးလျှင် သုံးဦးနှုန်း ခန့်ရှိပြီး အသက် အုပ်စု (၂၅-၃၄) နှင့် (၃၅-၅၄) တို့တွင် ကွမ်းယာ စားသုံးမှုနှုန်းမှာ ဆယ်ဦးလျှင် လေးဦးနှုန်း အထက် ရှိလာသည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းက ဆိုထားသည်။ ထိုသို့ စားသုံးရာတွင်လည်း တစ်နေ့လျှင် ရှစ်ကြိမ် နှင့် အထက် ရှိတတ်သည်ဟု အဆိုပါ စစ်တမ်းက ဆိုထားသေးသည်။

““ကျွန်တော် ကွမ်းစားတာနှစ် (၂၀) လောက် ကြာတော့ ပထမ ပါးစောင် ရောင်သလိုမျိုး ဖြစ်တယ်။ ပထမ စားသေးတယ်။ ပြီးတော့ ဆရာဝန် သွားပြတယ်။ ဆရာဝန်က ခံတွင်း ကင်ဆာဖြစ်ဖို့ အဆင့်တစ် အစ ပျိုးနေပြီလို့ ပြောတယ်။ ဒီအချိန် မှာ ကွမ်းစားတာ ရပ်လိုက်လို့ ရှိရင် ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ဆက်စားမယ် ဆိုရင် အဆင့် တစ်ကနေ အဆင့် လေးအထိ လေးလ အတွင်း ဖြစ်သွား နိုင်တယ်လို့ ပြောတယ်”” ဟု ဦးခင်မောင်သိမ်း က ပြောသည်။

ဦးခင်မောင်သိမ်း တစ်ယောက် ထိုအချိန်မှ စကာ ကွမ်းမစား တော့သည်မှာ ယနေ့ အချိန် အထိပင်။ ကင်ဆာ ရောဂါများစွာ ရှိပြီး ကင်ဆာ ရောဂါတိုင်းကို ပြင်းထန်မှု နှင့် ပြန့်နှံ့မှုကို လိုက်၍ အဆင့် လေးဆင့်ခွဲ သတ်မှတ် ထားသည်။ ကင်ဆာ ဖြစ်ပွားသည့် အဆင့်တစ် နှင့် အဆင့် နှစ်တို့တွင် ကုသ ပျောက်ကင်း နိုင်သော်လည်း အဆင့် သုံးရောက်သည့် အခါတွင်မူ အသက် ရှင်နိုင်ချေက (၄၀) ရာခိုင်နှုန်း ခန့်သာ ရှိတော့သည်ဟု သိရသည်။ အဆင့်လေး ရောက်သည့် အခါတွင်မူ ရောဂါ ဖြစ်ပွားသူသည် မပြန်လမ်း တစ်လမ်းသာ ရှိတော့ကြောင်း ဆေးပညာရှင်များ ထံမှ သိရသည်။

ကွမ်းစွဲ သူများသည် အသက် ကြီးလာသည့် အခါတွင် ကျန်းမာရေး ကြောင့်သော် လည်းကောင်း၊ အခြား အကြောင်း အမျိုးမျိုး ကြောင့်သော် လည်းကောင်း ကွမ်းဖြတ် တတ်ကြသည်။ သို့သော် ကွမ်းဖြတ်နှုန်းမှာ အသက် (၁၅) နှစ် အရွယ်မှ အသက် (၆၅) နှစ် အရွယ် အကြား အမျိုးသား၊ အမျိုးသမီး အုပ်စု နှစ်ခုလုံးတွင် (၁ ဒသမ ၇) ရာခိုင်နှုန်းသာ ရှိနေသည်။ ရှင်းအောင် ပြောရလျှင် လူတစ်ရာလျှင် နှစ်ဦးနှုန်းပင် မပြည့်ချေ။

ဦးခင်မောင်သိမ်း အပါအ၀င် ကွမ်းယာစွဲသူ၊ ကွမ်းယာ စားသူတို့သည် အပေါင်းအသင်း ကြောင့်သော် လည်းကောင်း၊ လက်တည့် စမ်းချင်၍ သော် လည်းကောင်း၊ အိပ်ချင်စိတ်ကို ဖြေဖျောက်ရန် အတွက် လည်းကောင်း ကွမ်းယာကို ၀ါးစမ်းရင်း နှင့် တဖြည်းဖြည်း ကွမ်းစွဲလာ၊ ကွမ်းကြိုက် လာခြင်း ဖြစ်သည်။

အချို့ လူများကမူ ဆေးလိပ် စွဲနေသောကြောင့် ဆေးလိပ် ဖြတ်ရန် အတွက် ကွမ်းပြောင်း စားရာမှ ကွမ်း တစ်ပျစ်ပျစ် နှင့် ကွမ်းသမား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ မနက် မိုးလင်း ကတည်းက ကွမ်းယာ နှင့် စခဲ့ ပြီး အိပ်ရာ ၀င်သည်အထိ ကွမ်းနှင့် ပါးစပ် မပြတ် သူများလည်း ရှိကြသည်။

ကွမ်းစားခြင်း ကြောင့် နေ့ချင်း ညချင်းတော့ ရောဂါဆိုးများ မဖြစ်နိုင်ပါ။ သို့သော် ကွမ်းစား သူများကလည်း ကွမ်းယာကို တစ်ရက် နှစ်ရက်၊ တစ်ပတ် နှစ်ပတ်မျှသာ စားကြသည် မဟုတ်ဘဲ နှစ်နှင့်ချီကာ နှစ်ရှည်လများ စားကြ သူများချည်း ဖြစ်သည်။ ထိုကဲ့သို့ တစ်နေ့ မဟုတ်၊ တစ်ရက် မဟုတ် နေ့စဉ် ရက်ဆက် ကွမ်းစား နေခြင်းကြောင့် ကွမ်းယာထဲတွင် ပါဝင်သည့် ဥပဒ် ဖြစ်စေသော ဓာတ်ပစ္စည်း များသည် တဖြည်းဖြည်း နှင့် ခန္ဓာကိုယ်တွင် စုမိလာသည်။ ထို့နောက် တွင်တော့ ခန္ဓာကိုယ်ကို ဒုက္ခ ပေးတော့သည်။

““တစ်ယောက် နဲ့ တစ်ယောက် တုန့်ပြန်မှုတော့ မတူဘူးပေါ့။ တစ်ယောက် နဲ့ တစ်ယောက် ခုခံအားချင်း ကလည်း မတူဘူးလေ။ ဒါပေမယ့် များများ စားရင် မြန်မြန် ဖြစ်တယ်”” ဟု ဒေါက်တာ နေစိုးမောင် ကပြောသည်။

ကွမ်းရွက်တွင် Thiamine / calcium / carotene / niacin / riboflavin / vitamin c တို့အပြင် ကျန်းမာရေး အကျိုးပြု ဓာတ်ပစ္စည်းများ ပါဝင်သည်။ ထို့အပြင် ကွမ်းရွက်သည် ဖန်၊ ခါး၊ ပူစပ်သော အရသာ ရှိ၏။ နှုတ်ကို မြိန်စေ၏။ သလိပ်ကို ကြေစေ၏။ လေကို နိုင်၏။ ထက်မြက်၏။ အားကို တိုးစေ၏။ အဆိပ် ကို ပယ်တတ်၏။ ၀မ်း မီးတောက်စေ၏။ ကာမကို အားပေး၏။ နှလုံးကို အကျိုးပြု၏။ နှလုံး၊ ချောင်းဆိုး ရောဂါ စသည်ကို ပျောက်ကင်းစေ၏ ဟု မြန်မာ ဆေးကျမ်းများတွင် ဖော်ပြထားသည်။

ကွမ်းရွက်သည် သူ့ချည်း သက်သက် သာဆိုလျှင် ဆေးဖက်ဝင်သော အရွက် ဖြစ်သော်လည်း သူနှင့် အတူ တွဲဖက် စားသော ထုံး (Calcium Hydroxide) ၊ ဆေးရွက်ကြီး၊ ဆေးပေါင်းများ နှင့် အခြား အမွေးအကြိုင် ပစ္စည်းများကမှု ကွမ်းရွက် နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ကွမ်းရွက်ကဲ့သို့ ဆေးဖက် မ၀င်တော့။ ၎င်းတို့ အထဲတွင် ကင်ဆာ ဖြစ်စေသော ဓာတ်အမျိုးပေါင်း (၃၀) ခန့် ပါဝင်နေသည် ဟုဆိုသည်။ မြန်မာနိုင်ငံတွင် ကွမ်းယာထဲ၌ ထည့်ကာ အများဆုံး သုံးစွဲနေသည့် ကွမ်းစားဆေး တံဆိပ် အချို့မှာ (Signal, 45, 92, 100, 162, 350 (Zarda, Saga, Power, ဘုရင်မ၊ ရွှေလက်ဝါး၊ ရွှေဗမာတို့ ဖြစ်သည်။

ကွမ်း ကောင်းကောင်း မစားတတ် သေးသူများသည် Shikha ကဲ့သို့သော ကွမ်းယာ ခြောက်များကို စားတတ်ကြ သည်။ ၎င်းတို့ အထဲတွင် ဓာတု ဓာတ်ပစ္စည်း အမျိုးပေါင်း (၃၀၇၅) မျိုး ပါဝင်ကာ ထိုအထဲမှ (၂၈) မျိုးသည် ကင်ဆာ ရောဂါ ဖြစ်စေသော ဓာတ်ပစ္စည်းများ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ သိရသည်။

ကွမ်းယာကြောင့် ဖြစ်သော ဆိုးကျိုး များအနက် သာမန် ဆိုးကျိုးများမှာ သွားအရောင် ညစ်နွမ်းခြင်း၊ သွား၏ အပေါ်ယံ ကြွေလွှာ ပြုန်းတီးခြင်း၊ မေးရိုး အဆစ် ရောဂါရခြင်း၊ သွားများတွင် ကျောက်တည်ကာ သွားဖုံး ရောဂါ ဖြစ်ခြင်းတို့ ဖြစ်ကြောင်း ဆေးပညာရှင် များထံမှ သိရသည်။ ထို့အပြင်လည်း နှလုံး နှင့် ပတ်သက်သော ရောဂါများ ဖြစ်ပွားခြင်းသည် ကွမ်းစားခြင်း နှင့် ဆက်နွှယ်မှု ရှိသည်ဟု ဆိုသည်။

ထို့ထက် ဆိုးသော ဆိုးကျိုးမှာ ခံတွင်း ကင်ဆာ၊ လျှာကင်ဆာ နှင့် လည်ချောင်း ကင်ဆာတို့ ဖြစ်သည်။ ထိုကင်ဆာမျိုး ဖြစ်ပြီ ဆိုလျှင် နောက်ထပ် ငါးနှစ် အသက်ရှည်ရန်မှာ (၆၀) ရာခိုင်နှုန်းပင် မရှိတော့ ဟုဆိုသည်။ ထို့အပြင် အသက် မဆုံးခင် တွင်လည်း ဓာတ်ရောင်ခြည် ကင်ရခြင်း၊ လျှာဖြတ် ပစ်ရခြင်း၊ မေးရိုး တစ်ခုလုံး ဖြုတ်ပစ်ရခြင်းတို့ ဖြစ်တတ်ကာ မစားနိုင် မသောက်နိုင် နှင့် တစ်ပိန်ပိန် တစ်လိန်လိန် အသက် ဆက်ရ တတ်သည်ဟု ဆိုသည်။

ကင်ဆာ မဖြစ်ခင် အဆင့်တွင် ခံတွင်း သားလွှာများသည် အဖြူရောင်သို့ ပြောင်းလာပြီး မာကျော လာသည့် အခြေအနေကို တွေ့ရတတ်ကာ တစ်ခါ တစ်ရံတွင် ပါးစပ်ဟ၍ မရနိုင်လောက် အောင်အထိ ဆိုးဝါး လာတတ် သည်ဟု ဆေးပညာရှင် များက ဆိုသည်။

ထိုသို့ မဟုတ်ပါ ကလည်း အဖြူရောင် အကွက်များ ပါးစောင်သားနှင့် လျှာများ တွင်လည်း ဖြစ်တတ်သည်။ ထို အခြေအနေများမှ တစ်ဆင့် တစ်ဆင့် ကင်ဆာ ဖြစ်သွား နိုင်ကြောင်း သိရသည်။

လျှာ ကင်ဆာသည် ကွမ်းဝါး သူများတွင် အဖြစ်များပြီး ဆေးလိပ် သောက်သူ၊ အရက် များများ သောက်သူ များတွင်လည်း ဖြစ်ပွား တတ်သည်။ ထိုကင်ဆာ၏ လက္ခဏာမှာ လျှာပေါ်တွင် အနီကွက် သို့မဟုတ် အဖြူကွက်များ ဖြစ်ခြင်း၊ အကျိတ်ပေါ်ခြင်း၊ အနာ ဖြစ်ခြင်း၊ ထုံကျဉ်ခြင်း စသည့် တစ်မျိုး မဟုတ် တစ်မျိုး ဖြစ်နိုင်ကာ နှစ်ပတ် အတွင်း မပျောက်ကင်းပါက ဆရာဝန် နှင့် ပြရန် ဆေးပညာရှင်များက တိုက်တွန်း ကြသည်။

ခံတွင်း ကင်ဆာ နှင့် အစာမျို လမ်းကြောင်း ကင်ဆာ ဖြစ်ပွားခြင်းမှာ ကွမ်းစားခြင်း နှင့် ဆက်စပ်နေပြီး ကွမ်းစားသူ များသည် ကွမ်းမစား သူများထက် ခံတွင်း ကင်ဆာ ဖြစ်ပွားနိုင်ချေ (၁၀) ဆခန့် ပိုများသည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ဆိုထားသည်။

သုတေသန ပြုလုပ်ချက်များ အရဆိုလျှင် ကွမ်းရော၊ ဆေးလိပ်ပါ သုံးစွဲသူသည် ဆေးလိပ် မသောက်ဘဲ ကွမ်းစားသူထက် ကင်ဆာ ဖြစ်နိုင်ခြေ (၆) ဆခန့် မြင့်ပြီး ကွမ်း၊ ဆေးလိပ်၊ အရက် သုံးမျိုးလုံး သုံးစွဲသူသည် အရက်၊ ဆေးလိပ် မသောက်ဘဲ ကွမ်းစားသူ ထက် ကင်ဆာ ဖြစ်နိုင်ချေ (၁၂၃) ဆ ပိုများသည်ဟု ဆိုသည်။

ထို့ကြောင့် သင် ကွမ်းစွဲနေပြီလား။ ကွမ်းစား သက်တမ်း ဆယ်စုနှစ်နှင့် ချီနေပြီ ဆိုလျှင်တော့ မကြာခင် အချိန်အတွင်း သို့မဟုတ် မကြာခင် နှစ်များ အတွင်း သင့်ထံသို့ ကင်ဆာ ရောဂါတို့ အလည် ရောက်လာတော့မည်။ သင် ကွမ်းစားရင်းသာ စောင့်နေပါ။


The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...