ေ၀၀ါးနေတဲ့ အနာဂတ်
By ၀တ်ရည်မွန်
စာပေက နိုင်ငံတစ် နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြောင်းလဲ ပစ်နိုင်သလို အနာဂတ် ကိုလည်း ထုဆစ် ပုံဖော် နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီ စာပေတွေ ကို ဖြန့်ဖြူး ထုတ်ဝေတဲ့ စာအုပ် ထုတ်ဝေ ရောင်းဝယ် ရေး လုပ်ငန်းတွေရဲ့ အနာဂတ်က ခပ်ဝါးဝါး ဖြစ်နေပါပြီ။
““ရောင်းအားတွေက တဖြည်းဖြည်း ကျလာပြီ။ စာအုပ်ဆိုင် ဖွင့်မယ့် အစား တခြား စီးပွားရေး လုပ်တာမှ ကောင်းဦးမယ်”” လို့ ဦးညီညီက ပြောပါတယ်။ ဦးညီညီ ဟာ (၂၁) နှစ် တိုင်တိုင် ဖွင့်လှစ် ရောင်းချခဲ့တဲ့ အမေ့အိမ် စာပေ စာအုပ်ဆိုင်ရဲ့ ပိုင်ရှင် တစ်ဦး ဖြစ်ပြီး မကြာခင်မှာ သူ့ရဲ့ စာအုပ်ဆိုင်ကို ပိတ်တော့မယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး စာအုပ်ဆိုင်တွေ အရောင်းအ၀ယ် ကျဆင်း သွားတာ သုံးနှစ် နီးပါးရှိပြီး ပိတ်သိမ်း သွားရတဲ့ ဆိုင်တွေလည်း မနည်းတော့ဘူးလို့ စာပေ လောကအတွင်း လုပ်ကိုင် သူတွေက တညီ တညွတ်တည်း ပြောပါတယ်။ မြင့်တက် လာတဲ့ အခန်းခ စရိတ်၊ ၀န်ထမ်း စရိတ်၊ အခွန်အခ တွေဟာ တစ်လကို အနည်းဆုံး ကျပ်ဆယ်သိန်း နဲ့ သိန်းနှစ်ဆယ်ကြား ရှိပြီး စာအုပ် ဆိုင်တစ်ဆိုင် ဖြစ်ဖို့ အတွက် ရင်းနှီးငွေဟာ ကျပ်သိန်းရာ ဂဏန်း အထက်မှာ ရှိနေပါတယ်။ ဒီတော့ ကိုယ်ပိုင် အခန်းရှိတဲ့ ဆိုင်ရှင်တွေ အနေနဲ့ ကလည်း စာအုပ်ဆိုင် ဖွင့်မယ့် စိတ်ကူးကို စွန့်လွှတ်ပြီး အခန်းကို ပြန်ငှား စားတော့မယ် ဆိုတဲ့ အတွေးတွေပဲ ရှိကြ ပါတော့တယ်။
ပြောင်းလဲလာတဲ့ ယနေ့ခေတ်မှာ လူသားတွေကို ဖျော်ဖြေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေဟာ နည်းအမျိုးမျိုး၊ ပုံစံ အမျိုးမျိုးနဲ့ ပေါ်လာပါတယ်။ နည်းပညာပိုင်း ဆိုင်ရာ ပစ္စည်းတွေကြောင့် ကျယ်ပြန့်လာတဲ့ လူမှု ဆက်ဆံရေး နယ်ပယ်တွေမှာ လူငယ်တွေဟာ မအားလပ် နိုင်အောင် ဖြစ်နေပြီး ရုပ်သံ မီဒီယာ တွေကနေ တစ်ဆင့် တစ်ကမ္ဘာလုံးကို ကြည့်ရှုလို့ ရတဲ့ ရုပ်သံ အစီအစဉ်တွေ ကြားမှာ ရုန်းမထွက်နိုင် ဖြစ်နေပါတယ်။
နည်းပညာ ဘယ်လောက်ပဲ တိုးတက် တိုးတက် စာအုပ်ကိုင်ပြီး ဖတ်ရတဲ့ အရသာဟာ စာသမား တစ်ယောက် အတွက်တော့ ဘယ်အရာနဲ့မှ လဲလှယ်လို့ မရပါဘူး။
တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို စာပေ ဖတ်ရှုနှုန်း ကျဆင်းမှုကြောင့် စာအုပ် ထုတ်ဝေမှုတွေ ကျဆင်း လာပါတယ်။ စာပေ ထုတ်ဝေမှုတွေ အရှုံး ပေါ်လာတဲ့ အတွက် ရင်းနှီး မြှုပ်နှံမှုပိုင်းမှာ အားနည်းလာပြီး စာအုပ် ထုတ်ဝေ ရောင်းချမှု ရပ်ဆိုင်း လိုက်ရတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ စာပေ ထုတ်ဝေမှုတွေ အရေအတွက် ကျဆင်း နေပေမယ့် စာရေးသား ထုတ်ဝေ သူတွေကတော့ တဖြည်းဖြည်း များပြား လာပါတယ်။ တစ်လမှာ ထွက်ရှိတဲ့ စာအုပ် အရေအတွက်တွေ မြောက်မြားစွာ ရှိနေပေမယ့် တကယ်တမ်း ၀ယ်ယူ ဖတ်ရှုတဲ့ စာဖတ်သူ အရေအတွက် ကတော့ အနည်းငယ်သာ ရှိနေပါတယ်။ စာပေ ဖြန့်ချိ သူတွေရဲ့ အဆိုအရ တစ်လမှာ စာအုပ် အသစ် (၁၀) အုပ် ၀န်းကျင် ထွက်ရှိနေပြီး တစ်အုပ်ကို အုပ်ရေ (၁၀၀၀) နီးပါးနဲ့ အုပ်ရေ သောင်းဂဏန်း ဈေးကွက် အတွင်းကို ဖြန့်ချိပေး နေရတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ နိုင်ငံတွေမှာ စာအုပ် တစ်အုပ် ထုတ်ဝေရင် သန်းနဲ့ချီ ထုတ်ဝေ နေရပေမယ့် မြန်မာနိုင်ငံမှာတော့ စာအုပ် တစ်အုပ်ကို အုပ်ရေ တစ်ထောင်ကျော် လောက်သာ ထုတ်ဝေ ရပါတယ်။ အဲဒီ တစ်ထောင်ကျော်ကို အနည်းဆုံး နှစ်လ၊ သုံးလလောက် ရောင်းချ ရတယ်လို့ စာအုပ် အရောင်း ဆိုင်တွေက သိရပါတယ်။ လူဦးရေ သန်း (၅၀) ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စာအုပ် တစ်ထောင် ရောင်းချနိုင်ရင် ရောင်းအား မဆိုးဘူးလို့ သတ်မှတ် ထားပြီး စာအုပ် သုံးထောင်ကနေ ငါးထောင် နီးပါး ရောင်းချ ရရင်တော့ အရောင်းရဆုံး စာအုပ် အဖြစ် သတ်မှတ် ထားတယ်လို့ စာအုပ် ထုတ်ဝေ သူတွေက ဆိုပါတယ်။
““စာအုပ် ရောင်းချမှုဟာ အခုဆို အရင်ကထက် (၆၀) ရာခိုင်နှုန်း လောက် ကျဆင်း သွားတယ်။ ကိုယ်တောင် ဘယ် အချိန်အထိ တောင့်ခံ နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ်”” လို့ (၃၁) လမ်း အထက် ဘလောက်မှာ (၁၉) နှစ် ကြာ စာအုပ် ဖြန့်ချိမှုကို တစ်စိုက် မတ်မတ် လုပ်နေတဲ့ ကိုလတ် စာပေက ကိုထွန်းထွန်းသန့် က ပြောပါတယ်။
နယ်တွေကို စာအုပ်တွေ ဖြန့်ချိတဲ့ အခါမှာ အရင်ကဆိုရင် ကလောင် သစ်တွေကို နေရာပေးတဲ့ အနေနဲ့ အောင်မြင်တဲ့ စာအုပ်တွေနဲ့ ရောထည့်ပြီး ရောင်းချ ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း မှာတော့ လုံးဝ ထည့်မပေးဖို့နဲ့ ထည့်လာရင် သယ်ယူ ပို့ဆောင် စရိတ်ကို ဖြန့်ချိသူက ပေးရမယ်လို့ အကြောင်း ပြန်တာကြောင့် ကလောင် အသစ်တွေရဲ့ စာအုပ် အသစ်တွေ ဆိုရင် ဖြန့်ချိဖို့ ၀န်လေး နေတယ်လို့ သူက ဆိုပါတယ်။
စာပေ ရေးသားမှုကို လွတ်လပ်စွာ ရေးသား ခွင့်ပေးလိုက်တဲ့ အချိန်မှာတော့ ခေတ် အဆက်ဆက် ပိတ်ပင် ခံရတဲ့ နိုင်ငံရေး စာအုပ်တွေ၊ အစိုးရကို ဝေဖန် ထားတဲ့ ဆောင်းပါး တွေဟာ ဒလဟော ထွက်ရှိလာပြီး စာအုပ် ထုတ်ဝေ သူတွေကလည်း နိုင်ငံရေး စာအုပ် တွေကိုပဲ ထုတ်ဝေဖို့ ပိုအာရုံ စိုက်လာပါတယ်။ အရင် ခေတ် အဆက်ဆက်က အောင်မြင်မှုတွေ ရထားတဲ့ စာရေး ဆရာတွေရဲ့ စာအုပ်တွေကို ပုံစံ အသစ်နဲ့ ထုတ်ဝေ ရောင်းချနေပြီး အခြား သုတ၊ ရသ စာအုပ်တွေ ကိုတော့ ပုံမှန် အစဉ်တစိုက် ထုတ်ဝေတဲ့ စာအုပ်တိုက်တွေ ကသာ အရှုံးခံပြီး ထုတ်ဝေ နေတယ်လို့ ထုတ်ဝေ သူတွေက ဆိုပါတယ်။
““စီးပွားရေး အခြေအနေ မကောင်းတဲ့ အတွက် အရမ်း ကြိုက်တဲ့ စာအုပ်မှ မဟုတ်ရင် ၀ယ်ဖို့ လက်တွန့် နေကြတယ်။ အိမ်ထောင်ရှင် ဖြစ်သွားရင်တော့ လုံးဝ မ၀ယ်နိုင် ကြတော့ဘူး”” လို့ ကောင်းသန့် စာပေတိုက်မှ ထုတ်ဝေသူ စာရေးဆရာ ဦးကောင်းသန့် က ပြောပါတယ်။
ဘာကြောင့်လဲ ဆိုတော့ စာအုပ် တစ်အုပ်ရဲ့ တန်ဖိုးဟာ ကျပ်နှစ်ထောင် အထက်မှာရှိပြီး နာမည်ကြီး သူတွေရဲ့ စာအုပ်ဆိုရင် ကျပ်ရှစ်ထောင်ကနေ ကျပ်နှစ်သောင်း နီးပါး အထိ ရှိနေပါတယ်။ ဒီလို စာအုပ် ဈေးတက် လာတာဟာ စက္ကူဈေးနှုန်း၊ ကော်မရှင်ခ၊ တက်သွားတဲ့ မီတာခတွေ အပြင် ဈေးနှုန်း မြင့်လာတဲ့ ပုံနှိပ်စက် ဖိုးတွေကြောင့် ဖြစ်ပါတယ်။
““နည်းနည်းပဲ ရောင်းရမယ့် အတူတူ ဈေးတင်ပြီး ရောင်းတာက အမြတ် ရနိုင်လို့ အခုလို အမြတ်တင် ရောင်းချ ရတာပါ””လို့ ဦးကောင်းသန့်က ဆိုပါတယ်။
စာပေ လွတ်လပ်ခွင့် ရပြီးနောက် မြန်မာနိုင်ငံမှာ သတင်းစာတွေ ဂျာနယ်တွေ အကန့် အသတ်မရှိ ထွက်လာ ခဲ့ပါတယ်။ မဂ္ဂဇင်း၊ ၀တ္ထုတွေလည်း နာမည် အမျိုးမျိုး၊ ပုံစံ အမျိုးမျိုးနဲ့ နှစ်ပေါင်းများစွာ ပြည်သူတွေ တောင့်တတဲ့ အရေးအသား မျိုးတွေကို ထည့်သွင်း ဖော်ပြ လာပါတယ်။ အွန်လိုင်း မီဒီယာလည်း ကျယ်ပြန့်လာ တဲ့အတွက် ကြော်ငြာခ သက်သာပြီး လူတန်းစား မျိုးစုံ ဖတ်ရှုနိုင်ဖို့ အတွက် အွန်လိုင်း မီဒီယာကို အားကိုးလာတာ ကိုလည်း တွေ့ရပါတယ်။ အွန်လိုင်း မီဒီယာမှာ ဖတ်ရှုမှုတွေ များလာတာ ကြောင့်လည်း စာအုပ် အရောင်းဟာ တဖြည်းဖြည်း ကျလာတယ်လို့ ရယ်စရာ မဂ္ဂဇင်း ထုတ်ဝေတဲ့ ပီကာ မီဒီယာက ကိုလူဇော်သစ်က ပြောပါတယ်။
မြန်မာ့ စာပေ တိုးတက်ရေး၊ ပြည်သူတွေ အသိဉာဏ် ထက်မြက်ရေး ဆိုတဲ့ မူဝါဒ တချို့နဲ့ အစိုးရက ပြည်နယ်တိုင်းမှာ စာကြည့် တိုက်ပေါင်း ငါးသောင်းကျော် ဖွင့်လှစ်ပေး ထားပေမယ့် ဘဏ္ဍာရေး အခြေအနေ၊ စိတ်ဝင်စားမှု အားနည်းခြင်း၊ ရေရှည် လုပ်ကိုင်နိုင်မှု မရှိခြင်း၊ စာအုပ်ဖတ်သူ လျော့နည်း သွားခြင်းတို့ကြောင့် အခုဆိုရင် အမှန်တကယ် လည်ပတ်တဲ့ စာကြည့်တိုက်ဟာ ခြောက်ထောင် နီးပါးသာ ရှိတော့တယ်လို့ ပြန်ကြားရေး ဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ စာကြည့်တိုက် တွေသာ ပုံမှန် လည်ပတ် နေရင်တော့ ထုတ်ဝေသူတွေ အနေနဲ့ အခုလို အခြေ ပျက်မှာ မဟုတ်ဘူးလို့ စာပေ ထုတ်ဝေ ဖြန့်ချိသူတွေက ဆိုပါတယ်။
စာအုပ်တွေ သယ်ယူ ပို့ဆောင်ပါက အထူး ဈေးနှုန်းနဲ့ လုပ်ဆောင်ပေးဖို့၊ အခန်းခ ဈေးတက် ခြင်းကြောင့် မဖွင့်နိုင်တဲ့ စာအုပ် အရောင်း ဆိုင်တွေကို ချိုသာတဲ့ ဈေးနှုန်းနဲ့ သီးသန့် စာအုပ် စင်တာတွေ ပြုလုပ်ပေးဖို့၊ လုပ်ငန်းရှင် ကြီးတွေက ဦးဆောင်ပြီး စာကြည့်တိုက် မရှိတဲ့ မြို့နယ်တွေကို ထောက်ပံ့ပေးဖို့၊ မြို့နယ် စာကြည့်တိုက် အသင်းတွေ ပေါ်ထွက်လာပြီး တည်တံ့စွာ ရှိစေဖို့၊ ထုတ်ဝေသူနဲ့ အရောင်းဆိုင်တွေ အကြား ရင်းနှီးမှု ရစေဖို့၊ လုပ်ငန်း သဘော သဘာဝကို ပွင့်လင်းစွာ ချပြနိုင်ဖို့ အတွက် မကြာခဏ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ စတဲ့ အချက်တွေကို ဆောင်ရွက်မှသာ စာအုပ် စာပေလောက တည်မြဲမှာ ဖြစ်တယ်လို့ ၂၀၁၃ အောက်တိုဘာ (၂၀) ရက် နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူ နှင့် ဖြန့်ချိသူများ အလုပ်ရုံ ဆွေးနွေးပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့ စာပေ လောကက ကျဉ်းမြောင်းပြီး ဈေးကွက် ကလည်း ငယ်တဲ့ အတွက် စာရေးသူတွေ၊ ထုတ်ဝေသူတွေ၊ ဖြန့်ချိသူတွေ၊ ရောင်းချသူ တွေဟာ ခက်ခဲစွာနဲ့ စာပေလောကကို ဖြတ်သန်း နေရပါတယ်။ ၀ါသနာအရင်း တည်နိုင်မှာသာ တောင့်ခံနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပြည်ပ နိုင်ငံတွေမှာတော့ စာအုပ်တစ်အုပ် ထွက်လိုက်ရင် ကမ္ဘာအနှံ့ ဖြန့်ချိနိုင်ပြီး ဘာသာ စကားမျိုးစုံနဲ့ ထုတ်ဝေမှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ ဒါဟာ ထုတ်ဝေမှု ကွန်ရက်၊ နိုင်ငံအချင်းချင်း ချိတ်ဆက်နိုင်မှု အားကောင်း တာကြောင့်လို့ ဆိုရပါမယ်။ မြန်မာ နိုင်ငံကတော့ အိမ်နီးချင်း နိုင်ငံ ကိုးနိုင်ငံနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ပြီး နိုင်ငံအချင်းချင်း ဖလှယ် နိုင်တယ်လို့ သိရပါတယ်။
““သူတို့ နိုင်ငံကို ပို့ရင် အင်္ဂလိပ်စာ အရေးအသား၊ စာအုပ် ကွာလတီက တန်းတူ နီးပါးရှိမှ ဖြစ်မှာ။ ပြီးရင် မြန်မာနိုင်ငံက စာအုပ် တစ်ထောင်ပဲ ထုတ်တာ။ သူတို့ နိုင်ငံကို ပို့ရင် အနည်းဆုံး အုပ်ရေ နှစ်သောင်းလောက် မှ ဖြစ်မှာ။ ရောင်းရရင်တော့ ကောင်းတာပေါ့၊ မရောင်းရရင် ဘယ်လို လုပ်မလဲ။ ဘာမှ လုပ်လို့မရဘူး””လို့ ဦးကောင်းသန့် က ပြောပါတယ်။
လက်ရှိ အချိန်ထိတော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ထိထိ ရောက်ရောက် စာပေဖလှယ်ဖို့ ကိစ္စဟာ အလှမ်းဝေး နေသေးတယ်လို့ သူက ဆိုပါတယ်။ နိုင်ငံတော် အနေနဲ့ ကတော့ လက်ရှိမှာ ပြည်သူတွေ နေရာမရွေး၊ အချိန်မရွေး စာဖတ်နိုင်အောင်၊ စာပေ ရေချမ်းစင်တွေ၊ နယ်လှည့် စာကြည့်တိုက်တွေ၊ E-book စနစ်တွေကို တိုးချဲ့ ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ စာအုပ်တွေကိုမှ နှစ်ခြိုက်တဲ့ စာဖတ်သူတွေ အတွက် သင့်တင့်တဲ့ ဈေးနှုန်း၊ အလွယ်တကူ ရရှိနိုင်မယ့် နေရာ ဒေသတွေကို ဖန်တီး ပေးသင့်တယ်လို့ စာအုပ် ထုတ်ဝေ သူတွေက ဆိုပါတယ်။
တစ်လ ၀င်ငွေ တစ်သိန်းနဲ့ သုံးသိန်းကြား ရရှိပြီး အသက်အရွယ် (၂၀) ကနေ (၄၅) ကြား အမျိုးသား၊ အမျိုးသမီး အယောက် (၃၀) ကို အသေးစား စစ်တမ်းတစ်ခု ပြုလုပ် ခဲ့ရာမှာတော့ (၁၀) ယောက်က စာအုပ်ကို လုံးဝ မ၀ယ်ဘဲ အင်တာနက်မှ ကူးယူခြင်း၊ စာကြည်တိုက်သို့ သွားရောက် ဖတ်ရှုခြင်း၊ (၁၃) ယောက်က တစ်ခါတရံ စာအုပ်ဝယ် ဖတ်သော်လည်း အလုပ်နဲ့ သက်ဆိုင်တဲ့ စာအုပ်ကိုသာ ၀ယ်ဖတ်ခြင်း၊ ကျန် (၇) ယောက်က စာအုပ် အငှားဆိုင်မှ ငှားယူ ဖတ်ရှုခြင်းနဲ့ ဂျာနယ် မဂ္ဂဇင်းများသာ အများဆုံး ဖတ်ဖြစ်တာကို တွေ့ရပါတယ်။
လက်ရှိ အခြေအနေဟာ ဆိုရင် ကြက်ဥ ဘယ်ကရ ကြက်မကရ၊ ကြက်မက ဘယ်ကဖြစ် ကြက်ဥက ဖြစ်နဲ့ ဖြေရှင်းလို့ မရတဲ့ သံသရာ ဖြစ်နေပါတယ်။ စာဖတ်သူ မရှိတဲ့ အတွက်ကြောင့် စာအုပ် မရောင်းရ တာလား၊ စာအုပ်ဈေးတွေ ဈေးကြီးတာကြောင့် စာအုပ် ဖတ်တဲ့သူတွေ မရှိ တော့တာလား။
သန့်ရှင်းတဲ့ တိုင်းပြည်၊ ကောင်းမွန်တဲ့ တိုင်းပြည်၊ ထက်မြတ်တဲ့ တိုင်းပြည် ဖြစ်ဖို့အတွက် ပြည်သူတွေရဲ့ အသိဉာဏ်၊ ဝေဖန် ပိုင်းခြားနိုင်မှုက အရေးကြီးပါတယ်။

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+