ကလေးတွေ အမှားပြုလုပ်ပြီးတဲ့ နောက်မှာ

Jack Canfield က အမေရိကန် နာမည်ရ ကလေး စိတ်ရောဂါ ပညာရှင်ဖြစ်တယ်။ တစ်ခါက ကလေးတွေကို ပညာပေးရေး အကြောင်း ဆွေးနွေးတော့ ပုံပြင်၃ပုဒ်ကို သူပြောပြ သွားခဲ့ပါတယ်။

ပထမပုံပြင်က သူ့သမီးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ လေးပါ။ တစ်ခါက သူတို့ ဇနီးမောင်နှံနဲ့ သမီးတို့ အပြင်မှာ အစာထွက်စားကြပါတယ်။ အစာစားနေချိန် အတွင်းမှာ အသက် ၇နှစ်အရွယ်သူ့သမီးက ဖန်ခွက် အပြည့်ထည့်ထားတဲ့ အချိုရည်ကို မှောက်လိုက်မိပါတယ်။ မှောက်သွားတဲ့ အချိုရည်ကို သမီးက ကိုယ်တိုင်သုတ်ပြီး သူတို့ကို အခုလိုပြောပါတယ်။

“ဖေဖေနဲ့မေမေ… ဖေဖေနဲ့မေမေကို သမီးကျေးဇူးတင်ကြောင်း စကားတစ်ခွန်းပြော ချင်ပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ တခြားမိဘတွေလို ဖေဖေမေမေတို့ မပြုမူခဲ့လို့ပါ။ တကယ်လို့ ဒီလိုအမှားမျိုးကို သမီး သူငယ်ချင်းလုပ်ခဲ့ မိရင် သူ့မိဘတွေက သူ့ကိုအော်ဟစ် ဆဲဆိုပြီး သူ့ကို အလုပ်လုပ်တာ သတိမထားရကောင်း လားလို့  ဝေဖန် အပြစ် တင်ပါတယ်။ ဖေဖေမေမေတို့က ဒီလိုမလုပ်ခဲ့တဲ့အတွက် သမီးကျေးဇူးတင်ပါတယ်”

ဒုတိယပုံပြင်က တစ်ခါက Jackနဲ့မိတ်ဆွေတချို့ မိတ်ဆုံ စားပွဲပြုလုပ်ခဲ့ကြတယ်။ အစာစားနေတုန်းမှာ အပေါ်က အဖြစ်အပျက်လိုပဲ မိတ်ဆွေတစ်ယောက်ရဲ့ ၅နှစ်သားကလေးက နွားနို့တစ်ခွက်ကို မတော်တဆမှောက်လိုက် မိပါတယ်။ ကလေးရဲ့ဖခင်က ကလေးကို အပြစ်ပြောမယ့်ဆဲဆဲမှာ Jackက ကိုယ့်ရှေ့ကရေခွက်ကို တမင် သက်သက် အမြန်မှောက်ပစ် လိုက်ပါတယ်။ မှောက်သွားတဲ့ ရေတွေကို သူသုတ်ပြီး သူ့ကိုယ်သူ လှောင်ရယ်ရင်း သူ့အသက် ၄၈နှစ်ရှိပြီဖြစ်တာတောင် သတိလက်လွတ်နဲ့ ရေကိုမှောက်လိုက် မိတတ်သေးတယ်လို့ ဆိုပါတယ်။ ၅နှစ်သားကလေးရဲ့မျက်နှာပေါ်မှာ အပြုံးရိပ်ထင်သွားပါတယ်။ အပြစ်ပြောမယ်ပြင်နေတဲ့ ကလေးရဲ့ဖခင်ဟာလည်း Jack ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး ကလေးကို အပြစ်မပြောတော့ပါဘူး။

တစ်ခါတလေမှာ လူကြီးတွေဟာ လူ့ဘဝဆိုတာ အမြဲမပြတ်သင်ယူနေတဲ့ ဖြတ်သန်းမှုတစ်ခု ဆိုတာကို အလွယ် တကူ မေ့လိုက်တတ်ကြပါတယ်။

ဒီပုံပြင်နှစ်ပုဒ်မှာ လူကြီးတွေသိထားရမှာက ကြီးပြင်းဆဲကလေးတစ်ယောက်အတွက် “အမှားလုပ်တယ်”ဆိုတာ မရှိပါဘူး။ ဒါဟာ သူတို့အတွက် “အတွေ့အကြုံ”ပါ။ ကြီးပြင်းခြင်းဆိုတာ “အမှားလုပ်မိရင် ထပ်ပြင်”ဆိုတဲ့ ဖြတ်သန်း မှုပါ။ “ရှုံးနိမ့်တဲ့”အတွေ့အကြုံပဲဖြစ်ဖြစ် “အောင်မြင်တဲ့” အတွေ့အကြုံပဲဖြစ်ဖြစ် ဘဝအတွက် တန်ဖိုးရှိပါတယ်။

တတိယပုံပြင်က သိပ္ပံပညာရှင် Stephen Glennအကြောင်းဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်းမှာ Stephen Glennဟာ ဆေးပညာလောကမှာ အောင်မြင်မှု တော်တော်များများကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့ သူ့ဆီမှာ သာမန်လူတွေ ထက် ပိုထက်မြက်တဲ့ တီထွင်ဆန်းစစ်ဉာဏ်တွေ ရှိရသလဲလို့ သတင်းထောက်တွေက သူ့ကိုမေးမြန်းစဉ်မှာ သူက သူ့ငယ်ဘဝ အတွေ့အကြုံ တစ်ခုကို ဒီလိုပြောပြသွားခဲ့ပါတယ်။

အဲဒီနေ့က သူ့ဟာ ရေခဲသေတ္တာထဲကနေ နွားနို့ပုလင်းကို ထုတ်ခဲ့ပါတယ်။ နွားနို့ပုလင်း ကိုင်ပြီး ခြေလမ်းအနည်း ငယ် လှမ်းမိချိန်မှာပဲ နွားနို့ပုလင်းဟာ လက်ထဲက မတော်တဆ လွှတ်ကျသွားခဲ့ပါတယ်။ မီးဖိုချောင်တစ်ခုလုံး နွားနို့ ပင်လယ်ဖြစ်သွားခဲ့ပါတယ်။

Stephenရဲ့မေမေဟာ ပုလင်းကွဲသံကြားတာနဲ့ မီးဖိုထဲရောက်လာခဲ့ပါတယ်။ နွားနို့တွေ ဖိတ်စင်နေတာကို မြင်ပေမယ့် မေမေဟာ စိတ်မတိုခဲ့ဘူး၊ သူ့ကို အပြစ်မတင်ခဲ့ဘူး၊ မဆူမဆဲခဲ့ပါဘူး။

“ဟာ… နွားနို့တွေ ကြမ်းပြင်ပေါ်ဒီလောက်ဖိတ်ကျတာကို မေမေတစ်ခါမှမမြင်ဖူးခဲ့ဘူး။ သိပ်စိတ်ဝင်စားဖို့ ကောင်း တာပဲ…။

ဒီလိုလုပ် သားလေး… နွားနို့တွေ ဖိတ်သွားပြီဆိုမှတော့ ကြမ်းပြင်ကို မေမေတို့ မသန့်ရှင်းခင် ဒီနွားနို့တွေနဲ့ သားဆော့ကစားမလား။ မေမေထင်တယ်… နွားနို့နဲ့ကစားတယ်ဆိုတာ သိပ်ပျော်စရာကောင်းမှာပဲလို့”

မေမေဟာ သူ့ကိုအပြစ်မတင်တဲ့အပြင် ဒီလိုပြောလိုက်တဲ့အတွက် သူဟာ တကယ်ပဲ နွားနို့နဲ့ ကစားပါတော့တယ်။ မိနစ်အနည်းငယ်အကြာမှာ မေမေက “ဒီနွားနို့တွေကို သားလုပ်ဖိတ်လိုက်တာဆိုတော့ သားကပဲ ဒီကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ရမယ်နော်။ မေမေမှာ ရေမြှုပ်ရှိတယ်၊ အဝတ်စရှိတယ်၊ ကြမ်းတိုက်တံရှိတယ်… ဘယ်တစ်ခုကို သားသုံးချင်သလဲ”လို့ ပြောပါတယ်။ သူက ရေမြှုပ်ကိုရွေးခဲ့ပြီး မေမေနဲ့အတူ ကြမ်းပြင်ကို သန့်သန့်ရှင်းရှင်း လှည်းကျင်း ခဲ့ပါတယ်။

တဆက်တည်းမှာ မေမေက သူ့ကိုပြောပါတယ်။

“အခုနားက သား နွားနို့ပုလင်းယူတာ ကျကွဲသွားတယ်။ ဒါဟာ သားရဲ့လက်သေးသေးလေးနဲ့ နွားနို့ပုလင်းကြီး တစ်ပုလင်းကို ဘယ်လိုကိုင်တွယ် ယူရမယ်ဆိုတာကို သားနားမလည် သေးလို့ပါ။ အခု မေမေတို့ခြံထဲဆင်းပြီး ပုလင်းတစ်လုံးထဲမှာ ရေအပြည့်ဖြည့်လိုက်မယ်။ အဲဒီပုလင်းကို မလွှတ်ကျအောင် သားဘယ်လို ကိုင်တွယ် ယူဆောင်မယ် ဆိုတဲ့ နည်းကောင်းတစ်ခုကို သားတွေ့နိုင်မတွေ့နိုင် မေမေတို့ စမ်းကြည့်ကြမယ်”

သူအကြိမ်ကြိမ် လက်တွေ့ လေ့ကျင့်ပြီးတဲ့နောက်မှာ တကယ်လို့ ပုလင်းဝကို လက်နှစ်ဖက်နဲ့ ကိုင်တွယ်ရင် ပုလင်း အလွယ်တကူ မလွှတ်ကျတတ်ကြောင်းကို သူသိခဲ့ရပါတယ်။ ဒါဟာ ဘယ်လောက် လက်တွေ့ကျပြီး မှတ်သားဖွယ် ကောင်းလိုက်တဲ့ သင်ခန်းစာလဲ။

နောက်ပိုင်းမှာ အဲဒီသိပ္ပံပညာရှင်ဟာ သူ့အမှတ်တရတွေကို ပြန်ပြောင်းပြောရာမှာ သူဟာ အဲဒီအရွယ်ကစ အမှား လုပ်မိတယ်ဆိုတာ ကြောက်စရာကောင်းတဲ့ အရာမဟုတ်ကြောင်း သိရှိခဲ့တယ်လို့ ဆိုပါတယ်။ အမှားပြုလုပ် မိတာ ဟာ အသိပညာ၊ ဗဟုသုတအသစ်ကို စတင်သင်ယူခြင်းဖြစ်ပါတယ်။ သိပ္ပံပညာရဲ့ခက်ခဲနက်နဲမှုတွေကိုလည်း အမှားတွေအကြိမ်ကြိမ်ပြုလုပ်မိပြီးမှ နောက်ဆုံးမှာ မှန်ကန်တဲ့ဖြေရှင်းနည်းကို ရှာတွေ့တာဖြစ်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

------
မူရင်းရေးသားသူ-- Dèng dí

မူရင်းလင့် -- ၂ဝဝ၇ခုနှစ် အမှတ်စဉ် ၂၁ နိုဝင်ဘာလထုတ် Readers မဂ္ဂဇင်းမှ

နိုင်းနိုင်းစနေ ( Oct. 7. 2014)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...