ကျောင်းခေါင်းလောင်းသံ အောက်က ဘဝများ
Written by အိဟေမာ
ရွှေပြည်သာ အမက(၃) ကျောင်းလေး၏ နေ့လယ် ထမင်းစား ကျောင်းဆင်းချိန်က အခြားမူလ တန်း ကျောင်းများနှင့် ကွာခြားကောင်း ကွာခြားနိုင် ပါသည်။ ထမင်းစား ကျောင်းဆင်း ချိန် ခေါင်းလောင်းထိုး သည့်တိုင် ကလေးတချို့က ထမင်းဘူးကိုလည်း မဖွင့်၊ အိမ်ကို လည်းပြန်မစားဘဲ ကျောင်းအနီးမှာသာ တဝဲလည်လည် ရှိနေကြမည်သာ။
‘ထမင်းစား ကျောင်းဆက်လိုက်ပြီ။ အိမ်မပြန်သေးဘူးလား။ သားဘာဖြစ်လို့လဲမေးရင် ထမင်းမချက်ရ သေး ဘူး။ ဆန်သွားမဝယ်ရသေးဘူး။ အမေပြန်မလာသေးဘူး လို့ပြောတယ်’ အမက(၃)ကျောင်းမှ အသက် ၅၈ နှစ်အရွယ်ရှိသော ကျောင်းအုပ်ဆရာကြီး ဦးထွန်းမင်းကပြောပြသည်။
‘ဒီကျောင်းမှာ တတ်တဲ့ ကလေးတော်တော် များများက ဆင်းရဲကြပါတယ်’ ဟုကျောင်းအုပ်ကြီးက ဆိုသည်။
ရွှေပြည်သာမြို့နယ် အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်းလေးသည် ရွှေပြည်သာ(ဍ)(၁၈) ရပ်ကွက် ရှိ နွမ်းပါးသော မိသားစုများ၏ သားသမီးများ ပညာသင်ကြားနေသည့် ကျောင်းတစ်ကျောင်း ဖြစ်သည်။
ကျောင်းဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် လူသွားလမ်းလေး၏ ဘေးတစ်ဖက်စီတွင် ဗေဒါပင်၊ ကန်စွန်း ပင်၊ မြက်ပင်များရောယှက်ပေါက်နေသော ရေအိုင်ကြီးနှစ်အိုင်က နေရာယူထားသည်။ အမက(၃) ကျောင်း မှာ စာသင်ခန်းခြောက်ခန်းရှိသည့် ကျောင်းဆောင် တစ်ခုတည်းသာ ရှိပါသည်။
မိုးပြာရောင် ဆေးသုတ်ထားသည့် တစ်ထပ်ကျောင်းဆောင်ကြီးက အသစ်စက်စက်ကျောင်း တစ် ကျောင်းဖြစ်ကြောင်း ဖော်ပြနေသည်။
ကျောင်းဘေးပတ်ဝန်းကျင်တွင် ဓနိမိုး၊ ထရံကာ၊ ဝါးဖြင့်ဆောက်လုပ်ထားသော အိမ်တန်းလျားများက ပတ်လည်ဝိုင်းနေသည်။ အိမ်တန်းလျားများကြားတွင် အနည်းငယ်တောင့်တင်းသော အိမ်နှစ်အိမ်ခန့် သာရှိသည်။
ရပ်ကွက်အတွင်းနေထိုင်လျက်ရှိသော မိသားစုအများစုသည် ရွှေ့ပြောင်းလုပ်သားများဖြစ်ကြပြီး အုတ်၊ သဲ၊ ကျောက်သယ်၊ အထမ်းသမား၊ ပုစွန်ခေါင်းချိုးစသော အလုပ်များဖြင့်အသက်မွေးဝမ်းကျောင်းပြုကြ ရတာ ထိုမိသားစုများ၏ သားသမီးများက အမက(၃) ကျောင်းတွင် တက်ရောက်နေကြခြင်းဖြစ်သည်။
ကျောင်းကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောက်ထမ်း၊ သဲထမ်းလုပ်ငန်း ရှင် ၃၀ တို့ကမတည်ကာ ရပ်ရွာမှကိုယ့်အားကိုယ်ကိုးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၄၀ ကျော်တွင် မိမိတာဝန်ကျရာ အဆိုပါ ကျောင်း သည်နွမ်းပါးသော ကျောင်းသားများတက်ရောက်ရာ ကျောင်းတစ်ကျောင်းအဖြစ် ထိပ်ဆုံးက နေရာယူ ထားကြောင်း ကျောင်းအုပ်ကြီးက ဖွင့်ဟသည်။
အမက(၃)တွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၄၇ ဦးရှိပြီး ဆရာ၊ ဆရာမအင်အားမှာလည်း ငါးဦးမျှသာရှိ၍ ဖွဲ့စည်းပုံအရ ကျောင်းဆရာလေးဦးခန့် လိုအပ်လျက်ရှိ သည်။
စာသင်ခန်းမှာ ခြောက်ခန်းသာရှိသောကြောင့် ကျောင်းသားဦးရေဖြင့် မလုံလောက်ဘဲ ကျောင်းအုပ် ကြီးရုံးခန်း၌ပင် ခုံတန်းလျားရှည်ကြီးများက နေရာယူထားသည်။
‘ရုံးခန်းက သီးသန့်မရှိသေးဘူး။ ရုံးခန်းမှာပါ စာသင်ရတယ်’ ဟု ကျောင်းအုပ်ကြီးက သူ၏ရုံးခန်းအ တွင်းရှိ ခုံတန်းလျားရှည်များကို လက်ညှိုးညွှန်ပြရင်း ပြောဆိုသည်။
ကျောင်းသားအများစုဆင်းရဲလွန်းသောကြောင့် ကျောင်းအပ်ပါက ရရှိသောဗလာစာအုပ်နှင့် ပိုက်ဆံ ၁၀၀၀ ကိုယူကာကျောင်းလာမတက်ကြကြောင်း သိရသည်။
‘ကျောင်းတက်တာကို အခွင့်အရေးတစ်ရပ်လိုချင်လို့ တက်လာကြများတယ်’ ဟု ဦးထွန်းမင်းက ဆက် လက်ရှင်းပြသည်။ သူကမိဘတချို့ကိုလည်း အပြစ်တင်သည်။
‘သားသမီးတွေဆီကရတဲ့ဟာတွေကို ရောင်းစားတယ်။ ပေါင်စားတယ်’ ဟုကျောင်းအုပ်ကြီးက ရှင်းပြ သည်။
ပုံမှန်ကျောင်းတက်ချိန် ၃ နာရီနောက်ပိုင်းမှာပင်လျှင် စာသင်သံ၊ စာအံသံများ မပြီးဆုံးသေးဘဲရှိသည် ကအမက (၃)ကျောင်းပင်ဖြစ်သည်။
ပုံမှန်ကျောင်းပင်မတက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၉ ဦးကိုကျောင်းပြင်ပ ပညာရေး ဖြင့် တစ်ပတ်လျှင် ခြောက်ရက်သင်ကြားပေးနေခြင်းဖြစ်သည်။ တစ်နေ့လျှင် စာသင်ချိန်နှစ်နာရီခွဲခန့် သာ အချိန်ပေးရသည်။
တက်ရောက်သူအများစုကတော့ အခြေခံပညာမူလတန်းကို တစ်ဝက်တစ်ပျက်နှင့် မပြီးဆုံးသေးသူ များ၊ အလုပ်လုပ်ရင်းသင်ယူနေကြသည့် အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြားအရွယ်ကလေးများပင်ဖြစ် သည်။ ကျောင်းပြင်ပ ပညာရေးကို အဆင့်(၁) တွင် တစ်နှစ်၊ အဆင့် (၂) တွင် တစ်နှစ်စသည်ဖြင့် နှစ် နှစ် သင်ယူပြီးလျှင် အခြေခံပညာအလယ်တန်းကို ဆက်လက် သင်ယူနိုင်မည်ဖြစ်သည်။
‘သမီးကျောင်းပြင်ပမှာလာတက်တာက အလုပ်လည်းလုပ်မယ်။ ကျောင်းလည်းတက်မယ်’ ဟုအသား ညိုညို သနပ်ခါးပါးကွက်ကျားနှင့်ဆံပင်ကို ကြက်တောင်နှစ်ဖက် စည်းထားသောအသက် ၁၄ နှစ်အ ရွယ် မိန်းကလေး တစ်ဦးဖြစ်သည့် ရတနာက အသံတိုးတိုးလေးဖြင့်ပြောပြသည်။
‘သမီးမူလတန်းကျောင်းပြီးရင် သမီးကျောင်းဆက်တက်လို့မရဘူး။ သမီးအမေကို လုပ်ကျွေးရဦးမှာ။ သမီးမှာအဖေမရှိတော့ဘူး။ အမေကလည်းအသက်ကြီးနေပြီ’ ဟု သူမကဆိုသည်။
အမေကိုလုပ်ကျွေးရမည်ဟု ပြောခြင်းမှာသူမ၏ အဘွားကိုပြောခြင်းဖြစ်သည်။ ရတနာတွင် မောင်နှမ သုံးယောက် ရှိပြီး သူမကအကြီးဆုံးဖြစ်သည်။ အဘွားနှင့်နေရပြီး ကျောက်ထမ်းသည့်အလုပ်ကို လုပ်ကိုင် လျက်ရှိသည်။
‘အမေတို့က ဟိုးမှာနေတာ။ အမေက နောက်ယောက်ျားနဲ့။ မောင်လေးနဲ့ညီမလေးက အမေနဲ့အတူနေ တယ်’ ဟု ရတနာကမျက်နှာငယ်လေးနှင့် ပြောပြသည်။
တစ်နေ့ကျပ် ၁၂၀၀ ခန့်ရသည့်လမ်းခင်းကျောက်ထမ်းသည့် အလုပ်ကိုသူမလုပ်သည်။ တစ်တောင်း ထမ်းလျှင် ကျပ်နှစ်ဆယ်ရသည်ဟု ရတနာကပြောပြသည်။ တစ်နေ့တောင်း ၆၀ ခန့်ထမ်းရသည့်အ လုပ်ကသူမ ပခုံးမှာကြီးမားသည့် ဒဏ်ရာတစ်ခုကိုပေးခဲ့သည်။
‘အခုပခုံးမှာ အနာဖြစ်နေတော့ ကျောက်သိပ်မထမ်းနိုင်ဘူး။ အနာကတောင်းနဲ့ပွန်းပြီး ဖြစ်သွားတာ’ ဟုသူမ၏ ပခုံးမှအနာကို လှန်ပြရင်းဆိုသည်။
နီရဲပြီး အသားကို လှိုက်စားထားသည့် ဒဏ်ရာကိုတွေ့ရသည်။
ကျောင်းပြင်ပပညာရေးဖြင့် မူလတန်းပြီးပါက လက်မှုပညာဆက်သင်မည်ဟု တတိယတန်းဖြင့် ကျောင်း ထွက် ကာ ကျောင်းပြင်ပပညာရေးတွင် အဆင့် (၂) ပညာကိုသင်ယူလျက်ရှိသည့် အသားဖြူ ဖြူပိန်ပိန်လျလျ ခန္ဓာကိုယ်ရှိသော အသက် ၁၂ နှစ်အရွယ် ကျောင်းသားမောင်သန့်ဇင်အောင်က ပြော ပြသည်။
‘သားက ပုစွန်အရေခွံခွာတာ။ တစ်နေ့ကိုကျပ် ၁၀၀၀၊ ၁၂၀၀ လောက်ရတယ်’ ဟု ခပ်သွက်သွက်အသံ ဖြင့် သူကပြောပြသည်။
ပုစွန်အခွံခွာအလုပ်ကို တစ်နေ့လျှင် နံနက် ၇ နာရီမှ ည ၈ နာရီအထိလုပ်ရပြီး လုပ်အားခမှာ ပုစွန် အကောင်သေး တစ်ကီလိုလျှင် ကျပ် ၇၀ ရသည်ဟု မောင်သန့်ဇင်အောင်က ဆိုသည်။ အလုပ်လုပ်နေ သည့်ရက်များမှာ ကျောင်းမတက်နိုင်ဘဲ အလုပ်မလုပ်သည့် နေ့များတွင်သာ တစ်နေ့လျှင် အချိန်နှစ်နာရီ ခွဲခန့်သာပေးရသည့် ကျောင်းပြင်ပ၌ လာရောက် တက်ခြင်းဖြစ်သည်။
‘အိမ်မှာ အဖေကရောဂါဖြစ်နေတယ်။ အမေအလုပ်လုပ်တာ တစ်နေ့ကိုနှစ်ထောင်လောက်ပဲရတာ’ ဟု မောင်သန့်ဇင်အောင်က သူအလုပ်လုပ်ရသည့် အခြေအနေကိုဖွင့်ဟသည်။
ကျောင်းပြင်ပ ပညာရေးတွင် တက်ရောက်နေသော ကလေးများကို မျက်နှာထိမျက်နှာထားဖြင့် ဆက် ဆံ၍မရကြောင်း၊ ကိုယ်တိုင်သိမ်ငယ်နေသောကြောင့် ထိုသို့ဆက်ဆံပါက နောက်ရက်တွင်ကျောင်းမ လာတော့ကြောင်း အသားညိုညို အသက် ၄၀ ကျော်အရွယ်ခန့်ရှိသော ဆရာမဒေါ်နိုင်နိုင်အေး က ပြောပြသည်။
‘ကျောင်းချိန်ကို ၄ နာရီသတ်မှတ်ထားတာ။ ဒါပေမဲ့သူတို့မအားလို့ မလာနိုင်ဘူးဆိုရင် အိမ်ကိုလိုက် သွားပြီးတော့ သူတို့ဘယ်အချိန်အားလဲ။ အားတဲ့အချိန်ကိုစောင့်တယ်’ ဟုကျောင်းပြင်ပ ပညာရေး၏ ခက်ခဲပုံကိုသူမကရှင်းပြသည်။
‘မှောင်သွားရင် အိမ်ကိုခေါ်ပြီးသင်ပေးရတယ်’ ဟုသူမကဆိုသည်။
အနံခြောက်ပေ၊ အလျား ၁၂ ပေခန့်သာရှိသော အခန်းများဖြင့်ဖွဲ့စည်းထားသည့် အိမ်တန်းလျားများက ၎င်းတို့နေထိုင်ရာ အိမ်များပင်ဖြစ်ပြီး မိသားစုတစ်စုလျှင် တစ်ခန်းနှုန်းဖြင့်နေထိုင်ကြရကာ မိသားစုတစ် စုလျှင်လေးယောက်၊ ငါးယောက်ခန့်ရှိသည်။ အိမ်ခန်းတစ်ခန်းနှင့် တစ်ခန်းမှာလည်း တစ်ဆက်တည်း ဖြစ်ပြီး တစ်မိသားစုနှင့် တစ်မိသားစုနေအိမ်သည် ထရံတစ်ချပ်သာခြားသည်။
‘ဒီကလေးတွေ အခြေအနေကသူတို့ဝမ်းစာ သူတို့ရှာစားနေရတာ။ များသောအားဖြင့် ဒီကလေးတွေက ပထွေးတွေနဲ့နေရတာများတယ်’ ဟု ဆရာမဒေါ်နိုင်နိုင်အေးပြောပြသည်။ အနေကျဉ်းကျပ်ပြီး တစ်အိမ် နှင့် တစ်အိမ် ထရံတစ်ချပ်သာခြားထားသည့် မိသားစုများအကြားတွင် ဖြစ်ပေါ်ခဲ့သည့်ပြဿနာမှာ ယင်း ရပ်ကွက် တွင် သုံးလအတွင်းမုဒိမ်းမှု ရှစ်မှုဖြစ်ခဲ့သည်ဟု သူမကဆိုသည်။
‘ကျွန်မဆိုစာမတတ်ဘူး။ ကိုယ့်နာမည်တောင်ကိုယ်မရေးတတ်ဘူး။ ကိုယ်တောင်စာမတတ်လို့ အခုလို နေ ရတာ။ ကိုယ့်သားသမီးတွေ စာမတတ်တော့ ဝမ်းသာတာပေါ့’ ဟု အဆီပြန်နေသော အသားညိုညို မျက်နှာမှာ တင်းတိပ်များရှိနေသည့် ဒေါ်မြင့်မြင့်သန်းက သူမအိမ်ရှေ့တွင် ထိုင်ရင်းပြောပြသည်။
သူမမှာ သားသမီးလေးယောက်ရှိပြီး တစ်ယောက်မှာ ကျောင်းပြင်ပပညာရေးတွင် ကျောင်းတက်နေပြီး တစ်ယောက်မှာအတန်းပညာ နှစ်တန်းဖြင့်ကျောင်းထွက်ခဲ့ရကြောင်း၊ ကျန်နှစ်ယောက်မှာ ကျောင်း တက်ရမည့် အရွယ်မရောက်သေးကြောင်း သူမကရှင်းပြသည်။
ရွှေ့ပြောင်းလုပ်သားအဖြစ် နေရာအတည်တကျမရှိဘဲ အလုပ်ရှိရာနေရာကို ပြောင်းရွှေ့နေထိုင် ရသော ကြောင့် သားသမီးများကို ပုံမှန်ကျောင်းတွင်မထားနိုင်ဘဲ ကျောင်းပြင်ပပညာရေးတွင် ထားရကြောင်း စွပ်ကျယ်အင်္ကျီဘောင်းဘီတိုဝတ်ဆင်ထားသော အသက် ၃၀ ကျော် ကိုအငယ်လေး(ခေါ်) ကိုမျိုးမင်း ထွန်းကပြောပြသည်။
‘ကျွန်တော်ကမှ လေးတန်းအထိတက်သေးတယ်။ သူဆိုရင်တစ်တန်းမှမတက်ဘူး။ လက်မှတ်တောင် မထိုးတတ်ဘူး’ ဟုကျဉ်းကျပ်လှသောအိမ်ပေါ်တွင် ကလေးနို့တိုက်လျက်ရှိသော သူ၏ဇနီးကိုလက်ညှိး ညွှန်ပြရင်းပြောဆိုသည်။
‘ကျွန်မကလေးတွေကို အခုလိုအခမဲ့စာသင်ပေးတာ ကျွန်မပျော်တာပေါ့’ ဟုဇနီးသည်ကပြောဆိုသည်။ သူမတို့တွင်သားသမီးလေးယောက်ရှိပြီး နှစ်ယောက်ကိုကျောင်းပြင်ပပညာရေးတွင် သင်ကြားလျက်ရှိ ကာနှစ်ယောက်မှာ ကျောက်တက်ရမည့်အရွယ်မရောက်သေးကြောင်း ၎င်းတို့က ရန်ကုန်ဒလဘက် မှ ရွှေ့ပြောင်းလုပ်သားဖြစ်သည်ဟု ကိုမျိုးမင်းထွန်းက ရှင်းပြသည်။
‘ဒီဒေသက တော်တော်ကိုနုံချာတယ်။ စာမတတ်တာ မိဘတွေက လက်မှတ်တောင် မထိုးတတ်လို့ ကြက်ခြေခတ်ရတယ်’ ဟုကျောင်းအုပ်ကြီး ဦးထွန်းမင်းကပြောပြသည်။
‘ဒါတွေကို ကြည့်ရတာ တော် တော်ရင်နာဖို့ကောင်းတယ်’ ဟုကျောင်းအုပ်ကြီးက ဆိုသည်။ ပင်စင်ယူ ရန် နှစ်နှစ်သာကျန်တော့သော အချိန်တွင်သူ၏ကျောင်းအတွက် တတ်နိုင်သလောက် အစွမ်းကုန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုကလေးများ၏ ဘဝကို ဖွံ့ဖြိုးအောင် အစွမ်းကုန် ကယ်တင် သွားမည်ဟု သူကဆိုသည်။
ယခုလက်ရှိတွင် ကျောင်း၏အလိုအပ်ဆုံးဖြစ်သော ကျောင်းရှေ့တွင် ရေဝပ်နေခြင်းကို မြေဖို့နိုင်ရန်အပူ တပြင်းလုပ်ဆောင်လျက်ရှိပြီး ထိုရေဝပ်ခြင်းကြောင့် မိုးရေ၊ မြစ်ရေများကျောင်းတွင်းသို့ ဝင်ရောက် လျက် ရှိကြောင်း၊ ကျောင်းတွင်စာသင်ခန်းမလုံလောက်ခြင်းအတွက် ကျောင်းဆောင်တိုးချဲ့ပေးရန် ဆရာ၊ ဆရာမလုံလောက်ခြင်းကိုလည်း ဖြည့်ဆည်းပေးနိုင်ရန အမှတ်(၃) အခြေခံပညာဦးစီးဌာနသို့ တင်ပြ ထားကြောင်း ဦးထွန်းမင်းက ပြောသည်။
အခက်အခဲများဖြင့် ရင်ဆိုင်ရသည့်တိုင် ရွှေပြည်သာ အမက(၃) ကျောင်းလေးကမူနောက်မျိုးဆက်များ အတွက် အနာဂတ်တစ်ခုတည်ဆောက်ပေးနိုင်သည့် စာမတတ်သော သူတို့မိဘများထက် ကလေးများ ကခေါင်းတစ်လုံးပိုမြင့်နိုင်ပေလိမ့်မည်။
စံတော်ချိန်သတင်းစာ
အောက်တိုဘာ (၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+