တိမ်ကောတော့မည့် ယဉ်ကျေးမှု ထုတ်ကုန် ပစ္စည်းတစ်ခု
“ဟဲ့ကောင် ဒီဘေးကို ကြိုးထည့်၊ ခဏခဏ ပြောနေ တာကို လွဲလွဲလုပ်တယ်” ဟု အသံ ခပ်ပြတ်ပြတ်ဖြင့် အသက် ၅၀ ကျော် လူကြီးတစ်ဦးက အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို ဆူငေါက် လိုက်သည်။
၎င်းတို့လက်ထဲတွင် နှီးဖြင့် ပြုလုပ်ထားသည့် ဆင်ဦး ခေါင်း သဏ္ဌာန် ပစ္စည်း အရာဝတ္ထုကိုလည်း နှစ်ဦးသား စိတ်ပါ ဝင်စားစွာဖြင့် သတ်မှတ် ထားသော ဆန်ခါကွက် အတွင်းသို့ ထည့်ကာ ပလတ်စတစ် ကြိုးများဖြင့် ချည်နှောင် နေကြသည်။ ၎င်းတို့ နှစ်ယောက်နောက်ကွယ်တွင် ၁၆ နှစ် အရွယ် လူငယ်တစ်ဦး ရှိနေသည်။
ထိုလူငယ်က အုတ်နီခဲ သုံးလုံးကို အလျားလိုက်ထောင်၍ ပြုလုပ်ထားသော မီးဖိုမှ မီးခိုးမွှန်သောကြောင့် ထွက် လာသော နှာရည်များကို သုတ်လျက် မီးဖိုပေါ်တွင် တင်ထားသော ဒယ်အိုးကို ယောက်မ တစ်ခုနှင့်မွှေပြီး ဆန်အမှုန့်ကို ရေဖြင့်ကျိုနေသည်။ ထိုလူငယ်ကျိုနေသာ ဆန်ကော်အိုးကို မယူလာပြီး ဆင်ဦးခေါင်းသဏ္ဌာန် ပြုလုပ်နေသော လူနှစ်ဦးအနီးသို့ ယူလာသည်။ ထိုကော်များကို ဆင်ဦးခေါင်းသဏ္ဌာန် ရှိသော အရာဝတ္ထုကို ကော်ရည်သုတ်လျက် ဂုန်ကြမ်းစက္ကူ ကပ်နေကြသည်။ ဆင်ဦးခေါင်း အရုပ်တစ်ခု ပြုလုပ်နေခြင်းပင်။
ဝါး၊ ဂုန်ကြမ်းစက္ကူ (မြင်းခေါင်းတံဆိပ် ဘိလပ်မြေ အိတ်ခွံစက္ကူ) ကော်ကျိုရန် ဆန်မှုန့်၊ ကတ္တီပါအုပ်၊ သင်္ဘောဆေး တို့ကို အဓိက ကုန်ကြမ်းအဖြစ် ထားပြီး ဆင်ရုပ်ကို စတင်ချိုးရကာ ပုံကြမ်းပြီးပါက ဂုန်စက္ကူများ ကပ်၍ ရေဆေး၊ သင်္ဘောဆေး စသည်တို့ဖြင့် သင့်တော်သလို ခြယ်သရသည်။ “ဝါးတွေကို ကွင်းတွေ ကွင်းရတယ်။ ဆင်တစ် ကောင်မှာ နှာမောင်းကနေ အမြီးထိ ၁၇ ခွေ ရှိတယ်။ ကိုယ်ထည်မှာ ၇ ခွေ၊ ဦးခေါင်းမှာ ၁၀” ဟု ဆင်ရုပ်ချိုး ပညာရှင် ဦးဇော်လေးက ရှင်းပြသည်။
မိမိချိုးလိုက်သော ဆင်မှာ ဦးခေါင်းကြီးခြင်း၊ အရပ်ရှည်လွန်းခြင်း၊ ပုလွန်းခြင်း စသည်တို့ မဖြစ်ရန်အတွက် ဝါးဖြင့် ခွေထားသော ခွေ ၁၇ ခွေနှင့် ချိန်ညှိ ပြုလုပ်ရသည်။ ဆင်စွယ်အတွက်ကိုမူ သစ်ကြီးသားကို သုံး၍ပြုလုပ်သည်။ သစ်ကြီးသားသည် ခဲတံကဲ့သို့ ဖြောင့်စင်းခြင်း၊ ထွင်းရချွန်ရ လွယ်ကူခြင်းတို့ကြောင်း ဆင်ရုပ်ချိုးပညာရှင် အားလုံး တို့သည် ဆင်ရုပ်၏အစွယ်ကို သစ်ကြီးသား အသုံးပြုကြသည်။ သစ်ကြီးသား မှာမရသည့်အခါ ကုက္ကိုသားများကို သုံးသည်လည်း ရှိသည်။ “သစ်ကြီးသားက ခဲတံလိုပဲ ချွန်ရတာလည်း လွယ်တယ်။ နေပူရင် ကောက်သွားတာ၊ ကော့လာတာ မဖြစ်ဘူး” ဟု ဦးဇော်လေးက ဆိုသည်။
ဆင်ရုပ် အကြမ်းထည် ပြီးပါက ဆင်ရုပ်ကို ဆေးချယ်ခြင်း၊ ဆင်ရုပ်နှင့် ကိုက်ညီမည့် ဘောင်းဘီ၊ နှာမောင်း၊ ဆင်မြီး၊ လည်ပတ်၊ ဘေးသိုင်း၊ အစွယ်တို့ကို ထပ်မံပြုလုပ်ရသည်။ ယခုအခါ ရေဆေး ဆီဆေးများ ပေါများလာခြင်း၊ ရွှေကလပ် ငွေကလပ်ခေါ် (ငွေရောင် ရွှေရောင်စက္ကူ) များ အလွယ်တကူ ဝယ်ယူရရှိလာခြင်းတို့ ကြောင့် ဆင်ရုပ် အလှဆင်လုပ်ငန်းတွင် အဆင်ပြေလာသော်လည်း ရှေးဆင်ရုပ်ချိုး ပညာရှင်ကြီးများ လက်ထက်တွင် ဆင်ဦးခေါင်း နှင့် မျက်နှာအတွက် အုတ်ခဲကို အမှုန့်ထောင်းပြီး ဆေးအဖြစ် သုတ်ရခြင်း၊ ဆင်ရုပ် ကိုယ်ထည်အတွက် လိုအပ် သော ဆေးအမည်းကို လက်နှိပ်ဓာတ်မီးသုံး ဓာတ်ခဲအဟောင်းများထဲမှ ကာဗွန်ကို အသုံးပြုခြင်း၊ ရွှေကလပ် ငွေကလပ်တို့အစား စီးကရက်ဘူးခွံများမှ ခဲပတ်စက္ကူ ရွှေရောင် ငွေရောင်များကို အသုံးပြုခြင်းတို့ဖြင့် ချိုးခဲ့ကြရသည်။ “ဆီဆေးရေဆေးတွေ သိပ်ပေါတယ်။ ဆင်ကို အလှဆင်တဲ့ လုပ်ငန်းဟာ အဆင်ပြေတယ်။ အချိန်လည်း မပေးရ ဘူး။ အရင်က အုတ်ခဲရှာရ၊ ဓာတ်ခဲဟောင်း ထုရ၊ စီးကရက်ဘူးခွံတွေ စုဆောင်းရနဲ့” ဟု ဦးဇော်လေးက ဆိုသည်။
ရောင်းတန်းဝင် ဆင်တစ်ကောင် ဖြစ်ရန် နှစ်ရက်မျှ အချိန်ယူ ရက်လုပ်ပြီးသည်နှင့် ကိုယ်ထည်ပုံကြမ်း ပြီးစီးသည့် အဆင့် ရောက်ရှိသည်။ ပုံကြမ်းကို သင့်တော်သော ဆေးနှင့် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ပေးပြီးပါက ဆင်ရုပ် မှာယူသူများထံ အပ်နှံရသည်။ ဆင်ရုပ်တွင် အမျိုးအစား နှစ်မျိုးရှိပြီး လူကြီးဆင်နှင့် ကလေးဆင်ဟူ၍ ဖြစ်သည်။ လူကြီးဆင်သည် အသက် ၂၀ နှင့်အထက် ဝင်က၍ရပြီး ကလေးဆင်သည် အသက် ၁၆ နှစ်နှင့်အထက် ဝင်က လို့ရသည်။ အသက်အရွယ်အလိုက် အငယ်ဆုံး ၃ တောင်ဆင်မှ အကြီးဆုံး ၆ တောင် (ကိုးပေ) အထိ ဆင်ရုပ်ချိုး ပညာရှင်များက ချိုးကြသည်။ သင်္ဘောဆေး- ရေဆေး ဆင်ရုပ်တစ်ရုပ်၏ တန်ဖိုးမှာ တစ်သိန်းနှစ်သောင်း ဖြစ်ပြီး ဆီဆေးရွှေကလပ် (ရွှေစလွယ်) ဆင် ရုပ်တစ်ကောင်လျှင် တစ်သိန်းရှစ်သောင်း၊ ဘော်ကြယ် ဆင်ရုပ်တစ်ရုပ်လျှင် သုံးသိန်းခွဲမှ ခြောက်သိန်းခွဲအထိ ဆင်ရုပ်ကို တန်ဆာဆင်လျှင် ဆင်သလောက် ကုန်ကျငွေကလည်း ရှိနေသည်။
“ချိုးတဲ့ပညာကို လူငယ်တွေ စိတ်မဝင်စားကြဘူး။ ဒီပညာဟာ ဆရာနဲ့ လက်ပွန်းတတီးနေပြီး သင်ယူရင် တစ်နှစ်ခွဲ လောက် သင်လိုက်ရင် ရောင်းတန်းဝင် ဆင်ချိုးဆရာတစ်ယောက် ဖြစ်လာနိုင်တယ်” ဟု ပြောလာသူက ကျောက်ဆည်မြို့ စုကြီးထန်းတော ရပ်ကွက်တွင် နေထိုင်ပြီး ဆင်ချိုးခြင်းလုပ်ငန်း နှစ် ၂၀ ကျော်တိုင် လုပ်ကိုင်လာ သည့် ပန်းချီဇော်လေး ဖြစ်သည်။
ကျောက်ဆည်မြို့တွင် နာမည်ရှေ့တွေ ပန်းချီဟု ဝိသေသတစ်ခု ပါလာပါက ဆင်ရုပ်ချိုးပညာရှင်ဟူ၍ ဒေသခံများက နားလည်ကြသည်။ ဆင်ရုပ်ချိုး ပညာရှင်တို့သည် ဆင်ရုပ်ချိုးသည့် အလုပ်အပြင် မဏ္ဍပ်ကို တန်ဆာဆင်သည့် လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြရသေးသည်။ ပန်းချီ ဦးဝင်း၊ ပန်းချီ သိန်းအောင်၊ ပန်းချီ သိန်းနိုင်ဦး၊ ပန်းချီ ဇော်ဝင်း၊ ပန်းချီ ဇော်သင်း၊ ပန်းချီ ဇော်လေးတို့သည် ယနေ့တိုင် ကျောက်ဆည်မြို့တွင် ရှိနေသည့် သက်ရှိထင်ရှား ဆင်ရုပ်ချိုးပညာရှင်များ ဖြစ်ကြသည်။ “ပန်းချီဆိုတာ အခြားဒေသတွေမှာတော့ အရုပ်ရေးတဲ့လူလို့ ထင်ချင်ထင်မှာ ပေါ့။ ဒီမှာတော့ ပန်းချီဆိုတဲ့ စာလုံး ပါလာရင် ဆင်ချိုးပညာရှင်တစ်ဦးပဲ ဆိုတာ အလိုလိုသိတယ်” ဟု ကျောက်ဆည် ဒေသ ဓလေ့ကို ဆင်ရုပ်ချိုးပညာရှင် ဇော်လေးက ပြောပြသည်။
လူဝင်ပြီး တီးလုံးနှင့် စည်းချက်ညီညီ ကရသည့် ဆင်များကို ကျောက်ဆည်မြို့၏ ယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန် ပစ္စည်း အဖြစ် မြန်မာတစ်နိုင်ငံလုံးက အသိအမှတ် ပြုထားကြသည်။ မြန်မာနိုင်ငံအရပ်ရပ်တွင် အလှူပွဲ၊ ကျောင်းပွဲ တို့တွင် ဆင်အကသည် မပါမဖြစ်သည့် ရိုးရာထုံးထမ်း အကတစ်ခုလိုလိုပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ အနှံ့အပြားမှ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များ၏ မှာကြားမှုကြောင့် ဆင်ကို ချိုးပေးရသလို နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ကျောက်ဆည်မြို့ ရွှေသာလျောင်း ဆင်လှူပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဆင်အဖွဲ့များ အတွက်လည်း ဆင်ချိုးပညာရှင်များက လက်မလည်အောင် ချိုးပေးနေရသည်။ “ဒီနှစ်ကို ဆင်အကောင် ၂၀ ကျော်ပြီ။ အောက်ပြည် ဘက်ကနေ မှာတာများတယ်။ ပွဲတော်ရက်ကလည်း နီးပြီမို့ မအားရပါဘူး” ဟု ၎င်းက အချောသတ်ထားသည့် ဆင်ဦးခေါင်းကို ဆေးချယ်ရင်း ပြောဆိုသည်။
ကျောက်ဆည်မြို့၏ အရှေ့တောင် စူးစူးရှိ ၉၇၅ ပေမြင့်သည့် တောင်ပေါ်တွင် သာသနာတော်နှစ် ၂၃၅ ခုနှစ်၌ သီရိဓမ္မာသောကမင်းကြီးက မြတ်စွာဘုရား လျောင်းတော်မူ ရွှေသားရုပ်ပွားတော်မြတ်ကို ဌာပနာပြုပြီး စေတီ တစ်ဆူ တည်ထားခဲ့သည်။ သက္ကရာဇ် ၃၉၅ ခုနှစ်တွင် အနော်ရထာ ဘုရင်မင်းမြတ်က ဆည်များ လှည့်လည်ဖို့စဉ် သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာသော မြတ်ဗုဒ္ဓ၏ စွယ်တော်မြတ်ကို ရတနာဆင်ဖြူတော်ပေါ်သို့ တင်ပြီး အဓိဋ္ဌာန်ဖြင့် လွှတ်လိုက်ရာ ရွှေသာလျောင်း တောင်ပေါ်တွင် ရတနာ ဆင်ဖြူတော် ဝပ်သည့်အတွက် သီရိဓမ္မာသောကမင်းကြီး တည်တော်မူခဲ့သော စေတီငယ်ကို ၁၀ တောင် မြင့်အောင် ထပ်မံတည်ခဲ့ကြောင်း၊ တပေါင်းလတွင် ပွဲတော်ကျင်းပ သည့် အပြင် သီတင်းကျွတ်လတွင် ရွှေဆင်၊ ငွေဆင် အပါအဝင် ဘုရားဟော ပိဋကတ်ကျမ်းလာ ဆင် ၁၀ မျိုးတို့၏ အရုပ်ကို လှူဒါန်းခဲ့ခြင်းကို အစွဲပြုပြီး နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက် ၁၅ ရက်နေ့များတွင် ဆင်ဖြူတော် ဝပ်နေသည့်သဏ္ဌာန် အရုပ်များ ပြုလုပ်လှူဒါန်းသည့် ဓလေ့ စတင်ခဲ့ကြောင်း မောင်ရည်စိုး (ကျောက်ဆည်) ရေး သားသည့် ၁၉၉၀ ပြည့် စာပေဗိမာန် မြန်မာယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရ (မြန်မာ့ ဆင်ရုပ်ချိုး အနုပညာ) စာအုပ်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ မမွေးခင်က ဆင်ဖြူတော် ဝပ်နေတဲ့သဏ္ဌာန် အရုပ်တွေလုပ်ပြီး ထမ်းပြီး သွားလှူရတယ်” ဟု အသက် ၇၀ ကျော်အရွယ်ရှိ ဆင်ပြိုင်ပွဲကျင်းပရေး ကော်မတီ အကဲဖြတ် ဒိုင်လူကြီးများအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မောင်က ဆိုသည်။ ၁၉၂၀ မှ ၁၉၂၅ ခုနှစ်အတွင်း ရွှေသာလျောင်းတောင်ကို မြေပြင်မှ တောင်ပေါ်အထိ စောင်းတန်းများ ဆောက်လုပ်လိုက်သဖြင့် ဆင်ရုပ်များကို လူများဖြင့် ထမ်းပိုးပြီး တောင်ပေါ်သို့ သွားရောက် လှူဒါန်းရသည်မှာ ခက်ခဲလာသည့်အတွက် မဏ္ဍပ်ဆရာကြီး ဆရာငယ်က လူဝင်ပြီး လမ်းလျှောက်သွားနိုင်သည့် ဆင်ရုပ်ကို စတင်ပြု လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုဆင်မှာ အမာဖြစ်၍ လှုပ်ရှားချင်တိုင်း လှုပ်ရှားမရခဲ့။
မဏ္ဍပ်ဆရာကြီးများ ဖြစ်သည့် ဆရာငယ်က စတင်ပြီး ဦးဘအေး၊ ဦးအောင်ကြွယ်၊ ဦးဘသင်၊ ဦးကျော်လေး၊ ဦးသိုက်ထွန်း၊ ဦးမှဲ့လေးတို့က ဆင်ရုပ်ကို ဦးခေါင်းလှည့်၍ ရအောင်၊ ခြေထောက်များ လှုပ်ရှားရအောင် တီထွင် ကြံဆခဲ့ပြီး ယခုချိုးနေသည့် ဆင်ရုပ်များမှာ မေးစေ့၊ နားရွက်တို့ပါ လှုပ်ရှား၍ ရကြောင်း ပန်းချီ ဦးချစ်မောင်၏ သားတစ်ဦးဖြစ်သူ ဆင်ရုပ်ချိုးပညာရှင် ပန်းချီသိန်းအောင်ထံမှ သိရှိရသည်။
ယခုအခါ ကျောက်ဆည်မြို့တွင် ရောင်းတန်းဝင် ဆင်ရုပ်ချိုးနိုင်သူ ဦးဝင်း၊ ဦးသိန်းအောင်၊ ကိုသိန်းနိုင်ဦး၊ ဦးဇော်ဝင်း၊ ဦးဇော်သင်း၊ ဦးဇော်လေးတို့လောက်သာ ရှိတော့သည်။ အဆိုပါ ခြောက်ဦးတွင်လည်း ရောင်းတန်းဝင် ဆင်ရုပ်ချိုးနိုင်သည့်အထိ တတ်မြောက်သည့် တပည့်များ မရှိသလောက် နည်းပါးလာလေသည်။
ကမ္ဘာ့ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့သူ သီရိလင်္ကာနိုင်ငံ၏ ဝန်ကြီးချုပ် သီရိမာဗိုဗန္ဓရနာယကေး ၁၉၆၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က ပုဂံတွင် ကျောက်ဆည် ဆင်အကဖြင့် ဧည့်ခံခဲ့ရာ “တို့နိုင်ငံ လည်း ဆင်တွေရှိတာပဲ။ လူနှစ်ယောက် ဝင်ပြီး ကရတဲ့ ဆင်အကကို အခုမှမြင်ဖူးတယ်” ဟု တခမ်းတနား ချီးမွမ်း ခဲ့ရသည့် တစ်ကမ္ဘာလုံးတွင် ကျောက်ဆည် တစ်မြို့တည်းမှာသာ ရှိသော ကျောက်ဆည်မြို့၏ ယဉ်ကျေးမှု ထုတ်ကုန် ကျောက်ဆည်ဆင်ရုပ်ကို နိုင်ငံတော်မှ ကူညီပံ့ပိုးမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ဆင်ရုပ်ချိုး အတတ် ပညာကို လက်ဆင့်ကမ်း သင်ယူမည့် တပည့်များ နည်းပါးလားပြီး ရွှေသာလျောင်း ဆင်လှူပွဲသာ မရှိပါက ဆင်ရုပ်ချိုး အတတ်ပညာ တိမ်ကောသည်မှာ ကြာပြီဟု ဆင်ရုပ်ချိုး ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။ ယွန်းပညာကျောင်း၊ ပန်းချီပန်းပု ကျောင်းများ ရှိသော်လည်း ဆင်ချိုးသည့် အတတ်ပညာကို သင်ပေးသည့် ဆင်ရုပ် ချိုး အတတ်သင်ကျောင်း မရှိချေ။ ဆင်ရုပ်ချိုး ပညာရှင်များက ၎င်းတို့၏ အတတ်ပညာကို မျှဝေချင် သော်လည်း ခေတ်စနစ်အရ မျှဝေခံမည့် တပည့်တပန်းများ ရှားပါးလာသည်။ “နေရာလေးတစ်ခု လုပ်ပြီး နွေရာသီ ကျောင်းပိတ် ရက်မှာ ကျောင်းသားလေးတွေကို အစိုးရအနေနဲ့ သင်ခိုင်းရင် ကောင်းမယ်။ ကျွန်တော် တတ်ထားတာလေးကို အလကား သင်ပေးပါ့မယ်” ဟု ဦးဇော်လေးက ဆိုသည်။
ယွန်းကျောင်း၊ ပန်းချီပန်းပုကျောင်း စသဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ အတတ်ပညာများကို သင်ပေးနေသည့် နေရာဌာနများ ရှိနေသော်လည်း ကျောက်ဆည်မြို့၏ မြန်မာယဉ်ကျေးမှု ထုတ်ကုန် ဆင်ရုပ်ချိုး ပညာအတွက် သင်ပေးသည့် ကျောင်းမရှိချေ။ ဆင်ရုပ်ချိုး အတတ်ပညာကို မတိမ်ကောရန်အတွက် အမြော်အမြင် ကြီးမားသည့် မြို့ခံများက ရွှေသာလျောင်း ဆင်လှူပွဲတွင် ဆင်ပြိုင်ပွဲများ ပြုလုပ်ပြီး ရပ်ရွာဓလေ့ဖြင့် ရိုးရာထုတ်ကုန်ကို ထိမ်းသိမ်း ထားကြသည်။ ဆင်ရုပ်ချိုးပညာရှင်များ နည်းပါးလာခြင်း၊ အတတ်ပညာကို ဆက်ခံမည့် တပည့်များ နည်းပါးလာခြင်း တို့ကြောင့် နှစ်အနည်းငယ်အတွင်း ဆင်တစ်ကောင်နှင့် အလားသဏ္ဌာန်တူသည့် အချိုးစားကျ ဆင်ရုပ်များ နည်း လာသည်။ “ဒါဟာ ဆင်ချိုးပညာ နည်းနည်း ကောလာတယ်ဆိုတဲ့ သဘောပေါ့” ဟု ဆင်ပြိုင်ပွဲကျင်းပရေး ကော်မတီ အကဲဖြတ် ဒိုင်လူကြီးများအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မောင်က ဆိုသည်။
ကျောက်ဆည်နှင့် ဆင်ရုပ်သည် ခွဲခြား၍ မရလောက်အောင် တစ်သားတည်း ဖြစ်နေသည်။ ကျောက်ဆည်သား အားလုံးသည် ဆင်ရုပ်၊ ဆင်အက၊ ဆင်သီချင်းတို့နှင့် အကျွမ်းတဝင် ရှိကြသည်။ ဆင်အရုပ်ကို မချိုးတတ်သော် လည်း ဆင်အရုပ် အချိုးကျမကျကို မျက်စိနှင့် မြင်ရုံနှင့် သိကြသည်။ ဒေသခံများက ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အဖြစ် လက်ခံထားကြသော ကျောက်ဆည် ဆင်ရုပ်အကပင် ဖြစ်သည်။
မိုးကြိုး
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+