ရောင်းချခြင်း နဲ့ ချိန်းတွေ့ခြင်း (Sales and Dating)
လုပ်ငန်းတစ်ခု အောင်မြင်ခြင်း ဆိုတာ ထိုလုပ်ငန်းရဲ့ ထုတ်ကုန်ကို ရောင်းချပေးနေတဲ့ ၀န်ထမ်းများနဲ့ အများကြီး သက်ဆိုင်နေ ပါတယ်။ အခုခေတ် မှာတော့ ထို Sales ၀န်ထမ်းများရဲ့ အရေးပါးမှုက ကြီးမား လာပါပြီ။ Sales ၀န်ထမ်းကောင်း တစ်ယောက်ဖြစ်ဖို့ ဆိုတာလည်း ထင်သလောက် လွယ်ကူတဲ့ အရာ မျိုးတော့ မဟုတ်ပါဘူး။ Sales ဆိုတဲ့ ရောင်းချခြင်းနဲ့ Dating ဆိုတဲ့ ချိန်းတွေ့ခြင်း ဆိုတဲ့ အရာ(၂)ခုမှာ တိုက်ဆိုင်မှုတွေ ရှိနေတာကို သင်သိပါသလား? ဒီဆောင်းပါးလေး မှာတော့ Sales နဲ့ Dating ရဲ့တူညီတဲ့ သဘောတရား အချို့ကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
(၁)ချဉ်းကပ်ခြင်း
Dating ပဲဖြစ်ဖြစ် Sales ပဲဖြစ်ဖြစ်ဖြစ် ချဉ်းကပ်ပုံက အရမ်းကို အရေးပါပါတယ်။ ပထမဆုံးမြင်မြင်ချင်း ကတည်းက သင့်ကို ယုံကြည်ချင်စိတ် ပေါက်အောင် ၀တ်ဆင် တတ်ရပါမယ်။ First impression ဆိုတာ အမြဲတမ်း အရေးကြီးပါတယ်။
ပထမဆုံး တွေ့ကတည်းက လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲအကြမ်းဖျင်း ခန့်မှန်း ဆုံးဖြတ်လေ့ ရှိပါတယ်။ သင့်ရဲ့ ကိုယ်အမူအရာ နှုတ်အမူအရာများ အားလုံးဟာ ပထမဆုံး တွေ့ဆုံခြင်းတိုင်းမှာ အရေးပါ ပါတယ်။ ပြုံးပြခြင်း၊ မျက်လုံးခြင်း ဆုံကြည့်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ယဉ်ကျေးသော ကိုယ်အမူအရာ များဖြင့် ချဉ်းကပ်ခြင်းဟာ သင့်ရဲ့ First impression အတွက် အရေးကြီးပါတယ်။ သင်နဲ့တွေ့နေတဲ့ ကောင် မလေး သို့မဟုတ် သင်နဲ့တွေ့နေတဲ့ သင့်ရဲ့ အနာဂတ်ဖောက်သည် ဟာ သင့်လို လူမျိုးတွေ မှာ ရှေ့ မှာ တွေ့ကောင်း တွေ့ပြီးနေလောက် ပါပြီ။ ဒီတော့ သင်က အရင်လူတွေထက် ထူးခြားအောင်တော့ လုပ်ဖို့ လိုပြီပေါ့။ သူတို့စိတ်ထဲမှာ သင့်ကို မှတ်မိနေအောင် လုပ်နိုင်တာကိုက Sales ၀န်ထမ်း ကောင်းတွေရဲ့
ထူးခြားတဲ့ ၀ိသေသ တစ်ခုပါ။
(၂)အပေါက်အလမ်း တည့်ခြင်း
သင်နဲ့တွေ့နေတဲ့ သူရဲ့ ယုံကြည်မှုဆိုတာ သူနဲ့သင် အပေါက်အလမ်း တည့်စွာ စကားပြောဖြစ်မှ ဖြစ်မှာ ပါ။ ကောင်မလေးက ဂျူးစာအုပ်တွေကို အရမ်းကြိုက်တဲ့ သူတစ်ယောက် ဖြစ်နေချိန်မှာ သင်က ဂျူးဆိုတာ လူမျိုးစု တစ်ခုလား ဆိုတဲ့ မေးခွန်းမျိုး မေးမိလို့ကတော့ အပေါက်အလမ်း တည့်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ လူနှစ်ယောက် ဘယ်လိုအချိန်မှာ အပေါက်အလမ်း တည့်လေ့ရှိသလဲ စဉ်းစားဖို့ လိုပြီပေါ့။
ကျွန်တော်တို့ လူသားတွေ အားလုံးမှာ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်။ အကြိုက်ချင်းတူတဲ့ အခါ စကား ပြောရတာ ပိုအဆင်ပြေပါတယ်။ သူက Liverpool ပရိတ်သတ်၊ သင်က Man U ပရိတ်သတ် ဆိုရင်တော့ အပေါက်အလမ်းက တည့်ဖို့ မလွယ်တော့ပါဘူး။ ဒီတော့ အပေါက်အလမ်း တည့်ဖို့ဆိုတာ သူဘာတွေ ကြိုက်တတ်လဲ သင်တတ်နိုင်သလောက် စုံစမ်းထားဖို့ လိုပါတယ်။ ဒါကလည်း Sales ၀န်ထမ်း ကောင်းတစ်ယောက်ရဲ့ အရည်အချင်း တစ်ခုပါပဲ။ ယနေ့ခေတ်ထဲမှာက Facebookလို Social Network တွေကလည်း သူတို့ ဘာကြိုက်တတ်တယ် ဆိုတာတွေကို ရှာဖွေလို့ ရပါတယ်။ သင်ဘယ် ကနေပဲ သိလာသိလာ သူကတော့ သူကြိုက်တာတွေကို သင်သိနေတဲ့အတွက် သင့်ကို သဘောကျမှာ သေချာ ပါတယ်။
(၃)လိုအပ်ချက်များကို ထုတ်ဖော်ခြင်း
ဒီအဆင့်ကတော့ လုပ်ငန်းဘက်ကိုစပြီး ခေါင်းတည်လာတဲ့ အဆင့်ပါ။ ဒီအဆင့်မှာတော့ သင်စကား အများကြီး ပြောတာထက် ပါးပါးနပ်နပ် မေးခွန်း လေးတွေမေးပြီး သူဘာလိုအပ်နေတာ ဆိုတာကို များများ နားထောင်ပြီး ဖော်ထုတ်နိုင်ပါတယ်။ Dating ပဲဖြစ်ဖြစ်၊ Sales ပဲဖြစ်ဖြစ် သူ့ရဲ့လိုအပ်ချက်နဲ့ သင့်ရဲ့ ပိုင်ဆိုင်မှု နဲ့ ကိုက်ညီမှသာ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။ သင်ဘယ်လောက် တော်ကြောင်း သို့မဟုတ် သင့်ကုန် ပစ္စည်းဘယ်လောက် ကောင်းကြောင်း ပြောနေတာထက် သူဘာကို လိုအပ်နေလဲ ဆိုတာကို သိအောင် အရင်ဖော်ထုတ်ပါ။ သင့်ရဲ့မေးခွန်းတွေက ပါးနပ်လေလေ သူကသင့်ကို ပြန်ကြိုက်မယ့် သူလား သို့မဟုတ် သင့်ပစ္စည်းကို ၀ယ်မယ့်သူလား သင်အမြန်ဆုံး သိနိုင်လေပါပဲ။
(၄) လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကြောင်း ဖော်ပြခြင်း
ဒီအဆင့်ကတော့ အရမ်းအရေးကြီး သွားပါပြီ။ ဒီအဆင့်မှာ သင်ဟာဘာကြောင့် ကောင်မလေးအတွက် လက်တွဲဖော်ကောင်း တစ်ယောက်ဖြစ်နိုင်ကြောင်း သို့မဟုတ် သင့်ရဲ့ကုန်ပစ္စည်းက သင့်ရဲ့ အနာဂတ် ဖောက်သည် အတွက် ဘာကြောင့် သင့်တော်ကြောင်း စပြီးပြောပြရတော့ မှာဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ သင့်ရဲ့ ကုန်ပစ္စည်းကြောင့် သူတို့ရဲ့ လုပ်ငန်းတွေမှာ အကျိုးအမြတ်ကောင်းတွေ ရရှိလာ မှာကိုယုံကြည်လာဖို့လိုပါတယ်။ သူ့ရဲ့လိုအပ်ချက်တွေနဲ့ သင့်ရဲ့ဖြည့်ဆည်းပေးနိုင်မှုတွေ ကိုက်ညီလေလေ အရောင်းအ၀ယ်ဖြစ်ဖို့ သေချာလေလေပါပဲ။
(၅) အခက်အခဲများဖြတ်ကျော်ခြင်း
သူ့ရဲ့လိုအပ်ချက်တွေအပေါ် သင့်ရဲ့ဖြည့် ဆည်းနိုင်မှုတွေ ပြောပြရုံနဲ့တော့ ပွဲကတစ်ခါတစ်လေ မပြီးသွား တတ်ပါဘူး။ သင်မမျှော်လင့် ထားတဲ့ မေးခွန်းမျိုးတွေ သူကသင့်ကို ပြန်မေးတတ် ပါသေးတယ်။ ဒါကြောင့် မို့လို့ သူ့ဘာတွေ သင့်ကိုပြန်မေးနိုင်မလဲ ဆိုတာကို အစတည်းက ကြိုတင်ပြင်ဆင်လေ့ကျင့် သင့်ပါတယ်။ သင်သာ သူ့နေရာမှာဆို သင်ဘာတွေ မေးနိုင်လောက်မလဲ ကြိုတင်စဉ်းစားထားပါ။ ဒီအဆင့်ကျော်ရင် သင်အောင်မြင်ဖို့ သေချာသလောက် ဖြစ်သွားပါပြီ။
(၆)နိဂုံးချုပ်ခြင်း
ဒီအဆင့်ထိတောင် သင်ရောက်လာပြီ ဆိုကတည်းကတော့ သင်ဟာခေသူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချို့ သူတွေက ဒီအဆင့်မှာ ညံ့သွားတတ် ကျပြန်ပါတယ်။ ဒီအဆင့်အထိ ကောင်မလေး အထင်ကြီးအောင် ပြော လာပြီးမှ “ရုပ်ရှင်သွားကြည့် ကြမလား”တို့ “နောက်ကျရင်လည်း ဆုံကြမယ်လေ”တို့ “ညကျရင် ဖုန်းဆက် လိုက်မယ်နော်”တို့ မပြောပဲ ပြန်လာတတ်တဲ့ သူမျိုးတွေလည်း ရှိနေတတ်ပြန်ပါတယ်။
ဒီအဆင့်မှာတော့ သင်ဘာလို့ အဲဒိနေရာကို ရောက်နေတဲ့အကြောင်း မူလ ရည်မှန်းချက်လေးကို သူသိအောင် ပြန်ဖော်ပါ။ တကယ်လို့ သူကတစ်ခါတည်း နဲ့ယုံကြည်သွားတယ် ဆိုရင်တော့ သင်အရမ်း တော်လို့ပါ။ ဒါပေမဲ့သူက မယုံကြည်သေးဘူး ဆိုရင်လည်း သင်မညံ့ပါဘူး။ လောကကြီးမှာ အရာအားလုံး တစ်ခါတည်း ကြိုးစားရုံနဲ့ မရတတ်ပါဘူး။
ဒီတော့ နောက်ထပ် ကြိုးစားလို့ရမယ့် အခွင့်အရေးလေးတွေ ရှိအောင် ထားခဲ့လို့ ရပါတယ်။ ဒါပေမဲ့ သင်သိထားဖို့က Dating ပဲဖြစ်ဖြစ် Sales ပဲဖြစ်ဖြစ်၊ သူတစ်ကြိမ်တစ်ခါ ယုံကြည်ပြီး ၀ယ်တာထက်
သင့်ဆီက နောက်ထပ်နောက်ထပ် အမြဲလိုချင်နေတာကမှ အောင်မြင်မှု စစ်စစ်ပါ။
Dating နဲ့ Sales က အရာအားလုံးတော့ အလုံးစုံ တူညီနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အထက်ပါ အချက်များကတော့ Dating နဲ့ Sales ရဲ့ တူညီတဲ့ အချက်အလက် များဖြစ်ပါတယ်။
မိုးရှင်း (I.M.T)
ref:linkedin
https://www.facebook.com/Work.com.mm/photos/a.359562060790938.85922.327695830
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+