"ဘေရွတ်မှပေးသော သင်ခန်းစာ..."
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်တွင် အမိုနီယမ် နိုက်ထရိတ် ပေါက်ကွဲခဲ့မှုကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီး မြို့၏ အစိတ်အပိုင်း အတော်များများ အကြီးအကျယ် ပျက်စီးခဲ့သည်။ တန်ချိန်ပေါင်း ၂,၇၅၀ ခန့်ရှိ အမိုနီယမ်နိုက်ထရိတ် သိုလှောင်ရုံ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမိုနီယမ်နိုက်ထရိတ်များကို သင်္ဘောတစ်စီးမှ သိမ်းဆည်းရမိခဲ့ပြီး ၂၀၁၃ ခုနှစ်မှ စ၍ ဘေရွတ်ဆိပ်ကမ်းတွင် သိုလှောင်ထားခဲ့ခြင်းဖြစ်သည်။
အမိုနီယမ်နိုက်ထရိတ် ပေါက်ကွဲမှုကြောင့် မတော်တဆမှုဖြစ်များ ယခင်ကလည်း ဖြစ်ပွားခဲ့သည်။
၁၉၄၇ ခုနှစ်တွင် အမိုနီယမ်နိုက်ထရိတ်များ သယ်ဆောင်လာသည့် သင်္ဘောတစ်စီး အမေရိကန် တက္ကဆက်ကို ဆိုက်ကပ်ချိန် မီးလောင်ပေါက်ကွဲခဲ့ပြီး အဆောက်အဦး ၁၀၀၀ ခန့် ပျက်စီးကာ လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့သည်။
နိုင်ငံအများစုတွင် ဓာတုပစ္စည်းသိုလှောင်ခြင်းနှင့် ပတ်သက်၍ တင်းကြပ်သော စည်းမျဉ်းများ ရှိသည်။
သို့သော် ဤစည်းမျဉ်းများကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိကြောင်း ဘေရွတ်မြို့ရှိ ပေါက်ကွဲမှုကြီးကရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ ထည့်သွင်းစဉ်းစားရမည့် နောက်ထပ် အချက်တစ်ခုမှာ ယခုလို အန္တရာယ်ရှိသော ပစ္စည်းများကို ကမ္ဘာတစ်ဝှမ်း တရားဝင်ရော တရားမဝင်ပါ လှည့်လည် တင်ပို့နေပြီး သက်ဆိုင်ရာ နှစ်ဘက်စလုံးကလည်း မှားယွင်းညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့ကြခြင်း ဖြစ်သည်။
အန္တရာယ်များသော ဓါတုပစ္စည်းများပါသည့် စွန့်ပစ်ကွန်တိန်နာများကို ဆိပ်ကမ်းများ၌ မကြာခဏ တွေ့ရသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ ချန်နိုင်း (Chennai) ဆိပ်ကမ်းမှာ ၂၀၁၅ ကတည်းက ကျောက်ချထားသော သင်္ဘောတစ်စီးမှ အမိုနီယမ် နိုက်ထရိတ် တန်ချိန် ၇၀၀ နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တင်သွင်းသူက အခိုင်အမာ ပြောဆိုခဲ့သလို ဓါတ်မြေဩဇာအဆင့်မဟုတ်ပဲ ပေါက်ကွဲစေနိုင်သည့် အမိုနီယမ် နိုက်ထရိတ်များ ဖြစ်နေသောကြောင့် ယခုလို ထိမ်းသိမ်းခဲ့ခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းလုံခြုံရေးသည် ပင်လယ်ဓားပြ (သို့မဟုတ်) အကြမ်းဖက်မှုများအပေါ် အဓိက အာရုံစိုက်ထားသည့် အတွက်ကြောင့် ဆိပ်ကမ်းမတော်တဆ ဖြစ်မှုများကို ကာကွယ်ခြင်းအပိုင်းတွင် ထိုက်သင့်သော အရေးပါမှုကို မရရှိခဲ့ပေ။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့၏ အဆိုအရ ၂၀၁၇ မှစ၍ ကမ္ဘာလှည့်ဆိပ်ကမ်းများတွင် သင်္ဘော ၉၇ စင်းကို ပိုင်ရှင်များက အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ထားခဲ့သည်။ ကမ္ဘာအနှံ့ရှိ ဆိပ်ကမ်းများ၌ စွန့်ပစ်ခံထားရသည့် ကွန်တိန်နာ အရေအတွက်နှင့် ၎င်းတို့အထဲတွင် အန္တရာယ်ရှိသော ပစ္စည်းများ သိုလှောင်ထားသည့် ကွန်တိန်နာအရေအတွက် မည်မျှရှိသည်ကို အသေအချာ မခန့်မှန်းနိုင်ပေ။
အချို့သော အစီရင်ခံစာများအရ စွန့်ပစ်ပစ္စည်းများပါ၀င်သည့် ကွန်တိန်နာအမြောက်အများကို အာရှဆိပ်ကမ်းများသို့ တင်ပို့ပြီး စွန့်ပစ်ကြသည်။ အဆိုပါ စွန့်ပစ်ပစ္စည်းများထဲတွင် ဥပဒေနှင့်မညီသော အန္တရာယ်ရှိပစ္စည်းများ၊ ပြန်လည်အသုံးပြု၍ မရနိုင်သော ပလပ်စတစ်ပစ္စည်းများ စသဖြင့် ပါဝင်သည်။
လွန်ခဲ့သည့်နှစ်က ကိုလံဘိုရှိ ဆိပ်ကမ်းအာဏာပိုင်များသည် လူသေအလောင်းများနှင့် ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ ပြွတ်သိပ်ထည့်ထားသော ကွန်တိန်နာ ၁၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ ကွန်တိန်နာများမှ ယိုစိမ့်မှုများသည် ပြည်သူ့ကျန်းမာရေးကို စိုးရိမ်ထိတ်လန့် ဖြစ်စေခဲ့သည်။
ဘေရွတ်တွင် လူသေစေလောက်သော ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း လက်ဘနွန်အစိုးရကို ပြည်သူများက အကြီးအကျယ် ဒေါသထွက်ခဲ့ကြသည်။ လက်ဘနွန်အစိုးရအနေဖြင့် အဆိုပါပြဿနာများနှင့် နပန်းလုံးနေရပြီး တစ်ချိန်တည်းမှာပင် ရေကြောင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းများ ပြန်လည် သုံးသပ်ခြင်းနှင့် အထူးသဖြင့် ရေယာဉ်များနှင့် ကွန်တိန်နာများကို စွန့်ပစ်ခြင်း၊ မလျော်ကန်သော နည်းလမ်းများဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း၊ အန္တရာယ်ရှိသော ပစ္စည်းများ သိုလှောင်ခြင်းများအတွက် ပြစ်ဒဏ်များကို ပြန်လည်သုံးသပ်ရန် အရေးကြီးလာသည်။ ဤအစီအမံများကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ပါက ဘေရွတ်၌ ဖြစ်ပွားခဲ့သော အဖြစ်ဆိုးမှ သင်ခန်းစာယူစရာ မရှိတော့ပေ။
ref; Lessons from Beirut, The Nation
- (အရှေ့သို့) Intel Vs. AMD... Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) မုသာနာရီမြား (Lie clocks)... Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...