Apple October Event 2014 မှာ ကြေညာခဲ့သော မျိုးဆက်သစ် iPad နှင့် iMac

Nyein Chan(TSJ Tech Team)

Apple ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းက ကမ္ဘာတစ်လွှား အရူးအမူး ဖြစ်သွားစေခဲ့တဲ့ iPhone 6 နဲ့ iPhone 6 Plus တို့ကို ကြေညာခဲ့ပါတယ်။ iPhone ရဲ့ ဒီဇိုင်းကို စတင်ပြောင်းလဲ ခဲ့တာဖြစ်ပြီး 4.7 လက်မနဲ့ 5.5 လက်မတို့ကို မြင်ကွင်း ကျယ်ကျယ်နဲ့ ကြည့်ရှု သုံးစွဲနိုင်အောင် ထုတ်လုပ် ခဲ့တာမို့ Apple ဟာ မိုဘိုင်း သုံးစွဲသူများရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေး လိုက်တဲ့ သဘောဖြစ်ပါတယ်။ အဆင့်မြှင့်တင်လိုက် တဲ့ iOS 8 မှာ လည်း များစွာသော Feature အသစ်တွေနဲ့ ပွဲထွက်ခဲ့ပါ တယ်။ Messages, Photos, Design, Quick Type, Family Sharing , iCloud Drive, Health, Spotlight စတဲ့ အဆင့်မြှင့်တင် ထားသော feature အသစ်များစွာ ပါဝင်လာပါတယ်။

အထူးသဖြင့် iPhone 6 Plus ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတုန်းက Launch လုပ်ခဲ့တဲ့ products အသစ်များအနက် လူတွေ စိတ်အဝင်စားဆုံး ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ သမိုင်းတလျှောက် ဒီနှစ်ပြုလုပ်ခဲ့တဲ့ event ဟာ iPad စတင်ထုတ်ခဲ့တဲ့ နှစ်ကလိုပဲ လူတွေ စိတ်ဝင်တစားရှိခဲ့ကာ ယခုတိုင်ဈေးကွက်မှာ လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ ရုတ်ချည်းဆိုသလို Android မှ iOS ကိုပြောင်းခဲ့တဲ့ User အသစ်သန်းပေါင်း များစွာကို Apple က သိမ်းပိုက်နိုင် ခဲ့ပါတယ်။

ယခုအောက်တိုဘာလ မှာတော့ နောက်ထပ် event တစ်ခုကို Apple ကပြုလုပ်ခဲ့ပြီးဒီပွဲမှာတော့အောက်ပါ Product များကို Launch လုပ်ခဲ့ပါတယ်။

• iPad Air 2
• iPad Mini 3
• iMac with Retina 5K Display
• mac mini

တို့ပဲဖြစ်ပါတယ်။အဆိုပါ Products များဟာ ထွက်ရှိခဲ့ပြီးသား products တွေကို အဆင့်မြှင့်တင် ခဲ့တာဖြစ်ပါတယ်။ ထို့အတူ iOS 8.1 ကိုလည်း update လုပ်ပေးခဲ့ပါတယ်။ 2015 အစောပိုင်းမှာ ရရှိနိုင်မယ့် Apple Watch အတွက်ရည်ရွယ်ပြီး developer များအနေနဲ့ စမ်းသပ်ရေးသားနိုင်ဖို့ Watch Kit SDK ကို လာမယ့်နိုဝင်ဘာလ အတွင်း ထုတ်ပေးမှာ ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

ယခုတော့ ကျွန်တော်တို့အနေနဲ့ Apple က Launch လုပ်လိုက်တဲ့ products တွေနဲ့ပတ်သက်ပြီးလေ့လာ ကြည့်ကြရအောင်။ iMac နဲ့ iPad Air 2 တို့ကို ဖော်ပြပေးသွား မှာဖြစ်ပါတယ်။

iMac with a Retina 5K Display
=======================
အားလုံးက 4K လုပ်နေတဲ့အချိန်မှာ Apple က 5K Display ကို ထုတ်ဖော်လိုက်ခဲ့ တာဖြစ်ပါတယ်။ Mac ကွန်ပျူတာများဟာ ဂရပ်ဖစ်ဒီဇိုင်းပိုင်း နဲ့ စွမ်းဆောင်ရည်ပိုင်းတွေမှာ ထိပ်ဆုံးအဆင့်ရှိနေပြီး များစွာသော Professional တွေရဲ့ပင်မ အားထားအသုံးပြုရာ products များပဲဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် 27 လက်မမှာ 5K display ကို ဘယ်လိုမြင်တွေ့ရနိုင်မလဲ ဆိုတာကတော့ စဉ်းစားကြည့်နိုင်ပါတယ်။  Apple က ဒီiMac ကို တရားဝင်ခေါ်ဆိုတဲ့ အမည်ကတော့ “iMac with Retina 5K display” လို့ခေါ်ဆိုပါတယ်။ မျက်နှာပြင်အတွက် အသုံးပြုထားတဲ့ ပစ္စည်းကတော့ အသစ်ဖြစ်ပြီး oxide TFT(Oxide Thin-Film Transistor) နဲ့ အသုံးပြုထားပါတယ်။TFT က လျှပ်စစ်လှိုင်းများကို pixel တစ်ခုချင်းစီသို့ ပို့လွှတ်နိုင် မှာဖြစ်ပြီး Oxide-based TFT နဲ့ပြုလုပ်ထားတဲ့အတွက် ယခင်ကထက် ပိုမိုတိကျမှုရှိနိုင် မှာဖြစ်ပါတယ်။ Pixel တစ်ခုချင်းစီကို လျှင်မြန်စွာ လျှပ်စစ်လှိုင်းပို့လွှတ်နိုင်မှာဖြစ်ပြီး ကြာရှည်စွာ ပံ့ပိုးပေးနိုင်မှာဖြစ် တဲ့ အတွက် pixels များစွာကို အသုံးပြုပုံရိပ်ဖော်ရမည့် အခါ အရောင်တောက်ပမှုက တသမတ်တည်းနဲ့ တညီတညာ ပံ့ပိုးပေးနိုင်မှာလည်းဖြစ်ပါတယ်။ ပုံရိပ်များပြတ်သားစေနိုင်ရန် pixel များရဲ့ crosstalk ကို လျှော့ချပေးနိုင်မယ့် နည်းပညာကို Retina iPad မှရယူထားပါတယ်။ မျက်နှာပြင်ရဲ့ အရောင်တောက် ပမှုဟာ ယခင်ထုတ်ခဲ့တဲ့ နောက်ဆုံးမျိုးဆက်များနဲ့တူညီပေမယ့် စွမ်းအင်သုံးစွဲမှုကတော့ ၃၀ ရာခိုင်နှုန်း နည်းပါးပါတယ်လို့ Apple က ဆိုပါတယ်။

ပြီးခဲ့တဲ့ 27 လက်မ iMac ဟာ 2560 x 1440 display လောက်သာ ရှိပေမယ့် ရုပ်ထွက်ပိုင်းမှာ အံ့သြ မင်တက်ဖွယ်ရာဖြစ်ခဲ့ရတာမို့ ဒီ 5K Display နဲ့ 5120 x 2880 pixels ဆိုတဲ့ ပမာဏဟာ အမြင့်မား ဆုံးသော resolution ရှိတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို မျက်နှာပြင်ပြည့်ကြည့်ရှုတဲ့အခါ အရည်အသွေး အမြင့်မားဆုံးကိုရရှိနိုင်မှာဖြစ်ပါတယ်။ Retina 5K display မှာ ယခင်က standard iMac တွေရဲ့ display ထက် pixel ပမာဏ လေးဆပိုမိုများပြားကာ 14.7 million pixels ရှိပါတယ်။သို့သော်လည်း ပါဝါစားသုံးမှု ကပိုမိုသက်သာတယ်လို့ဆိုပါတယ်။ 5K display ဟာ sleep mode မှာ ပါဝါသုံးစွဲမှုက 1.2 watts သာ ရှိပါတယ်။

iMac ကို တည်ဆောက်ရာမှာ သုံးစွဲထားသော ပစ္စည်းများမှာ အန္တာရာယ်ပြုနိုင်သော အဆိပ်များဖြစ်တဲ့ mercyry, arsenic, BFRs နဲ့ PVC တို့ပါဝင်ခြင်းမရှိဘဲ aluminum နဲ့ glass တို့လိုမျိုး ပစ္စည်းများကို သုံးထားသည့် အတွက် recycle လုပ်တာ၊ reused လုပ်တာတွေ အတွက်ပိုမို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
2013 ခုနှစ်ကထုတ်ခဲ့တဲ့မော်ဒယ်မှာ အသုံးပြုထားတဲ့ ဂရပ်ဖစ်ကဒ်က Nvidia GTX 775M GPU ကို အသုံးပြုထားပေမယ့် ယခုထုတ်လိုက်တဲ့ 5K panel မှာတော့ Apple က Nvidia ကိုမသုံးစွဲဘဲ AMD ကိုပြောင်းလဲသုံးစွဲကာ R9 290X GPU ကို အသုံးပြုထားပါတယ်။ အဲဒါက AMD ရဲ့ နောက်ဆုံးသော ဂရပ်ဖစ် chip ဖြစ်ပါတယ်။ Apple အနေနဲ့ ယခင်ကတည်း ကလည်း ဒီလိုမျိုး Graphic brand နှစ်ခု ကိုပြောင်းလဲ သုံးစွဲခဲ့ဖူးပါတယ်။ 15 လက်မ MacBook Pro မှာတော့ Nvidia သုံးစွဲထားပေမယ့် Mac Pro နဲ့ new iMac တို့မှာတော့ AMD တို့ကို သုံးစွဲထားတာတွေ့ရမှာပါ။

ဂရပ်ဖစ်တွက်ချက်မှု စွမ်းရည်ပိုင်းကို 3.5teraflops အထိမြှင့်တင်နိုင်မှာဖြစ်သောကြောင့် ရွေ့လျားနေသော ဂရပ်ဖစ်ပုံရိပ်များ ၊ Visual Effects များနဲ့ 3D ဂရပ်ဖစ်များကို ကြည့်ရှုတဲ့အခါ လှုပ်ရှားမှု အစိတ်အပိုင်းများကို တကယ့် သက်ရှိများအလား ကြည့်ရှု ခံစားနိုင်မှာဖြစ်ပါတယ်။

Processor များ ကတော့ Quad-core Intel Core i5 အား 3.5GHz အထိ ရရှိသုံးစွဲထားမှာဖြစ်သလို Core i7 processor အနေနဲ့ဆိုလျှင် 4.0GHz အထိ ရရှိသုံးစွဲနိုင် မှာဖြစ်ပါတယ်။ ဒါက iMac တွေထဲမှာတော့ အမြန်ဆုံးပဲဖြစ်ပါတယ်။ ထို့ပြင် OS X ကလည်း ယင်း processor များရဲ့အားသာချက်ကို အပြည့်အဝ အသုံးပြုနိုင်ဖို့ ဒီဇိုင်းချထားတဲ့အတွက် iMac အနေနဲ့ processor များရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်မှာဖြစ်ပါတယ်။Turbo Boost 2.0 စနစ်က processor အားအကြီးအကျယ် အသုံးပြုရတဲ့ application တွေဖြစ်တဲ့ Logic Pro သို့မဟုတ် Final Cut Pro လိုမျိုး application တွေကို အသုံးပြုတဲ့အခါ အမြန်နှုန်းကို အလိုအလျောက် မြှင့်တင်ပေး မှာဖြစ်ပါတယ်။ ဒါက သုံးစွဲသူများရဲ့ လုပ်ငန်း စဉ်တွေကို ချောချောမွေ့မွေ့နဲ့မြန်မြန်ဆန်ဆန် သုံးစွဲစေနိုင် မှာဖြစ်ပါတယ်။

သိုလှောင်မှုအနေနဲ့ ကတော့ Fusion Drive ကိုပဲသုံးစွဲထားကာ 3TB အထိရရှိနိုင်ပါတယ်။ Fusion Drive ဟာ သမားရိုးကျသုံးစွဲနေသော hard drive များအား စွမ်းဆောင်ရည်မြင့်မားသည့် flash storage နဲ့ တွဲဖက်သုံးစွဲထားတာဖြစ်ပါတယ်။ 5K display iMac မှာ Fusion Drive ကိုအသုံးပြုထားတဲ့ အတွက် နေရာ အလွန်စားသောလုပ်ငန်းစဉ်တွေဖြစ်တဲ့ HD photos and videos တွေကို တင်ပေးရမယ့် apps တွေကို launch လုပ်ရတဲ့အခါ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ မကြာခဏအသုံးပြုရလေ့ရှိသော items များကို flash storage မှာ သိမ်းဆည်းထားပေး မှာဖြစ်တဲ့အတွက် လျှင်မြန်စွာ ရယူပေးနိုင်မှာဖြစ်ပြီး ရံဖန်ရံခါမှာ ရယူလေ့ရှိသော items များကို တော့ hard drive ထဲမှာ သိမ်းဆည်း ထားပေးမှာဖြစ်ပါတယ်။
အမြင့်မားဆုံး စွမ်းဆောင်ရည် ရလိုသူများအတွက်တော့ iMac with Retina Display ကို Flash Storage က 1TB အထိ ဆင်နိုင်မှာဖြစ်ပါတယ်။

အချက်အလက်များကူးပြောင်းဖို့ I/O နည်းပညာကိုတော့ Thunderbolt 2 ကိုအသုံးပြုထား ပါတယ်။ သေး ငယ်သော Thunderbolt port တွေက Mac ရဲ့စွမ်းဆောင်ရည်ကို တိုးချဲ့ပေးနိုင်မှာဖြစ်ပြီး စွမ်းဆောင် ရည်မြင့်မားသော တွဲဖက်ချိတ်ဆက်နိုင်မည့် ပစ္စည်းများကို ချိတ်ဆက်က data များကို ကူးပြောင်းနိုင် မှာဖြစ်ပါတယ်။ ဒီ iMac မှာပါဝင်တဲ့ Thunderbolt က channel နှစ်ခုခွဲပြီး တစ်ခုချင်းစီမှာ 20Gbps အထိအမြင့်ဆုံးသော အမြန်နှုန်းနဲ့ ကူးပြောင်းနိုင် မှာဖြစ်ပါတယ်။ အခြားသော နည်းပညာများနဲ့နှိုင်းယှဉ်ရ မယ်ဆိုလျှင်တော့ FireWire 800 က 0.8Gbps နဲ့ USB 3 က 5Gbps သာရှိပါတယ်။Wi-Fi standard ကတော့ 802.11ac ကိုအသုံးပြုထားကာ stream သုံးခုလွှင့်နိုင်မှာဖြစ်ပြီး 802.11ac base station တွေဖြစ်တဲ့ AirPort Extreme နဲ့ AirPort Time Capsule စတဲ့ device တွေနဲ့ ချိတ်ဆက်ရာမှာ 1.3Gbps အထိ Wi-Fi နဲ့ချိတ်ဆက် ကူးပြောင်းနိုင် မှာဖြစ်ပါတယ်။

OS ကတော့ နောက်ဆုံးသော ဗားရှင်းဖြစ်တဲ့ OS X Yosemite ကိုအသုံးပြုထားကာ Mac နဲ့ iOS devices တွေကို ချိတ်ဆက်သုံးစွဲနိုင်မယ့် features များစွာလည်း ပါဝင်လာ မှာဖြစ်ပါတယ်။

ဈေးနှုန်း ကတော့ စတင်ဈေှးနှုန်း USD 2499 ကနေ စမှာဖြစ်ပါတယ်။
==============================================

iPad Air 2

========

iPad Air 2 ဟာ ယခင် iPad Air အား အဆင့်မြှင့် တင်ထားတာဖြစ်ပါတယ်။ ပြောင်းလဲမှု အနည်းငယ် သာလုပ်ဆောင်ထားပြီး ဒီဇိုင်းပုံစံပြောင်းလဲ သွားခြင်း မရှိပါဘူး။ ပိုမို ပါးလွှာသွားပြီး စွမ်းဆောင်ရည်ကို ထပ်မံမြှင့်တင်ပေး ထားပါတယ်။

6.1mm သာ ထူပြီး ယခင် iPad Air ထက်18 ရာခိုင်နှုန်း ပိုမိုပါးလွှာ သွားတာ ဖြစ်ပါတယ်။ အလေးချိန်က 0.96 ပေါင်သာ လေးပါတယ်။ iPad တွေနဲ့ နှိုင်းယှဉ်ရမယ် ဆိုရင်တော့ iPad များဟာ 1.5 ပေါင်လေးပြီး 13.4 mm ထူပါတယ်။

ပါးလွှာရုံသာမက ယခင် iPad တွေမှာအသုံးပြုထားသလို Display ပိုင်းမှာ အလွှာသုံးခု ခွဲမထားတော့ဘဲ LCT ,Touch Sensor နဲ့ Cover Glass တို့ကို တစ်လွှာတည်း အဖြစ်ပေါင်းလိုက်သောကြောင့် အဆိုပါ အလွှာများအကြား ဟနေသည်များ မရှိတော့ဘဲ အဆိုပါ gap များကြောင့်ဖြစ်ပေါ်လာသည့် အတွင်းပိုင်း အရောင်ပြန်မှုများ မရှိတော့ပါဘူး ။ အကျိုးဆက်အနေနဲ့ ကာလာများက ပိုမိုအရောင်အသွေး စုံလင် မှာဖြစ်ပြီး ပိုမိုကြည်လင်ပြတ်သားကာ contrast ပိုင်းမြင့်မားလာမှာဖြစ်ပါတယ်။

9.7 လက်မ အကျယ်ရှိပြီး resolution ကတော့ 2048 x 1536 pixels ရှိကာ pixels ပေါင်း 3.1 သန်းရှိ ပါတယ်။ ရောင်ပြန်မှုကို ကာကွယ်ပေးနိုင်မယ့် coating ကြောင့် အရောင်ပြန်ခြင်း 56 ရာခိုင်နှုန်းလျှော့ချပေး မှာဖြစ်တဲ့အတွက် လက်ရှိကမ္ဘာမှာ အရောင်ပြန်မှု အနည်းဆုံး တက်ဘလက် တစ်လုံးဖြစ်မှာပါ။ ရုံးထဲ မှာ ပဲဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာ ပဲဖြစ်ဖြစ်၊ ပြင်ပမှာပဲဖြစ်ဖြစ် အရာအားလုံးကို ရှင်းလင်းပြတ်သား စွာမြင်နိုင် မှာဖြစ်ပြီးစာဖတ်ရတာ အဆင်ပြေမှာဖြစ်ပါတယ်။

သတ္တု ကိုယ်ထည်နဲ့ပြုလုပ်ထားကာ ယခင်ရှိခဲ့သော Silver နဲ့ Space Gray အရောင်တို့သာ မက ရွှေရောင်ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်း အနေနဲ့ ကတော့ သိသိသာသာ အဆင့်မြှင့်တင် ထားပါတယ်။ Desktop-class architecture ဖြစ်တဲ့ ဒုတိယမျိုးဆက် 64-bit A8X chip ကိုစတင်သုံးစွဲလိုက်တဲ့ တက်ဘလက်ဖြစ်ပါတယ်။ ဒါဟာ ရှိရှိသမျှ iPad တွေထဲမှာ အမြန်ဆန်ဆုံးနဲ့ စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်မှာပါ။ ယင်းမှာ တွဲဖက် ပါဝင်လာသော M8 motion coprocessor ကြောင့် sensors များဖြစ်တဲ့ barometer, gyroscope, accelerometer, gps,compass တွေ သုံးစွဲရာမှာမြင့်မားသော စွမ်းဆောင်ရည်များကို ရရှိစေနိုင် မှာဖြစ်တဲ့ အတွက် game ဆော့တာ၊ Maps app တွေသုံးစွဲရာမှာအထာက်အကူပြုမှာဖြစ်ပြီး ဘက်ထရီသက်တမ်းက ပုံမှန်အတိုင်း အသုံးပြုမယ်ဆိုရင် 10 နာရီ ခံမှာဖြစ်ပါတယ်။ CPU စွမ်းဆောင်ရည်က ၁၂ ဆမြန်မှာဖြစ်ပြီး ဂရပ်ဖစ်စွမ်းဆောင်ရည်ကတော့ ၁၈၀ ဆပိုမိုမြန်ဆန် မှာဖြစ်ပါတယ်။ ယခင် iPad Air မှာ ပါဝင်တဲ့ A7 chip နဲ့ နှိုင်းယှဉ်မယ်ဆိုရင် A8X က ၄၀ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ ဂရပ်ဖစ် အလွန်အမင်း အသုံးပြုရ တဲ့ apps များဖြစ်တဲ့ 3D modeling and CAD apps များ၊ အဆင့်မြင့် visual effects တွေသုံးစွဲထားတဲ့ ဂိမ်းတွေအတွက် ပေါ့ပါးစွာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ အဲဒိအတွက် နည်းပညာ အသစ်ဖြစ်တဲ့ Metal ကိုသုံးစွဲ ထားမှာလည်းဖြစ်ပါတယ်။

iPad Air 2 မှာပါဝင်တဲ့ iSight ကင်မရာက အရည်အသွေးမြင့် 1080p HD videos များနဲ့ အသေးစိတ် ပုံဖော်နိုင်သော ဓာတ်ပုံများကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Sensor များကို အဆင့်မြှင့်တင် ထားသလို အဆင့်မြင့် မှန်ဘီလူးနှင့် စွမ်းဆောင်ရည်မြင့်သော image signal processor ကိုအသုံးပြုထား ပါတယ်။ FaceTime HD ကင်မရာကို လည်း ပြန်လည် ဒီဇိုင်းချထားကာ ပါဝင်လာတဲ့ sensor အသစ်က အလင်းရောင် နည်းပါးသည့် အခြေအနေတွေမှာတောင် ဗီဒီယို ဖုန်းခေါ်ဆိုမှုများကို ကြည်လင်ပြတ်သား စွာမြင်တွေ့ရနိုင်စေမှာဖြစ်ပါတယ်။

iSight ကင်မရာရဲ့ 8MP sensor နဲ့ 3264 x 2448 native resolution နဲ့ 1080p HD videos တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။Time-lapse video တွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ယခင် iPad Air အတိုင်းပဲ Touch ID ပါဝင်ကာ လုံခြုံရေးအတွက် အသုံးပြုနိုင်မှာဖြစ်သကဲ့သို့ iTunes, iBooks နဲ့ App Store တို့မှဝယ်ယူမှုများကို လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်မှာဖြစ်သလို Apple Pay ငွေပေးချေမှု စနစ်နဲ့လည်း online shopping တွေမှာလျှင်မြန် လွယ်ကူစွာနဲ့ဝယ်ယူနိုင် မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ Wi-Fi+Cellular က 16GB ဆိုလျှင် $629, 64GB ဆိုလျှင် $729 နဲ့ 128GB ဆိုလျှင် $829 ဖြစ်ပါတယ်။


 https://www.facebook.com/techspaceJournal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...