ဒူးနာရောဂါ သတိပြုစရာ
Written by ကြည်လွင်မြင့် (မုဒြာ)
အသက် ၅၀ ကျော် လူကြီး တစ်ဦးသည် အပြင် သွား စရာ ကိစ္စရှိသဖြင့် သွားပြီး အိမ်ပြန်ရောက် သည့်အခါ တိုင်း ခြေဆေးလေ့ ရှိသည်။ အပြင်ထွက်ပြီး ပြန်ရောက် တိုင်း ခြေဆေးလေ့ ရှိသည်မှာ သူ၏ အကျင့်ဖြစ်သည်။ မကြာမီပင်သူ့မှာ ဒူးနာရောဂါ ဖြစ်လာသည်။ ဖြစ်စက ဒူးထဲမှ ညောင်းသလိုလို ခံစားရပြီး လှေကား အဆင်း အတက်များသော နေရာတစ်ခု သွားပြီးနောက်တွင် သိသိသာသာ နာလာသည်။ ထို့နောက် တွင်တော့ သူ့မှာ ဒူးနာရောဂါ စွဲသွားတော့သည်။ စွဲသွားသည် ဆိုခြင်းမှာ ဒူးနာရောဂါ မပျောက်တော့ဘဲ စွဲစွဲမြဲမြဲ ဖြစ်နေသောကြောင့် ဖြစ်သည်။ အထိုင်အထပြုလုပ်တိုင်း ဒူးထဲမှ နာနေတော့သဖြင့် လက်ဖြင့် ထောက်၍သို့မဟုတ် တစ်ခုခုကိုကိုင်မှ ထိုင်ရထရသော အခြေအနေသို့ ရောက်နေပြီ ဖြစ်သည်။
အနောက်တိုင်းဆေးပညာအရ အသက်ကြီးလာလျှင် ဒူးအမာရွတ်များကြားမှ ထွက်သော ချောဆီသည် ဒူးနှင့် ခုံညင်း ပွတ်တိုက်မှုမှ ကာကွယ်ပေးသည်။ အရိုးပွပြီး ဒူးအနေအထားပုံမမှန်မဖြစ်ရာမှ ချောဆီ ထွက်အားလည်း နည်းသွားသောအခါတွင် ဒူးနာရောဂါဖြစ်သည်ဟု အဆိုရှိသည်။ အချို့မှာလည်း လူ အလွန်ဝသဖြင့် ဒူးဆက်က မထမ်းနိုင်တော့သဖြင့် အရွတ်များ၊ ဆိုင်းကြောများ ရောင်ရာမှဒူးနာရောဂါ ဖြစ်ရသည်ဟုဆိုသည်။
ဒဏ်ရာကြောင့်ဖြစ်သော ဒူးနာလည်းရှိသည်။ ဘောလုံးသမားများ၊ အပြေးအားကစား သမားများ၊ ဘတ်စကတ် ဘော၊ ဘော်လီဘော ကစားသူများတွင် အချင်းချင်း ခိုက်မိဒဏ်ကြောင့် ဒူးနာရောဂါ ရတတ်သည်။ ဘောလုံးသမား ဆိုလျှင် ပို၍ဆိုးသည်။ ဖိနပ်ဦးဖြင့် ကန်မိသဖြင့် ခုံညင်းကိုပင့်ထားသောဒူးအ ရွတ် ပြတ်သွားသဖြင့် ရာသက်ပန် နားလိုက်ရသူများပင်ရှိသည်။ ဒူးနာမှန်သမျှတွင် ခိုက်မိဒဏ်ကြောင့် ဖြစ်သော ဒူးနာမှာအဆိုးဆုံးဖြစ်သည်။
အားကစားသမားချင်း တူသော်လည်း တောင်တက် စက်ဘီးစီသမားများနှင့် အပြေးသမားများ၊ ခြင်းလုံး ခတ်ကစား သူများမှာ ဒူးနာရောဂါဖြစ်ခဲသည်ကို တွေ့ရသည်။ သူတို့၏ကစားနည်းမှာ ဒူးကိုပုံမှန်ကွေး ဆန့်လေ့ကျင့်ပေးသလို ဖြစ်သဖြင့် ဒူးနာရောဂါဖြစ်နေသူပင် ပျောက်ကင်းသွားနိုင်သည်ဟု ဆိုသည်။ ဒူးကို စက်ဘီးစီးသကဲ့သို့ ပုံမှန် ကွေးဆန့်ပြုလုပ်ပေးခြင်းသည် ဒူးထဲမှချောဆီ ထွက်စေရန် လှုံ့ဆော်ပေးသဖြင့် ဒူးနာရောဂါကို သက်သာစေသည် ဟု ဆိုသည်။ ခြေထောက်ကို ရေမကြာခဏဆေးသူများနှင့် ခြေဖဝါးရေစိုသော အလုပ်လုပ်သူများ ဒူးနာရောဂါ ရတတ်သည်။ ခြေထောက်ရေစိုသောအခါ ခြေမျက် စိအောက်ပိုင်းမှအပူသည် ဒူးသို့တက်သွားရာမှ ဒူးနာရခြင်း ဖြစ်သည်။ ခြေထောက်ခြေဖဝါးရေစိုခြင်း၊ ရေဆေးခြင်းသည် ညအိပ်ရာဝင် ဒူးအောက်ရေလောင်းခြင်းနှင့် မတူပေ။ ဒူးဆစ်မှအောက်ပိုင်းရေ လောင်းခြင်းသည်အပူများ၊ အပုပ်အခိုးများ မျက်စိသို့မတက်စေရန် ကာကွယ်ခြင်းဖြစ် သည်။ ခြေမျက်စိ အောက်ပိုင်းရေဆေးခြင်းများသည် မျက်စိသို့ အခိုးပို၍တက်စေသည်။
ရိုးရာဆေးပညာသဘောအရ ဝမ်းမီးကအစာကြေချက်ပြီးနောက် စွန့်ပစ်ရမည့်ဝမ်းနှင့် အပုပ်အခိုးများ သည် အောက်ပိုင်းသို့ လှည့်စမြဲဖြစ်သည်။ ကျင်ကြီးစွန့်၍လည်းကောင်း၊ လေလည်၍လည်းကောင်း၊ ခြေဖဝါးမှ ချွေးထွက် ၍ လည်းကောင်း အပုပ်အခိုးများကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ပစ်သည်။ ခြေဖဝါးမှ အပုပ်အခိုး မထွက်သူ သည် ခြေဆီမထွက်ဘဲ ခြေဖဝါးခြေဖနောင့်များတွင် အက်ကွဲကြောင်းများထင်လာ ပြီး တေဇော၊ ဝါယော အပူကန် လက္ခဏာများ ပြလာလေသည်။ ထိုသူများသည် ခြေသလုံးများ ညောင်းညာကိုက်ရာမှစ၍ ဒူးအထိတက်လာလျှင် ဒူးနာခြင်း၊ ခါးအထိတက်လာလျှင် ခါးနာခြင်း၊ ကျောက်ကပ် အပူခိုခြင်း၊ လက်ပြင်မှဇက်အထိတက်လာလျှင် ဇက်ကြောထိုးခြင်း၊ ဦးခေါင်းအထိ အပူ အပုပ်အခိုးများတက်လာသောအခါတွင် မျက်စိမှုန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းများ ဖြစ်ပွား နိုင်ပေသည်။
ညအိပ်ရာမဝင်မီ (နောက်ဆုံး အစာစားပြီးချိန်နှင့် နှစ်နာရီခြား) အစာသစ်အိမ်မှာ အစာမရှိ၊ အစာ ဟောင်းအိမ်သို့ အစာများရောက်မည့်အချိန်တွင် ဒူးအောက်ပိုင်းရေဆေးခြင်းသည် လူကိုအကျိုးပြု သည်။ ညဦးပိုင်းတွင် ကောင်းစွာ အိပ်စက်စေနိုင်သည်။ ခြေဖဝါးအောက်ပိုင်း အပူများစီးဆင်းသွားစေ ရန် ဒူးအထက်ပိုင်း (ပေါင်လယ်ခန့်) မှအောက် သို့ ရေလောင်းချရမည်။ ရေနွေးဖြင့်ခြေမဆေးရ။ ရေဖလားဖြင့် (၇) ခွက်လောင်းရမည်ဟု ရှေးကအယူရှိသည်။ သို့မှသာ အပူကုန်မည်။ အပုပ်အခိုးအ ငွေ့များ အောက်သို့ဆင်းမည်ဟု ယူဆရသည်။
နေ့လယ်နေ့ခင်းအချိန် အပြင်သွားပြီး ခြေထောက်မှာ ညစ်ပတ်လာသဖြင့် ရေမဆေးမဖြစ် ဆေးရမည် ဆိုလျှင် လိုက်နာရမည့်အချက်များမှာ -
(၁) ခြေထောက်ရေမဆေးမီ ရေအေး တစ်ခွက်အရင် သောက်ပါ။
(၂) လုံချည် သို့မဟုတ် ထဘီကို သေချာစွာ ခါးတောင်းကျိုက်ပြီး ဒူးအထက်မှစ၍ အောက်ပိုင်းသို့ ရေ လောင်းချပါ။
(၃) ရေအေးဖြင့်သာ ရေဆေးပါ။ ရေနွေးမစပ်သင့်ပါ။
(၄) ရေဖလားဖြင့် (၇) ခွက်မှ အထက်လောင်းဆေးပါ။
(၅) လည်ချောင်းနာနှင့် အာသီးရောင်ရောဂါရှိသူများ ခြေထောက်ရေလောင်းနေစဉ် ပါးစပ်ထဲတွင် ရေကိုငုံထားပါ။ ဤနည်းဖြင့် အာသီးရောင်ခြင်းကို ကာကွယ်နိုင်သည်။
(၆) ရေလောင်းပြီးနောက် ခြောက်သောအဝတ်ဖြင့် ခြေနှစ်ဖက်စလုံးကို ရေပြောင်စင်အောင်သုတ်ပါ။ အခိုးများ ထွက်လာသည်အထိ သုတ်ပေးပါ။
(၇) မျက်နှာသစ်လိုလျှင် မျက်နှာအရင်သစ်ပြီးမှသာ ခြေထောက်ကို ရေဆေးပါ။ ခြေဆေးပြီးမှ မျက်နှာ မသစ်ပါနှင့်။
ဤနည်းများအတိုင်း ကျင့်သုံးလျှင် ခြေထောက်ဆေးခြင်းကြောင့် ဒူးနာရောဂါဖြစ်ခြင်းကိုလည်း ကာကွယ်ရာရောက် ပါသည်။ အသက်ငယ်ငယ်ဖြင့် ဒူးနာသူများသည် ခြေထောက်မကြာမကြာ ရေဆေး လေ့ရှိသူများဖြစ်ကြောင်း တွေ့ရပါသည်။
အချို့ဒူးနာသူများကို X-ray ဓာတ်မှန်ရိုက်ကြည့်သောအခါ ခုံညင်းအောက်ခံတေ့ဆက်ဖြစ်နေသော ဒူးအရိုးကြီးတွင် အချွန်အတက်ကျီးပေါင်းများကို တွေ့ရတတ်သည်။ ထိုသူများသည် အထိုင်အထတွင် လုံးဝသတိထားရသည်။ လှေကားအတက်တွင် သိပ်မနာ၊ လှေခါးအဆင်းတွင် ပို၍နာလေ့ရှိသည်။ ဒူးအဆစ်အတွင်း အဆီခန်းရာမှ အရိုးပွ လာပြီးကျီးပေါင်းတက်လာခြင်း၏ မူလတရားခံမှာအထိုင်များပြီး လမ်းအလျှောက်နည်းခဲ့ခြင်းကြောင့် ဖြစ်သည်။ လူတိုင်းတစ်နေ့လျှင် ၁ နာရီခန့် သို့မဟုတ် ၂ မိုင်ခန့် လမ်းလျှောက်ပေးလျှင် ဒူးဆစ်အဆီခန်းခြင်းနှင့် အရိုးပွခြင်းမှ ကာကွယ်နိုင်သည်။ ဒူးနာရောဂါရှိသူများ သည်ဝမ်းတွင်းသားနှင့် အနီရောက်ရှိသော အသားများကိုလည်း ရှောင်ကြဉ် သင့်သည်။ ထိုအသားများ သည် အနောက်တိုင်း ဆေးပညာအလိုအရ Uric Acid များသော အစာများ ဖြစ်ပြီး တိုင်းရင်းအလိုအရ လည်း အပုပ်စာနှင့် တေဇော၊ ဝါယောကြွစေသော အစာများဖြစ်သည်။ ထိုအစာများကို လုံးဝရှောင် ကြဉ်ပြီး အသီးအနှံနှင့်ငါးကို စားသုံးသင့်သည်။
ဒူးနာရောဂါရှိသူများနှင့် သင့်တင့်သော အသီးအနှံမှာဓာတ်စာအပြင် ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ပဲရာဇာ နှင့် မြေထောက်ပဲများ၊ ဒန့်သလွန်သီး၊ ကျောက်ဖရုံသီး၊ ပဲလင်းမွေသီး၊ ဂေါ်ရခါးညွှန့်၊ ကန်စွန်းရွက်၊ ချဉ် ပေါင်ရွက်၊ မျှစ်ချို၊ ပဲစောင်းလျားသီး၊ ရှောက်သီး၊ ကျွဲကောသီး၊ ထောပတ်သီး၊ ကမ္ဗလာသီး၊ လိမ္မော် သီး၊ မုံလာဥဖြူ၊ မုံလာဥနီ စသည် များကို စားပေးသင့်သည်။ ဒူးနာအတွက်လိမ်းသောဆေးမှာ -
(၁) ချင်းအခြောက်မှုန့် ၂ ကျပ်ခွဲသား
(၂) လင်းနေအမှုန့် ၂ ကျပ်သား
(၃) မုံညင်းဆီစစ်စစ် ၁၀ ကျပ်သား
(၄) ပရုပ်မှုန့် ၁ ကျပ်သား
ဆေးဖော်နည်းမှာ သန့်ရှင်းသောချင်းတက်နှင့် လင်းနေတို့ကို ပရဆေးဆိုင်မှ ဝယ်ယူပြီးသံဆုံတွင် ထောင်း၍ အမှုန့်ပြုလုပ်ပါ။ နေလှန်းထားပါ။ သေချာစွာခြောက်သွေ့သောအခါ မုံညင်းဆီစစ်စစ်ကို ဒယ်အိုးတွင် ၁၀ ကျပ်သား ထည့်၍ မီးနွေးနွေးဖြင့်တည်ထားပါ။ အမြှုပ်တက်ဆူလာသောအခါ ချင်း ခြောက်နှင့် လင်းနေအမှုန့်များကိုထည့်ပြီး ချထားပါ။ အငွေ့သေသောအခါမှ ပရုပ်မှုန့်ထည့်ပြီး လေလုံ အောင်အုပ်ထားပါ။ အကယ်၍ မုံညင်းဆီ စစ်စစ်မရနိုင် ခဲ့လျှင် မိမိအရပ်ဒေသထွက် နှမ်းဆီစစ်စစ်ကို ဆေးချက်ရန် အသုံးပြုနိုင်ပါသည်။ မုံညင်းဆီကဲ့သို့ပင် နှမ်းဆီသည် လည်း ပူ၍ အခိုးပွင့်စေသော သတ္တိ ရှိပါသည်။ ဒူးဆစ်အတွင်းမှ အရွတ်များ မခြောက်စေရန်အတွက် လိမ်းဆေး အဆီကို နေ့စဉ်လိမ်းပေး သင့်ပါသည်။ ထိုဆေးကိုညအိပ်ရာဝင်အချိန်တိုင်းလိမ်းပါ။ လိုအပ်လျှင် ဆေးလိမ်းပြီး ပတ်တီးစည်းထား ပါ။ ဒူးနာရောဂါမှန်သမျှ သက်သာစေနိုင်သော ဆေးနည်းဖြစ်ပါသည်။
ကြေးမုံသတင်းစာ
စက်တင်ဘာ (၂၉) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+