သင့်ကြောင့် သင့်သားသမီး များ၏ ဘ၀ မပျက်စီးပါစေနှင့်
ရည်မွန်အောင်
ကျွန်မရဲ့ ဆယ်နှစ် အရွယ် သမီးလေး လီလီ စိတ်ကု ပညာရှင်၏ ရုံးခန်းထဲသို့ ရောက်ရှိနေသည်။ လီလီမှာ စိတ်ရောဂါ ခံစားနေရ ခြင်းကြောင့် မဟုတ်၊ ဉာဏ်ရည် မပြည့်ခြင်းကြောင့်လည်း မဟုတ်ဘဲ အခြားအကြောင်း တစ်ခုကြောင့် စိတ် ကုပညာရှင်နှင့် တွေ့ဆုံနေရခြင်း ဖြစ်သည်။ လီလီကို စိတ်ဆင်းရဲအောင် လုပ်ဆောင် နေသည့် အရာမှာ သင်္ချာဘာသာရပ် ဖြစ်သည်။ “သင်္ချာကို ဘာကြောင့် ကြောက်နေတာလဲ”ဟု စိတ် ကုပညာရှင်က မေးသော အခါ လီလီက ပုံတစ်ပုံ ဆွဲပြသည်။
ပုံထဲတွင် အမျိုးသမီး တစ်ဦး၊ ခါးထောက်လျက် မနှစ်သက်သော အမူအရာနှင့် မတ်တပ်ရပ်လျက်ရှိ နေသည်။ ပါးစပ်ကလည်း ဝေဖန် ပြစ်တင် လိုဟန် ဖွင့်လှစ် ထားသည်။ ပုံကို ကျွန်မ တစ်ချက်ကြည့် လိုက်သည်။ ကျွန်မနဲ့ တူလိုက်သည့် ဖြစ်ချင်း။ဒါပေမဲ့ သမီးလေးက ဒီပုံဟာ သူ့ပုံပါ၊ ညံ့ဖျင်းလွန်း တဲ့ သူ့ပုံစစ်စစ်ပါ ဟု တဖွဖွ ပြောနေခဲ့ သည်။ ကျွန်မ အတော့်ကို စိတ်မကောင်းဖြစ် သွားမိသည်။
ယနေ့ခေတ် ပညာရေး အသိုင်းအ၀ိုင်းရှိ ယှဉ်ပြိုင်မှု မျိုးစုံကြောင့် စစ်ဆေးလွှာများ၊ စာမေးပွဲများနှင့် စွမ်းဆောင်ရည် သုံးသပ်ချက် များကို ကလေးများသည် ငယ်ရွယ်စဉ် ကတည်းက နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရပြီ ဖြစ်သည်။ ဆရာများနှင့် မိဘများ အတွက် ကလေးငယ်တွေ ငယ်ရွယ်စဉ် ကတည်းက ဘာတွေ၊ ဘာတွေကို တတ်မြောက် ထားရမည် ဆိုသည့် မျှော်လင့်ချက်များ ကလည်း မြင့်မားသထက် မြင့်မားလာ ခဲ့သည်။ မိဘများက အဲဒီလောက် မျှော်မှန်းနေပြီဖြစ် သောကြောင့် ကလေးတွေ ကလည်း ဒါတွေ ဒါတွေကို တတ်မှ လူရာ ၀င်မယ်၊ မိဘ တွေ၊ ဆရာ တွေရဲ့ ချစ်ခင်ယုယခြင်း ကိုခံရမယ် ဆိုသည့် အဖျက်သဘော ဆောင်သော အမြင်များကို လက်ခံလာခဲ့သည်။
သမီးလေး လီလီကို ဖိအားပေးဖို့ ကျွန်မ မရည်ရွယ်ခဲ့ပါ ဘူးရှင်။ အခြားမိဘတွေ လိုပါပဲ ကိုယ်သားသမီးလေး အစစ အရာရာမှာ အောင်မြင်ဖို့ သာ ရည်မှန်းခဲ့ တာပါ။ လီလီကို မွေးချိန်၊ ချက်ကြိုးဖြတ်ချိန် ကတည်းက ကျွန်မမှာ စိုးရိမ်စိတ် တစ်ခုသာ ရှိခဲ့သည်။ယင်းမှာ ကိုယ့် သားသမီးတွေ အတော် ဆုံး၊ အထက်ဆုံး၊ အကောင်းဆုံး ဖြစ် လာအောင် လုပ်ဆောင်ပေးဖို့ တတ်နိုင်ပါ့မလား ဆိုသည့် စိုးရိမ်စိတ်သာ ဖြစ်သည်။ ကလေးငယ်ရဲ့ ဦးနှောက် တွင်းမှာ ရှိတဲ့ နာ့ဗ်ကြော ပေါက်ကွဲမှုဟာ သုံးနှစ် အရွယ်မှာ အဆုံးသတ် သွားတယ်လို့ စာတွေပေတွေက တစ်ဆင့် ကျွန်မ သိထားခဲ့သည်။ သမီး ဦးလေး ဆိုတော့ ကျွန်မ အနေနှင့် ကလေး၏ ဦးနှောက် တိုးတက် ဖွံ့ဖြိုးမှုကို ပုံသွင်းနိုင်မည်ဟု ယုံကြည်ခဲ့သည်။ ဒါကြောင့်ပဲ သင့် ကလေးကို ထက်မြက်သူ တစ်ဦး ဖြစ်အောင် ဘယ်လို လုပ်မလဲ၊သင့်ကလေးကို ပါရမီရှင် ဖြစ်အောင် လုပ်ဆောင်ပါ အစရှိသည့် စာအုပ်တွေကို ၀ယ်ယူပြီး အငမ်းမရကို ဖတ်ရှုခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုတွေ အဆင့်ဆင့် ရရှိနေသော သမီးလေး၏ ပုံကိုလည်း စိတ်ကူး ယဉ်မိခဲ့သည်။ မိဘနှင့် ဆရာ တွေ့ဆုံပွဲများ တွင်လည်း လီလီလေး ကျောင်းနေ ပျော်နေပြီး စာတော်သည်ဟု ပြောဆိုနေသည့် ဆရာများ၏ စကားကြောင့် ကျေနပ်ခြင်း မရှိခဲ့။
ကျွန်မသမီးလေးကို ဒီထက် မျှော်လင့်ထား ခဲ့သည်။ ကလေးတိုင်း နီးပါး ကျောင်းနေပျော် နိုင်သည်။ ကျွန်မ သမီးက ဒီကလေး အားလုံး ထက်သာ ရမည်။ လက်ချောင်းလေး တွေမှာ ဆေးလေးတွေ သုတ်ပြီး ပုံဆွဲတတ်သည့် အရွယ် မှာ ကတည်းက ကျွန်မ လီလီကို ပြောထားခဲ့သည်။ သမီး ဟာ မိုနေးတို့၊ အိုင်းစတိုင်း တို့လို ဖြစ်လာနိုင်သည်။ သမီးလေး ကတော့ ကျွန်မပြောဆို တာကို နားမလည်သလို မျက်လုံးအ၀ိုင်း သားလေးနှင့် ကြည့်နေ ခဲ့သည်။
သို့သော် ကလေးငယ်များမှာ တိရိစ္ဆာန် များကဲ့သို့ ဆပ်ကပ်တွင် အသုံးတော် ခံရန် လေ့ကျင့် သင်ကြားပေး လို့ရ သည့် သတ္တ၀ါများ မဟုတ်ခဲ့ပါ။ ကလေးတွေကို ဖိအားပေးသည့် မိဘဖြစ်မှု သို့မဟုတ် စာတွေ ပေတွေ အခေအရ ကျားမိဘ ဖြစ်မှုတွင် အောင်မြင်မှု ရရှိရန်မှာ ကိုယ်သွန်သင်သည်ကို နောက်က လိုက်နိုင်သည့် ကလေးငယ် တစ်ဦးတော့ အနည်းဆုံး ရှိဖို့လို ပါသည်။ ကျွန်မ၏ သမီးလေး လီလီ ထူးချွန် ထက်မြက်မှု ရှိရေး လုပ်ဆောင်မှု ကြောင့် ကျွန်မတို့ အိမ်မှာ ပျော်ရွှင်မှုတွေ ရှိနေသည့် အိုအေစစ်လေးက ကန္တာရ ဖြစ်လာခဲ့ သည်ကို ကျွန်မ သတိ မထားမိဘဲ ရှိခဲ့သည်။ အမေနှင့် သမီး အတူရှိ နေသည့် လွတ်လပ်သော အချိန်လေးများ ပင်လျင် ပညာရေး ဆိုင်ရာ ဂိမ်းတွေ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ သမီးလေး အတွက် ကိတ်မုန့်ဖုတ် သည့် အချိန်များ ပင်လျင် ကျွန်မသည် လီလီလေးကို အလေးချိန်တွေ၊ တိုင်းတာပုံတွေ အကြောင်း ပြောနေမိခဲ့သည်။
သမီလေး လေးတန်းနှစ် ရောက်သည့် အချိန်မှာတော့ သမီးနှင့် ကျွန်မတို့ အတွက် သတိပေး အချက်ပြမှု တစ်ခု ရှိလာ ခဲ့သည်။ လီလီ၏ သင်္ချာ အိမ်စာများမှာ ကျွန်မနှင့် သမီးလေးကြား စစ်မြေပြင် ဖြစ်လာခဲ့သည်။ ပထမတော့ လီလီလေး ဂဏန်းသင်္ချာနှင့် ပတ်သက်ပြီး မှတ်ဉာဏ်ချို့တဲ့သော ရောဂါ ရှိနေ ပြီဟု ကျွန်မ စိုးရိမ်တကြီး ထင်မိခဲ့ သည်။ နောက်ပိုင်း ပညာရေး စိတ်ပညာရှင်များနှင့် တွေ့ဆုံ အကြံတောင်း ပြီးနောက်တွင် သိလာခဲ့ သည်က လီလီ သည် သင်္ချာ မညံ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ချို့ယွင်းနေခြင်းသာ ဖြစ်သည်။ တစ်နည်းပြောရလျင် သင်္ချာ ကြောက်သည့် စိတ်လွှမ်းမိုးနေခြင်း ဖြစ်သည်။ ဖိအားများသည့် အချိန်မျိုး သင်္ချာတွက်ရ တော့မည် ဆိုလျင် လီလီ၏ အပြင်ပန်းက ပုံမှန်ဖြစ်နေ သော်လည်း အတွင်းစိတ် မှာတော့ ဘာကိုမှ သတိမရ တော့ဘဲ ဖြစ်သွားတတ်သည်။ သင်္ချာသည် အန္တရာယ် ဆိုသည့် အချက်ကို သူ့ဦးနှောက်ထဲ သံမှိုစွဲ သွားပြီ ဖြစ်သည်။
အာရုံကြော ဘာသာဗေဒ ပညာရှင် ဂျင်းနီ ဖော်စတာနှင့် တွေ့ဆုံပြီး အကြံတောင်း ရတော့သည်။ ကုခန်း ပညာရှင် အဖြစ် အတွေ့အကြုံ အနှစ် (၃၀) ခန့်ရှိ နေသည့် ဂျင်းနီက ကလေးငယ် များအား ငယ်ရွယ်စဉ် ကလည်းက ထူးချွန် ထက်မြက်အောင်၊ စာတော်အောင် ဖိအားပေးမှုကြောင့် ယင်းကလေးငယ် များသည် သင်ယူမှုကို ကြောက်လန့် စိတ် ရှိလာတတ်ကြောင်း ရှင်းပြသည်။ ဂျင်းနီ ကူညီပေးနေသည့် ကလေး များတွင် အသက်(၆) နှစ်အရွယ် များပင် ပါဝင်သည်။
ဖိအားပေး မှုကြောင့် ကလေးငယ်တွေ ဘက်စုံ ထူးချွန်လာမည့် အစား ကလေးငယ်များ စွမ်းဆောင်ရည် ပိုညံ့ဖျင်း သွား တတ်ကြောင်း နောက်ပိုင်း တွင် ကျွန်မသိရှိ လာခဲ့သည်။ အရွယ်နှင့် မလိုက်အောင် ဖိအားပေးခံ ရမှုကြောင့် ကလေးငယ် များသည် နောက်ပိုင်းတွင် သူတို့ ကိုယ်သူတို့ အရည်အချင်း မရှိဘူးဟု ထင်မြင်လာ တတ်သည်။ လူကြီးများ၏ မျက်လုံးထဲ တွင်တော့ ကလေးငယ်တွေ ပျင်းသည်၊ စာကို စိတ်မ၀င်စားဘူးဟု ထင်မြင်တတ် ကြသည်။ သို့သော် ကလေးငယ်များသည် မိဘများ၊ ဆရာများ အလိုကျ အကြိမ်ကြိမ် ကြိုးစားပြီး နောက်ဆုံးတွင် အရှုံးပေးခဲ့ ရသူ လေးများသာ ဖြစ်ကြောင်း ပညာရေး စိတ်ပညာရှင် နိုဝယ် ဂျနစ်-နော်တန်က ပြောဆိုခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း မိဘများ၏ အမြင်တွင် ကလေးငယ် များသည် တစ်ဘာသာ၊ နှစ်ဘာသာ လောက် ထူးချွန် နေရုံနှင့် မဖြစ် တော့ကြောင်း ယူဆလာ ခဲ့သည်။ ဘက်စုံ ထူးချွန်သော ကလေး ဆိုသည်မှာ စာလည်း တော်ရမည်၊ အားကစား လည်း ချွန်ရမည်၊ ဂီတတွင်လည်း ပေါက်မြောက် ရမည်ဟု မိဘ အားလုံးက တစ်ညီတစ်ညွတ်တည်း ယူဆခဲ့ကြသည်။ ယင်းကြောင့် ကလေးများကို စာသင်ကျောင်းတွင် ဖိအားပေး သင်ကြား သည်။ ကျောင်းချိန် ပြင်ပတွင် သင်တန်း မျိုးစုံ တက်ရောက် စေသည်။ မိဘများသည် သားသမီး၏ ဖွံ့ဖြိုးရေးတွင် အလွန်အကျွံ ရင်းနှီး မြုပ်နှံပြီး ရဲရင့်သော ကမ္ဘာသစ်၏ ထူးချွန် ပြောင်မြောက်သော မဟာ ပညာကျော်လေးများ ဖြစ်အောင် ကြိုးပမ်းကြသည်။ အကျိုးဆက်မှာ အလွန်အမင်း စိုးရိမ်တတ် သည့် ကလေးများကို မွေးထုတ် လိုက်ခြင်း ဖြစ်သည်။ ကုလ ကလေးငယ်များ ဆိုင်ရာ ဌာနသည် နိုင်ငံ (၂၁) နိုင်ငံရှိ ကလေးငယ် များ၏ ပျော်ရွှင်မှုကို လေ့လာ ခဲ့ရာ ပညာထူးချွန် လှသည်ဟု သတ်မှတ်ခံထား ရသော ဗြိတိန်ရှိ ကလေးငယ် များ၏ ပျော်ရွှင်မှု အနေအထား သည် အဆင့် (၁၆) သာရ ရှိခဲ့ သည်။ ကလေးများ ပညာချွန်သော်လည်း ပျော်ရွှင်မှု မရှိကြောင်း ထင်ဟပ်ပြ လိုက်ခြင်း ဖြစ်သည်။
ဒီနေရာမှာ သရော်ချင်စရာ ကောင်းသော အချက်မှာ ကျားမိဘများသည် သားသမီးကို ကာကွယ်ပေး နိုင်ရန် ပြုလုပ်နေ သော်လည်း သူတို့ လုပ်ဆောင်ချက်ကြောင့် သားသမီးနှင့် ဝေးသထက် ဝေးသွားခြင်း ဖြစ်သည်။ ကလေးတွေကို ဘာပဲဖြစ်ဖြစ် ချစ်နေမှာ ဖြစ်ကြောင်း မိဘများက ပြောဆိုနေ သော်လည်း ယင်း ပြောဆိုမှုမှာ ကလေးများ အတွက် အဓိပ္ပာယ် မရှိသော စကားများသာ ဖြစ်လာခဲ့သည်။ ဒါ ခိုင်းရင် ဒါလုပ်ရသည့် အရုပ်များ ဖြစ်အောင် လုပ်ဆောင် နေသည့် မိဘများကို ကလေးများက မကျေမနပ် ဖြစ်လာခဲ့သည်။ မိဘများ စိတ်ပျက်အောင် လုပ်မိနေပြီဟု ကလေးများက ထင်မြင်လာမည့် အစား သူတို့လေး တွေသည် မိဘများနှင့် အဆက်အသွယ် ပြတ်ချင်လည်း ပြတ်သွားမည် သို့မဟုတ် လူတိုင်း စိတ် ကျေနပ်အောင် လုပ်ပေးတတ်သည့် ဟုတ်ကဲ့ ကိုကို၊ မမလေး တွေလည်း ဖြစ်သွားနိုင်ပေသည်။
လီလီလေး ကဲ့သို့ သူတို့လေး တွေသည် မိဘများအား ပြဿနာ၏ တစ်စိတ်တစ်ပိုင်း အဖြစ် မြင်လာခဲ့သည်။ လီလီ မျက်လုံး ထဲတွင် ကျွန်မမှာ ဖိအားပေး တတ်သည့် စာသင်ကျောင်း စနစ်၏ ဘက်တော်သားကြီး ဖြစ်ခဲ့သည်။ လီလီမှာ ကျွန်မနှင့် ဆုံတိုင်း မျက်လုံးချင်း ဆုံအောင်ပင် မကြည့်တော့ သလို ကျွန်မ အနားနားမှာရှိ နေလျင်လည်း စိတ်ဖိစီးနေသည့် ပုံရလာသည်။
ကိုယ့်အပြစ် ကိုယ်သိလာသော ကျွန်မလည်း လမ်းကြောင်း ပြောင်းလိုက်ပါသည်။ လီလီကို လီလီသာ ဖြစ်စေရ မည်ဟု ကျွန်မ ဆုံးဖြတ် လိုက်သည်။ ကျွန်မမှာ ရှေ့က လမ်းညွှန် သူမဟုတ်၊ ဘေးက ဖေးမသူသာ ဖြစ်ရမည်ဟု ဆုံးဖြတ်ချက်ချ လိုက်သည်။ ယခု အချိန်တွင် (၁၂) နှစ်ရှိနေပြီ ဖြစ်သော လီလီသည် သူ့နည်း သူ့ဟန်ဖြင့် အောင်မြင်မှု ရနေပြီ ဖြစ်သည်။
ကိုယ့်သားသမီးနှင့် ဆက်ဆံရေး ပြန်လည် ပြေလည် သွားရေး အတွက် မိဘများ ပထမဆုံး ၀န်ခံရမည့် အချက်မှာ စိတ်ဖိစီးမှု ရှိနေသော ကလေးငယ် သည် ကောင်းစွာ သင်ယူနိုင်စွမ်း မရှိဆိုသည့် အချက် ဖြစ်သည်။ အကောင်းဆုံး အချက်မှာ လက်ချာ မပေးနှင့်၊ ဖေးမမှုသာ ပေးပါသာ ဖြစ်သည်။ နေအိမ် အား ပညာရေး ဆိုင်ရာ စခန်းသွင်း လေ့ကျင့်မှု အဖြစ်မှ ပျော်ရွှင်မှု ဗိမာန်လေး ဖြစ်အောင် ကြိုးပမ်းရပါမည်။
အောင်မြင်သော မိဘတစ်ဦး ဆိုတာ ဘာလဲဆိုသည့် အချက် ကိုလည်း ပြန်လည် သုံးသပ်ပြီး ကလေးငယ်များ နေရာတွင် ၀င်ရောက် ခံစားကြည့်ရ ပါမည်။ ကိုယ့်သားသမီးငယ်များ ကြီးပြင်း လာသည့် အခါ သူတို့ရဲ့ ကလေး ငယ် ဘ၀ကို ဘယ်လို ပြန်လည် သုံးသပ်မလဲ ဆိုသည့် အချက်ဖြင့် စတင် ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေ တွေ့ရှိခွင့် ရရှိခဲ့သည့် ကလေးငယ် ဘ၀လား၊ စာမေးပွဲ တစ်ခုမှ အခြား စားမေးပွဲ တစ်ခုကို လွန်းပြန် ပြေးလွှား ဖြေဆိုနေ ရသည့် ကလေးငယ် ဘ၀လား ။ မိဘများ၏ ရွေးချယ်မှု အပေါ် မူတည်နေသည်ကို သတိရပါ။
ကိုယ့်သားသမီးလေးတွေ ထိပ်တန်း တက္ကသိုလ် တွေတက်၊ အကောင်းဆုံး အလုပ်အကိုင်တွေ ရရှိမှသာ ကိုယ့် ကိုယ်ကိုယ် အကောင်းဆုံး မိဘလို့ သတ်မှတ်မည်လား၊ ဒါမဟုတ် ပျော်ရွင်မှုရှိ၊ ကိုယ်ကျင့်တရား လည်းကောင်း၊ ထောက်ထား ညှာတာတတ် သူလေးတွေ ဖြစ်မှ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး မိဘလို့ သတ်မှတ်မည်လား ဒီမေးခွန်း နှစ်ခုအနက် တစ်ခုခုကို ဖြေဆိုကြည့် စေချင်သည်။
ဒီမေးခွန်းတွေက ဉာဏ်စမ်း မေးခွန်းတွေ မဟုတ်သည်ကို သတိထား စေချင်သည်။ ကလေးငယ် များကို ပြုစု ပျိုးထောင်ခြင်း ဆိုသည်မှာ အချိန်ပိုင်း အလုပ်မဟုတ် သောကြောင့် အထက်ပါ မေးခွန်းနှစ်ခု အနက် တစ်ခုခုကို ရွေးချယ်ခြင်း မပြုခဲ့ပါက မိဘဆိုသည့် အင်မတန် အရေးကြီးသော အလုပ်အကိုင်ကြီးကို လက်မခံလိုက်ပါနှင့် ဟုသာ ပြောလိုပါသည်။ သင့်ကြောင့် မီးမလောင်ပါစေနှင့် ဟု သတိပေးချက်ရှိ သလို မိဘများ ကိုလည်း သင့်ကြောင့် သင့်ကလေးငယ် ဘ၀ မပျက်စီးပါစေနှင့် သာ ပြောပါရစေ။
Ref: Why I stopped being a tiger mother:NR

The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+