မပြုံးနိုင်သော အီဘိုလာ ဖိုးကံကောင်းများ
By ကိုထိုက်
လိုင်ဘေးရီးယားတွင် အီဘိုလာ ရှိကြောင်း စမ်းသပ် တွေ့ရှိ ခံရခြင်းသည် သေမိန့် ကျသည့် အလား ဆိုးဝါးသော အတွေ့အကြုံ ဖြစ်သည်။ အီဘိုလာကို ခန္ဓာကိုယ် သဘာဝ စနစ်ကိုက ခံနိုင်ရည်ရှိပြီး ပြန်ကျန်းမာ လာသူများ အတွက်ကား ကနဦးတွင် ၀မ်းသာစရာကြီး ဖြစ်၏။ သို့သော် လိုင်ဘေးရီးယား နိုင်ငံသား အများစု၏ အမြင်တွင် ကား အီဘိုလာ ဖြစ်ပွားပြီးပြန် ကျန်းမာ လာသူသည်ပင် အီဘိုလာပိုး အခြားသူဆီ ကူးစက် နိုင်ခြေရှိသေး သူအဖြစ် မြင်ကြပြီး ဝေးဝေး ရှောင်ရမည့် လူအဖြစ် သတ်မှတ် ထားကြသည်။ တစ်ကယ်လည်း ရှောင်ဖယ် ကြသည်။
အီဘိုလာ ဝေဒနာသည် တစ်ဦးသည် အီဘိုလာ ပိုးရှိကြောင်း စမ်းသပ် တွေ့ရှိပြီး ဆေးရုံတွင် အီဘိုလာဖြင့် သုံးလေးပတ်ခန့် နပန်းလုံး နေရချိန်တွင် အခြား သူများသို့ ကူးစက်မှု မရှိအောင် လောကကြီးနဲ့ အဆက်ဖြတ် ခံထားရသည်။ ကံဆိုး သူများလည်း လောကကြီး ကနေအပြီး ထွက်ခွာ သွားကြရသည်။ ကံကောင်း သူများကား အီဘိုလာကို ခန္ဓာကိုယ် စနစ်က အံတုနိုင်စွမ်း ရှိသွားကာ အသက်ရှင်ခွင့် ရကြသည်။ လောကကြီးနဲ့ အဆက်ဖြတ် ခံထားရသော အခြေအနေ မှသည် နောက်ဆုံးတွင် ဆေးရုံမှ ဆင်းခွင့်ရပြီး လောကကြီးနဲ့ ပြန်ဆက်သွယ်ခွင့် ရကြသည်။ သို့သော် လောကကြီးက သူတို့ ထင်ထားသလို မကြိုဆို။
သူတို့ အီဘိုလာနဲ့ နပန်းလုံး နေရသည့် သုံးလေးပတ် အတွင်းမှာပင် လောကကြီးသည် သူတို့ကို အမြင် ပြောင်းသွားပြီ။ သူတို့ ရပ်ကွက်ထဲ လမ်းထဲ ၀င်လာလျှင် လူအများက အီဘိုလာဘေးက လွတ်လာ သူကြီးဟု ဆိုကာ ကြိုဆိုရမည့် အစား ရှောင်လို့ပင် ပြေးကုန်ကြ သည်ကို တွေ့ရသည်။ ဆေးရုံမှာ လည်း လောကကြီးနဲ့ အဆက် ဖြတ်ခံရ၊ ပြန်ကောင်း လာတော့လည်း လူတွေက ရှောင်ပြေးနဲ့ အထီးကျန် ရပ်ဝန်းထဲမှာ ရှင်သန် နေကြရသည်။
အီဘိုလာ ကူးစက် ခံရပြီးနောက် ပြန်နာလန်ထ ကျန်းမာလာ သူများကို ကြောက်စရာ သတ္တ၀ါများ အလား သတ်မှတ်ကာ ပစ်ဖယ် ထားခြင်းမျိုး မလုပ်ကြဖို့ လိုင်ဘေးရီးယား ကျန်းမာရေးနှင့် လူမှုရေးရာ ၀န်ကြီး ဒေါက်တာ ဝေါ်လ်တာ တီဂွမ်နီဂေး ကလည်း နိုင်ငံကို တိုက်တွန်း ပြောကြား ထားသည်။ အီဘိုလာဘေးမှ ရှင်သန် ထမြောက် လာသူများကို ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြပါဟု ၀န်ကြီးက တိုက်တွန်းသည်။
အီဘိုလာမှ ရှင်သန် လာသူများသည် လူထုကို အီဘိုလာ အရေး ကျန်းမာရေး ပညာ ပေးနိုင်မည့် အကောင်းဆုံး လူများ ဖြစ်ကြောင်း၊ အီဘိုလာ မကူးအောင် မည်သို့ နေသင့်သည်ကို ကိုယ်တွေ့ သင်ခန်းစာနှင့် နှိုင်းယှဉ်ပြီး သင်ပြ ပေးနိုင်ကြသလို၊ အီဘိုလာ ဝေဒနာရှင် များအားလည်း အနီးကပ် ပြုစု စောင့်ရှောက်ကာ မေတ္တာ အနွေးဓာတ် ပေးနိုင်ကြမည် ဖြစ်သည်။ အီဘိုလာ ကူးစက်ခံ ရသော်လည်း ခန္ဓာကိုယ် စနစ်က သဘာဝ အတိုင်း ခုခံ တွန်းလှန် နိုင်စွမ်း ရှိသွား သူများသည် အီဘိုလာ ထပ်မံ ကူးစက် ခံရရန် မရှိတော့သဖြင့် အီဘိုလာ မကူး နိုင်တော့သူများ ဖြစ်လာကြသည်။
အခြား သူများအတွက် ကူးစက်ရန် အလွန် အန္တရာယ် များသော နေရာများတွင် ထိုသူများကို စေလွှတ်ကာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများလည်း တာဝန်ပေး ဆောင်ရွက်ခိုင်း နိုင်မည် ဖြစ်သည်။ ကူးစက် နိုင်ခြေများသော ဒေသများသို့ ကျန်းမာရေး ပညာပေးများ အဖြစ် သွားရောက် ရာတွင်လည်း ထိုသူများသည် ရှေ့ပြေး တပ်ဦးများ အဖြစ်များစွာ အားကိုးရမည် ဖြစ်သည်။
လိုင်ဘေးရီးယား မြို့တော် မွန်ရိုးဗီးယားတွင် အီဘိုလာဘေးမှ ရှင်သန်လာသူ ဖိုးကံကောင်း ကိုလီယာ ဘွန်နာဝိုလို အဖို့ ကျန်းမာရေး ၀န်ကြီး၏ စကားက များစွာ အကာအကွယ် မပေးနိုင်။ ဘွန်နာဝိုလို အဖို့ ပြန် ကျန်းမာလာခြင်းကို ပြုံးတစ်ဝက် မဲ့တစ်ဝက်ဖြင့် ခံယူနေရသည်။ ဘွန်နာဝိုလိုသည် လိုင်ဘေးရီးယား မြို့တော် မွန်ရိုးဗီးယားရှိ Redemption ဆေးရုံတွင် ဆရာဝန် လက်ထောက် အဖြစ် တာဝန် ထမ်းဆောင် နေစဉ် ဇွန်လ၌ အပြင်း ဖျားနေသော သူနာပြု ဆရာမ တစ်ဦးကို သူပြုစု ပေးခဲ့ရသည်။ သူနာပြု ဆရာမ၏ အဖျားသည် ရိုးရိုး အဖျား မဟုတ်ဘဲ အီဘိုလာ အဖျားမှန်း နောက်ကျမှ သူသိခဲ့ရသည်။ သူအီဘိုလာ ကူးခံခဲ့ရသည်။
ကူးခံရပြီး (၂၁) ရက် လုံးလုံး အီဘိုလာနဲ့ အသေအကျေ တိုက်ရသည်။
““၂၁ ရက်လုံးလုံး အထီးကျန် ဆန်ဆန် တစ်ကိုယ်တည်း စစ်ဆင် နေရတယ်။ အရမ်းလည်း ၀မ်းနည်း၊ အရမ်းလည်း စိတ်ဓာတ် ကျရတယ်။ ဒီလို အခြေအနေမျိုး ရောက်ရတဲ့ အတွက် ကိုယ့် ကိုယ်ကိုလည်း ယူကြုံးမရ ဖြစ်ရတယ်”” ဟု မစ္စတာ ဘွန်နာဝိုလိုက အီဘိုလာနဲ့ တိုက်ခဲ့ရစဉ်က အခြေအနေကို ပြန်ပြောင်း ပြောပြသည်။
သူသေမှာပဲဟု တွက်ထားခဲ့သည်။ မသေဘဲ ရှင်လာခြင်းကား ကံကောင်းခြင်းပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ အီဘိုလာလုံးဝ ပျောက်ကင်းပြီ ဖြစ်ကြောင်း ဆေးရုံက အသိအမှတ်ပြု လက်မှတ် ထုတ်ပေးကာ အိမ်ပြန်ခွင့် ပြုလိုက်ချိန်တွင် ဘွန်နာဝိုလို တစ်ယောက် အပျော်ကြီး ပျော်ပြီး ပြန်လာခဲ့သည်။ အမျိုးတွေရယ်၊ ရပ်ကွက်ထဲက လူတွေရယ် ပျော်ပျော်ကြီး ၀ိုင်းကြိုနေ ကြရော့မည်ဟု တွေးပြီး တက်ကြွစွာ ပြန်လာခဲ့သည်။ သို့သော် တကယ့် အမှန်တရားကား ခါးသီးလှသည်။ သူထင်ထားတာနဲ့ လွဲသည်။ သူလာတာ မြင်ရုံဖြင့် အားလုံး ရှောင်သွားကြသည်။
““ကျွန်တော် အီဘိုလာ ကင်းပြီလို့ ဘယ်လောက် ပြောပြော မယုံကြဘူး”” ဟု ဘွန်နာဝိုလိုက ပြောပြသည်။
သူဟာ အီဘိုလာ ထပ်မကူး နိုင်တော့ဘူး၊ သူဟာ အီဘိုလာဒဏ် ခံနိုင်သွားပြီဆိုတာ ဘယ်လောက် ရှင်းပြပြ လူတွေ လက်မခံကြ။ ဆံပင်ညှပ် ဆိုင်ကပင် သူ့ကို ညှပ်မပေး။
““ခင်ဗျား အီဘိုလာ ဖြစ်ဖူးတော့ ကြိုတင် သတိထားတဲ့ အနေနဲ့ ခင်ဗျားကို ညှပ်မပေးနိုင်ဘူး။ ဆောရီး ပါ”” ဟု ဆံပင်ညှပ် ဆရာက ပြောလွှတ်လိုက်သည်။
တစ်ခြား အီဘိုလာဘေးမှ ရှင်သန် လာသူများ နှင့် စာလျှင် ဘွန်နာဝိုလို တစ်ယောက် အတော် အခြေအနေ ကောင်းသေး သည်ဟုပင် ဆိုရမည်။ သူ့ထက် အခြေအနေ ဆိုးသူတွေ ရှိသေးသည်။
မြို့တော် မွန်ရိုးဗီးယား၏ နယူးမာတာဒီ ရပ်ကွက် တွင်လည်း သူ့လိုပင် အီဘိုလာဘေးမှ ရှင်သန်လာသူ တစ်ဦးကို လူအများက ၀ိုင်းရိုက် ကြသည့် ဖြစ်စဉ် ဖြစ်ပွား ခဲ့ဖူးကြောင်း ဘွန်နာဝိုလိုက ပြောသည်။ ထိုသူသည် မြို့တော်ရှိ ဂျွန်အက်ဖ် ကနေဒီ ဆေးရုံတွင် အီဘိုလာ ဝေဒနာ ရှင်များအား ပြုစု စောင့်ရှောက် ပေးရင်း ကူးစက် ခံခဲ့ရခြင်း ဖြစ်သည်။
ထိုသူသည် အီဘိုလာ ပျောက်ကင်းပြီး ဆေးရုံမှ ဆင်းလာသည့်တိုင် ဘေးပတ်ဝန်းကျင်မှ လူများကမူ သူသည် အီဘိုလာ ပျောက်ကင်းပြီဟု လိမ်ညာပြောပြီး အိမ်ပြန်လာသည်ဟု ယူဆ ထားကြသည်။ သို့ဖြစ်သောကြောင့် သူက တစ်ဆင့် ဘေးလူတွေ ကူးမှာစိုးကြောင်း ၀ိုင်းပြောကြရင်း အငြင်းအခုံ ဖြစ်ကြကာ နောက်ဆုံးတွင် လူအုပ်က ၀ိုင်းရိုက်သည့် အခြေအနေထိ ဖြစ်ပွားခဲ့ရကြောင်း ဘွန်နာဝိုလိုက ရှင်းပြသည်။
ထိုလူ ကြုံရတာ မျိုးလောက် မပြင်းထန် သည့်တိုင် အများစုသော အီဘိုလာဘေး ရှင်သန် ထမြောက် လာသူများသည် အတိုင်းအတာ တစ်ခုအထိ ပစ်ပယ် ခံထားရမှု များကြောင့် ကိုယ်ပိုင်း စိတ်ပိုင်း ဒဏ်ရာ အသီးသီး ရရှိနေကြသည်။ အီဘိုလာဘေးမှ ရှင်သန်လာသူ အများစုသည် ရပ်ထဲရွာထဲက လူများက ရှောင်ဖယ်ဖယ် လုပ်ခြင်း ခံကြရကြောင်း ပြောကြသည်။ အခြား သူများ မပြောနှင့် မိသားစုဝင်များ ကပင် သူတို့ အီဘိုလာ ပျောက်လာ ပြီဆိုတာ မယုံကြ။ လူတွေ ဒီလောက် အများကြီးကို တဖြုတ်ဖြုတ် ချွေပစ်နေသော အီဘိုလာက သူ့ကျမှ ရှင်လာသည်ဟုပင် မယုံနိုင်အောင် ဖြစ်ကြကာ ရှောင်ဖယ်ဖယ် လုပ်ကြတာမျိုး ကြုံနေရသည်။
ဘွန်နာဝိုလို၏ သူငယ်ချင်း တစ်ဦး ဖြစ်သော ဂျူးလိယက်စ် ဘရိုဝီသည်လည်း လိုင်ဘေးရီးယား ကျန်းမာရေး ဌာန တစ်ခုတွင် လုပ်ကိုင်ရင်း အီဘိုလာ ကူးစက် ခံခဲ့ရသူ ဖြစ်သည်။ သူသည်လည်း ပြန်ကောင်းလာသူ ဖိုးကံကောင်း များထဲတွင် ပါဝင်သည်။
အီဘိုလာ ကင်းစင်ကြောင်း ဆေးရုံက ထုတ်ပေးတဲ့ အသိအမှတ်ပြု လက်မှတ် ထုတ်ပြ တာတောင် မယုံတဲ့သူက မယုံကြဘူးဟု ၎င်းက စိတ်ပျက်စွာ ပြောသည်။
အီဘိုလာ ဖိုးကံကောင်းများ အဖို့ နေ့စဉ်နဲ့ အမျှ လူအဖွဲ့အစည်းက ရှောင်ဖယ်ခြင်း ဒဏ်ခံ နေရကြောင်း ဘွန်နာဝိုလိုက ပြောသည်။
““လိုင်းကားပေါ် တက်သွားကြည့်။ ကိုယ် အိဘိုလာ ဖြစ်ဖူးကြောင်း ကားသမားက သိထားတယ် ဆိုရင် ကိုယ့်ကို ကားပေါ်က ဆင်းခိုင်း တော့တာပဲ။ တစ်ခြား ခရီးသည်တွေလည်း ကားပေါ်က ဆင်းပြေးကြရော”” ဟု ဘွန်နာဝိုလိုက စိတ်မကောင်းစွာ ပြောပြသည်။
အိဘိုလာ ဖြစ်ပွားသူ၏ သွေးနှင့် ခန္ဓာ အရည်များမှ တစ်ဆင့် ကူးစက် နိုင်သဖြင့် အီဘိုလာမှ ပြန်ကောင်း လာသူများကိုပင် မယုံကြည်နိုင် ဖြစ်နေကြခြင်း ဖြစ်သည်။ အိဘိုလာ ဖြစ်ပြီး ပြန်ကောင်းလာသူ တွေဆီက ထွက်တဲ့ ခန္ဓာအရည်ဟာ ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ရှိသေးတယ်လို့ လူတွေ အလွဲ ယူဆနေကြ တာကြောင့် ကျွန်တော် တို့ကို ကြောက်ပြီး ရှောင်ဖယ်ဖယ် လုပ်နေကြတာပဲဟု ဘွန်နာဝိုလိုက ဆိုသည်။
ဘွန်နာဝိုလိုသည် အီဘိုလာ ဖိုးကံကောင်း အဖြစ် ရှင်သန် လာပြီးနောက် ပတ်ဝန်းကျင်၏ ဖယ်ကြဉ်မှုကို အံတုကာ သူလိုပင် အီဘိုလာ ဖိုးကံကောင်းများ စုစည်းကာ အီဘိုလာ ကျန်းမာရေး ပညာ ပေးရေးနှင့် စောင့်ရှောက်မှု အဖွဲ့ ဖွဲ့စည်းသည်။ အီဘိုလာ ဝေဒနာ သည်များကို ပြုစုပေးသည်။ ပညာပေး လုပ်ငန်းများလည်း လိုက်လုပ်သည်။ ဖိုးကံကောင်းများ အဖို့ အီဘိုလာထပ် ကူးစက်ခံရမှာ စိုးရိမ်ရန် မလိုတော့သဖြင့် အန္တရာယ် များသော နေရာများမှာပင် အလုပ် လုပ်နိုင်ကြသည်။ အခုဆို ဘွန်နာဝိုလိုတို့ အစုတွင် လူတစ်ရာကျော် ပါဝင်နေပြိ။
ဖိုးကံကောင်း များသည် အီဘိုလာဒဏ် ခံစားဖူးသူများ ဖြစ်သောကြောင့် အီဘိုလာ ဝေဒနာသည်၏ ခံစားချက်ကို နားလည်သည်။ ကျန်းမာရေး ၀န်ထမ်းများအား အီဘိုလာ ဝေဒနာသည် ပြုစုနည်းများကိုပါ အကြံ ပေးနိုင်ကြသည်။
နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကလည်း အီဘိုလာ ဖိုးကံကောင်းများကို ကျန်းမာရေး အဖွဲ့တွင် ခေါ်ယူ ခန့်ထားလျက် ရှိသည်။ အီဘိုလာ ဝေဒနာရှင်များ အနေဖြင့် ဖိုးကံကောင်းများကို မြင်ရခြင်းဖြင့် သူတို့လည်း အီဘိုလာဒဏ်မှ ရုန်းထ နိုင်မည်ဟု အားတက်ကာ ကျန်းမာလာဖို့ ရာခိုင်နှုန်း ပိုများ လာရသည်။ ပြန်ကျန်းမာ လာသူများ အနေဖြင့် လူ့အဖွဲ့အစည်းက ရှောင်ဖယ်ခြင်း ဒဏ်ကိုတော့ ဆက်လက် ကြံ့ကြံ့ခံကြ ရဦးမည် ဖြစ်သည်။
““လူတွေက ရှောင်ဖယ်ဖယ် လုပ်ပြီး မဆက်ဆံချင်သလို လုပ်တော့ အစပိုင်းတော့ ဒေါသ ထွက်မိ တယ်။ နောက်ပိုင်း ကျတော့ ဒီကိစ္စဟာ ငါလက်ခံ နိုင်အောင် ကြိုးစားပြီး ကျော်ဖြတ်ရမယ့် အတားအဆီးပဲ လို့ ကျွန်တော် လက်ခံပြီး အံတု နိုင်လာတယ်”” ဟု ဘွန်နာဝိုလိုက ပြောသည်။
Ref: Ebola survivors struggle for acceptance By Mirren Gidda
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+