ဟေတီနှင့် အီကို အိမ်သာ

By ဟန်လင်းအောင်

စနစ်မကျစွာ အပေါ့အလေး စွန့်ကြခြင်း သည် ဟေတီ နိုင်ငံတွင် လူကိုးထောင်နီးပါး ၀မ်းရောဂါဖြင့် သေဆုံး ခဲ့ရခြင်း အကြောင်းရင်း ဖြစ်သည်။ သို့သော် ခေတ်မီ နည်းပညာ အကူအညီဖြင့် အနည်းငယ် ပြုပြင် ပြောင်းလဲ ယူလိုက်ခြင်းဖြင့် တစ်ချိန်က အညစ်အကြေး အဖြစ် ၀မ်းရောဂါ ဖြန့်ခဲ့သော လူ့မစင် အညစ်အကြေး များသည် အပင်များ အတွက် အာဟာရ ပြည့်ဝသော ဓာတ်မြေသြဇာ အဖြစ် အသုံး ၀င်လာကာ ဟေတီသူ၊ ဟေတီသား အများ ကိုယ့် အိမ်မှာပင် သန့်ရှင်း လတ်ဆတ်သော ခြံထွက် သီးနှံများကို ခူးဆွတ် စားသုံးနိုင်ကြပြီ ဖြစ်သည်။

ဟေတီသည် အမေရိက တိုက်တွင် အဆင်းရဲဆုံး နိုင်ငံဖြစ်သည်။ ထိုအဆင်းရဲဆုံး နိုင်ငံ၏ မြို့တော် ပို့အော်ပရင့်ရှိ အကြီးဆုံးနှင့် အဆင်းရဲဆုံး ကျူးကျော် ရပ်ကွက် ဆိုက်ဆိုလီ၏ အလယ်တွင် ဖရန်စစ်ဖရန့်၏ ဥယျာဉ် ပန်းခြံလေးသည် ကန္တာရ အလယ်က အိုအေစစ်လေး အလားရှိသည်။

လူနေအိမ်များ အမိုးချင်း ဆက်နေအောင် ရှုပ်ထွေးနေသော ထိုကျူးကျော် ရပ်ကွက်ကြီးတွင် သီးပင်စားပင် ဟူ၍ ယောင်လို့ပင် မမြင်ရနိုင်။ ဖရန်စစ်၏ ခြံဝင်းလေး ထဲတွင်သာ စိမ်းစိမ်း စိုစိုဖြင့် မုန်လာဥများ၊ ငရုတ်သီးများ၊ ပန်းဂေါ်ဖီများ စိုက်ထား ပျိုးထားသည်။ သို့သော် ဖရန်စစ် စိုက်ခင်းက ထွက်သော သီးနှံများကို အိမ်နီးပါးချင်းများ စားချင်လာအောင် စွဲဆောင်မရခဲ့။ အကြောင်းမှာ လူ့မစင်က ထွက်သော ဓာတ်မြေသြဇာ များကို သုံးပြီး စိုက်ထားသောကြောင့် ဖြစ်သည်။

““အစပိုင်းမှာ အလကား ပေးတာတောင် ဘယ်သူမှ မယူကြဘူး။ နောက်ပိုင်းကျမှ စိုက်ခင်းလေး အောင်မြင် လာတာ မြင်ပြီး လူတွေ သဘောထား ပြောင်းလာပြီး သီးနှံတွေ လာယူ စားသောက်ကြတယ်”” ဟု ဖရန်စစ်က ပြန်ပြောင်း ပြောပြသည်။

““လူ့မစင်ကို ဓာတ်မြေသြဇာ အဖြစ် ပြောင်းလဲပြီး အသုံးပြုတာဟာ ဟင်းသီး ဟင်းရွက်နဲ့ သီးနှံတွေကို လုံးဝ မထိခိုက် စေသလို ညစ်ပတ်တာ မျိုးလည်း မဖြစ်ဘူးဆိုတာ မြင်လာ ကြတော့မှ စိုက်ပျိုး သီးနှံတွေကို ယူစားကြသလို၊ ကိုယ်တိုင်လည်း အိမ်က မြေကွက် လွတ်မှာ ကျွန်တော့် နည်းလမ်းယူပြီး စိုက်ပျိုးဖို့ စိတ်အား ထက်သန် လာကြတယ်”” ဟု ဖရန်စစ်က ပြောပြသည်။

ဖရန်စစ်သည် ဂေဟ စနစ်နှင့် သဟဇာတ ဖြစ်အောင် လုပ်ထားသော အိမ်သာများမှ ရရှိသည့် လူ့မစင် များကို ပြုပြင် ပြောင်းလဲ ထားသော ဓာတ်မြေ သြဇာများကို အသုံးပြုသည်။ ထိုသို့သော အိမ်သာ စနစ်ကို ဟေတီတွင် မိလ္လာစနစ် စနစ် ကျစေရေး ကြိုးပမ်းနေသော အန်ဂျီအို တစ်ခု ဖြစ်သည့် SOIL က ပြုလုပ်နေခြင်း ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် SOIL ကို စတင် ထူထောင်ချိန်က ဟေတီ ကျေးလက် ဒေသတွင် အိမ်သာ သုံးသူ လေးရာခိုင်နှုန်းသာ ရှိသည်။ မြို့တော် ပို့အော်ပရင့်မှာပင် အိမ်သာသုံးသူ ခြောက်ရာခိုင်နှုန်းသာ ရှိသေးကြောင်း SOIL ထူထောင်သူ ဘော်ဒဲလီယာ မက်လိုရီက ပြောသည်။ ထိုသို့ နည်းပါးလှသော အိမ်သာများထဲက အများစု သည်လည်း လူ့မစင်များကို ပြန်လည် သန့်စင်ခြင်း မရှိဘဲ မြစ်ချောင်း များထဲသို့ပါ တိုက်ရိုက် စွန့်ပစ်လိုက် တတ်ကြသည်။

၂၀၁၀ ငလျင်ကြီးကြောင့် ဟေတီတွင် လူနှစ်သိန်း ခွဲကျော် သေဆုံးပြီး (၁ ဒသမ ၅) သန်း နီးပါး အိုးအိမ်မဲ့ ဖြစ်ခဲ့ရာ မိလ္လာစနစ်များ ပျက်စီး သွားခြင်းသည် ကျန်းမာရေး အဓိက စိန်ခေါ်မှုကြီး ဖြစ်ခဲ့သည်။ ၂၀၁၀ နှစ် ကုန်ပိုင်းမှာတင် ၀မ်းရောဂါဆိုးကြီး ဖြစ်ပွားခဲ့ကာ လူပေါင်း (၉၀၀၀) ကျော် သေဆုံး ခဲ့ရသည်။ မသန့်သောရေ သောက်မိခြင်း နှင့် လဟာပြင်မှာ အပေါ့အလေး စွန့်ခြင်းသည် ၀မ်းရောဂါ ပြန့်ရခြင်း အဓိက လက်သည် ဖြစ်သည်။

ထိုအချိန်တွင် ဂေဟစနစ်နဲ့ သဟဇာတ ရှိသော အီကို-အိမ်သာများကို ကျယ်ပြန့်စွာ မိတ်ဆက် နိုင်ခဲ့သည်။ အီကို-အိမ်သာများ၏ ကန်များထဲတွင် ဆီးနှင့် ၀မ်းကို သပ်သပ်စီ ခွဲသည့် ကန်နှစ်ကန် ပါဝင်သည်။ တစ်ခါ သွားပြီးတိုင်း လွှစာမှုန့်နှင့် ဆင်တူသော ကြံဖတ်နှင့် မြေပဲခွံဖတ်များကို ကန်များထဲ ချပေးကာ တစ်လွှာ အုပ်လိုက်ခြင်းဖြင့် အနံ့ဆိုး ထွက်တာလည်း တားလိုက်နိုင်သလို ကူးစက် ဘက်တီးရီးယားများ ပြန့်ပွား မှာကိုလည်း ထိန်းလိုက်ပြီးသား ဖြစ်သွားသည်။

ဟေတီ ပြည်သူများသည် အိမ်တွင် အိမ်သာ ထားကာ သုံးရမည်ကို မလိုလားကြ။ ထိုသို့ သုံးရခြင်းသည် အညစ်အကြေး များကို အိမ်တွင် စုထားရခြင်း နှင့် ဆင်တူပြီး ကျန်းမာရေး အတွက် ပိုဆိုး စေမည်ဟု ယုံကြည်ကြသည်။ SOIL အဖွဲ့သည် ထိုအစွဲကို ဖျက်နိုင်ရန် အတော် ကြိုးစားခဲ့ရသည်။ သက်ဆိုင်ရာ ဒေသ အလိုက် ခေါင်းဆောင်များကို SOIL အဖွဲ့၏ အီကို-အိမ်သာများ နမူနာ တပ်ဆင်ထားရာ နေရာများသို့ စုဝေးခေါ်ယူပြီး အိမ်သာများ အလုပ်လုပ်ပုံကို ရှင်းလင်း ပြသ ပညာပေး ခဲ့ရသည်။ လူဦးရေ (၁၀) သန်း ရှိသော ဟေတီ နိုင်ငံတွင် လက်ရှိ၌ပင် အီကို အိမ်သာများကို အသုံးပြုသည့် အိမ်ထောင်စုက ရှစ်ထောင် လောက်သာ ရှိသေးသည်။ ပညာပေးမှုများ တိုးမြှင့် ပြုလုပ်နေရဆဲ ဖြစ်သည်။

ဟေတီတွင် အီကိုအိမ်သာ အသုံးပြုသူ အများစုမှာ ယခင်က အများသုံး အိမ်သာများသာ သုံးဖူးကြသည်။ သို့သော် အများသုံး အိမ်သာများသည် မသန့်ရှင်းခြင်း၊ နံစော်ခြင်း များကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ် ကြပြီး လဟာပြင် များတွင်သာ အပေါ့အလေး စွန့်လေ့ ရှိကြသည်။

အီကို အိမ်သာများကို အိမ်တွင် ထားကာ အသုံးပြုခြင်းကြောင့် မိသားစု၏ ဂုဏ်သိက္ခာ တက်လာသည်ဟု ခံယူတတ် သူများပင် ရှိလာနေပြီ ဖြစ်သည်။ ပို့အော်ပရင့်မြို့ ဂါရတ် ဘာတာလီ ရပ်ကွက်တွင် နေထိုင်သူ မီဒီအိုင်ဒီမွန်သည် အီကို အိမ်သာကြောင့် သူ့မိသားစု စိတ်အေး ချမ်းသာရကြောင်း ဆိုသည်။

““ အရင်ကဆို အများသုံး အိမ်သာတွေ သွားရတယ်။ ညစ်လည်းပတ် အနံ့လည်း မကောင်းဘူး။ ခုဆိုရင်တော့ အားလုံး အဆင် ပြေသွားပြီ။ ညကြီးမိုးချုပ် နိုးလာပြီး အိမ်သာ သွားချင်ရင်လည်း ကိုယ့်အိမ် တံခါးဖွင့်ပြီး ကိုယ့်အိမ်သာ ကိုယ်သွားရုံပဲ။ ကိုယ့်ဖာသာ သန့်ရှင်းရေး လုပ်နိုင်တဲ့ အတွက်လည်း သန့်သန့် ရှင်းရှင်း ရှိပြီး စိတ်သန့်တယ်”” ဟု အိုင်ဒီမွန်က ပြောသည်။

အီကို အိမ်သာများတွင် စုစည်း ထားသော လူ့မစင် အညစ်အကြေးများကို SOIL အဖွဲ့သည် တစ်လ လျှင် လေးကြိမ် လှည့်လည်ကာ စုဆောင်း သိမ်းဆည်းသည့် စနစ်ထူ ထောင်ထားသည်။ ထိုမစင် အညစ်အကြေးများကို သတ်မှတ် ကွင်းပြင် နေရာတွင် ရှစ်လမှ (၁၂) လထိ နေရောင် အောက် ထားရှိပြီး နေရောင်ဖြင့် ဘက်တီးရီးယားများကို သတ်ဖြတ်သည်။ SOIL အနေဖြင့် လူ့မစင်များ လှည့်လည် စုဆောင်းရသည့် လုပ်သားခသာ ကုန်ကျသည်။ ဘတ်တီးရီးယားများကို သဘာဝ စွမ်းအင် ဖြစ်သော နေရောင် သုံးကာ သတ်ဖြတ်ခြင်း ဖြစ်သည်။ (၁၂) လ ခန့်နေလျှင် လုံးဝ ခြောက်သွေ့ သွားပြီ ဖြစ်ပြီး စိုက်ပျိုးခင်းများတွင် လက်တွေ့ထည့် သုံးနိုင်သော ဓာတ်မြေသြဇာများ ရရှိပြီဖြစ်သည်။

ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီး၏ စာရင်းအရလည်း ကမ္ဘာ့ စားနပ်ရိက္ခာ သုံးပုံ တစ်ပုံနီးပါး မစားလိုက်ရဘဲ အလဟသ ပျက်စီး နေရကြောင်း သိရရာ စားနပ်ရိက္ခာ အခက်အခဲ ရှိသူများ အနေဖြင့် ကိုယ်တိုင် စိုက်ပျိုးနိုင်အောင် ကူညီပေးခြင်းဖြင့် စားနပ်ရိက္ခာ မလောက်ငှမှုကို ဖြေရှင်း နိုင်မည်ဟု SOIL အဖွဲ့က ဆိုသည်။ ထို့အတွက် လူ့မစင်ကိုပင် ပြန်သန့်စင်ကာ ဓာတ်မြေသြဇာ အဖြစ် အသုံးချ နိုင်ခြင်းဖြင့် တစ်ဖက်က ကျန်းမာရေး ထိခိုက်မှု ပြဿနာ ကိုလည်း ဖြေရှင်းပြီးရာ ရောက်သလို၊ ကုန်ကျစရိတ် အနည်းဆုံးဖြင့် စိုက်ပျိုး ထုတ်လုပ် နိုင်ခြင်းကြောင့် ငတ်မွတ် ခေါင်းပါးမှု လျှော့ချရေး အတွက်ပါ အကျိုး ပြုနိုင်မည်ဟု SOIL က ခံယူလုပ်ဆောင် လျက်ရှိသည်။


Ref: From toilet to tableç overcoming the ‘yuk’ factor By Lorena Arroyo
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...