သက်ကြီး ရွယ်အိုတွေ အရေး အလေးထားဖို့ လိုပြီ

www.ananda-travel.com
မောင်ဒိုး (ကံပေါက်)-ရေးသည်

လွန်ခဲ့တဲ့ တစ်လလောက်က အွန်လိုင်းပေါ် တက်လာတဲ့ ကမာရှတ် မီဒီယာ ရုပ်သံသတင်း တစ်ပုဒ် မှာအသက် ၈၀ အရွယ် အဘိုးအို တစ်ယောက်ကို လမ်းမတော် စံပြရုပ်ရှင်ရုံဘေးမှာ ဇူလိုင် ၃ ရက် ညက စွန့်ပစ်ထားတာကို ကြည့်လိုက် ရပါတယ်။ လာစွန့်ပစ်တဲ့ သူတွေဟာ အိမ်စီးကားနဲ့ ည ၁၁ နာရီလောက်မှာ ရောက်လာ ကြတာဖြစ်ပြီး လမ်းမတော်၁၂ လမ်းထိပ်နဲ့ အနော်ရထာ လမ်း ထောင့်မှာ ခဏရပ်တယ်။ ပြီးတော့မှ အဘိုးအိုကို စောင်နဲ့ နွားနို့ တစ်ထုပ် ချထားပေးပြီး အရှိန်နဲ့ မောင်းထွက် သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စွန့်ပစ်ခံ အဘိုးအိုဟာ အားပြတ်နေလို့ စကားတောင် ကောင်းကောင်း မပြောနိုင်တော့တဲ့ အတွက် စာနာစိတ်ရှိသူတွေက ရန်ကုန် ဆေးရုံကြီးကို ပို့ပေးလိုက် ကြရပါတယ်။

အခုနောက်ပိုင်းမှာ အိုမင်းမစွမ်း ဂိလာန သက်ကြီးရွယ်အိုတွေ လမ်းမပေါ် ထွက်ပြီးအလှူခံနေတာ၊ ဈေးဗန်းရွက်ပြီး ရတဲ့အသီးအရွက်လေးတွေ၊ ပစ္စည်းပစ္စယ လေးတွေကို လိုက်လံ ရောင်းချနေကြတာ မကြာခဏ တွေ့မြင်နေရ ပါတယ်။

သား၊ သမီးတွေ စီးပွားရေးအဆင်မပြေလွန်းလို့ တစ်ဖက်တစ်လမ်းက အလှူခံနေကြရတဲ့ အနေအထားမျိုးကို လူအတော်များများကလက်ခံနိုင်တဲ့ကိစ္စလို့ မမြင်နိုင်ကြပါဘူး။ အခုလို အိုမင်းမစွမ်းကျမှ လမ်းဘေးစွန့်ပစ်တဲ့ လုပ်ရပ်မျိုးဆိုတော့ လူတိုင်းကပိုလို့တောင် စက်ဆုပ်ရွံ့ရှာဖွယ်ရာအဖြစ် သတ်မှတ်ထားကြတာပါ။

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာရင်းဇယား မရှိသေးပေမယ့် ရန်ကုန်မြို့တစ်မြို့တည်းမှာ အိုမင်းမစွမ်း ဖြစ်နေတဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေ တစ်ရက်ကို ငါးယောက်လောက် စွန့်ပစ်ခံနေရတယ်လို့ စွန့်ပစ်ခံ ဘိုးဘွားတွေကိုရှာဖြွေပီး ဆေးရုံပို့ဆောင်ပေးနေတဲ့ သွေးမေတ္တာ ပရဟိတသွေးအလှူရှင်အသင်း တာဝန်ရှိသူ တစ်ယောက်ရဲ့ပြောဆိုချက်ကို နေ့စဉ်ထုတ်သတင်း စာတစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ အဲဒီတော့ မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ တွေကို မြေလှန်ပစ်သလို လုပ်လိုက်တဲ့ ဒီလိုအပြုအမူမျိုးဟာ အနန္တောအနန္တ ငါးပါး ဂိုဏ်းဝင် မိဘဘိုးဘွားတွေကို တန်ဖိုးထား လေးစားကြတဲ့မြန်မာ့လူနေမှု အသိုင်းအ၀ိုင်းအတွက် စိန်ခေါ်နေ
တဲ့ ပြဿနာတစ်ရပ်ဖြစ်လာနေပြီလား။ သား၊သမီး ၁၀ ယောက်ကို မိဘကကျွေးမွေးနိုင်ပေမယ့် မီးစာကုန် ဆီခန်းချိန် ရောက်နေတဲ့ မိဘတစ်ယောက်ကို သား၊ သမီး ၁၀ ယောက်ကမကျွေးမွေး နိုင်တော့ဘူးလားဆိုတာ မေးခွန်းထုတ် စရာပါ။

ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်နေရတဲ့ ပြဿနာသက်ကြီးရွယ်အိုပြဿနာဟာ မြန်မာတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေကလွဲလို့ နိုင်ငံအတော် များများမှာလည်း ရင်ဆိုင်နေကြရတာပါ။ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၅၀၀ ကျော် ခုနစ်ထောင်နီးပါးရှိ နေတဲ့အချိန်မှာ သက်ကြီးရွယ်အို အရေအတွက်ဟာလည်း သန်း ၇၀၀ လောက်ရှိနေပြီဖစ်ပါတယ်။ ဇီဝနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူ့သက်တမ်းတွေလည်း ပိုရှည် လာကြပါတယ်။ ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးပြီး လူမှုဖူလုံရေး စနစ်ကောင်းတဲ့နိုင်ငံတွေမှာ ပြဿနာမရှိပေမယ့် လူဦး
ရေထူထပ်တဲ့ နိုင်ငံတချို့မှာတော့ သက်ကြီးရွယ်အိုတွေအပေါ် ၀န်ထုပ်ဝန်ပိုးတစ်ခုလို မြင်လာကြ တာတွေလည်း ရှိနေပါတယ်။ ဒီလိုအနေအထားတွေကြောင့် တရုတ်နိုင်ငံမှာဆိုရင် မိဘဘိုးဘွား တွေကို ဂရုမစိုက်တဲ့ သားသမီး တွေအတွက် ပြစ်မှုအဖြစ်သတ်မှတ်ပြီး ဥပဒေနဲ့ တားမြစ်တာ မျိုးတောင် လုပ်လာတာတွေ့ ရပါတယ်။

တရုတ်အစိုးရရဲ့ အမျိုးသား သက်ကြီးရွယ်အို ကော်မတီရဲ့ ကြေညာချက်အရဆိုရင် ၂၀၁၀ ပြည့်နှစ်မှာ အသက် ၆၀ အထက် တရုတ်သက်ကြီးရွယ်အို ဟာ ၁၆၇ သန်းအထိ ရှိနေတဲ့အတွက် လူဦးရေ စုစုပေါင်းရဲ့ ၁၂ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။ တစ်နှစ်ကို သုံးသန်းလောက် တိုးနေတဲ့ သဘောပါ။ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်း အရ ဆိုရင်လည်း လက်ရှိတရုတ်စီးပွားရေး တိုးတက်မှုဟာ တရုတ်လူထုရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနေတယ်။ ၁၉၆၀ ပြည့်နှစ်မှာ တရုတ်လူမျိုးတစ် ယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၄၇ နှစ်ရှိခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ ၇၃ နှစ် အထိ သက်တမ်း ပိုရှည်လာတယ်လို့ ဆိုထားပါတယ်။ ဒီလိုသက်ကြီးရွယ်အိုတွေ များလာသလို တစ်ဖက် ကလည်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေကြောင့် တချို့သားသမီးတွေဟာ မိဘတွေအပေါ်မှာ တာဝန်ယူ မှုလျော့ရဲ လာ တာပါ။ ဒါကြောင့်တရုတ်အစိုးရဟာသက်ကြီးရွယ်အို မိဘတွေဆီ သားသမီးတွေ အလည်သွားရေး ဥပဒေတစ်ခုကို ထုတ်ပြန်ဖို့အထိ ကြိုးစားလာရတာပါ။ မြန်မာနိုင်ငံမှာရော ဘယ်လိုအခြေအနေမျိုး ရှိနေပါသလဲ။ဆင်းရဲနွမ်းပါး သက်ကြီးရွယ်အိုတွေ လွန်ခဲ့တဲ့နှစ် ဇူလိုင်က ပြင်သစ်အခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုအဖွဲ့
(ဥနဃီ)က မြန်မာသက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်ပြီး သုံးသပ်ထားတဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီအစီရင်ခံစာက မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထက် သက်ကြီးရွယ်အို အုပ်စု ပိုများလာနေ တယ်။ နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းအောင် အလျင်အမြန်လုပ်ဖို့လိုနေပြီ။ မြန်မာနိုင်ငံရဲ့သက်ကြီးရွယ်အို အချိုးအစားဟာ နောင်လာမယ့်လေးနှစ်မှာ တိုင်းပြည်ဖွံ့ဖြိုးရေးကို အကျပ်အတည်း ဖြစ်စေတဲ့အထိ တိုးပွားလာ နိုင်တဲ့အတွက်၂၀၁၇ ခုနှစ်မတိုင်ခင် နိုင်ငံဖွံ့ဖြိုးရေးကို အမြန်လုပ်ဖို့လိုနေတယ်။ ပြီးတော့ အသက်အရွယ် အုပ်စုအလိုက် အချိုးအစားဟာ၂၀၀၀ပြ ည့်လွန်နှစ်တွေက တရုတ်နိုင်ငံမှာ ရှိခဲ့တဲ့ အချိုး
အစားနဲ့ ဆင်တူနေတယ်လို့လည်း ထောက်ပြထားပါတယ်။

ပြောရရင်တော့ နောင်တစ်ချိန်မှာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ် အချိုးအစား ကျဆင်းလာပြီး သက်ကြီး ရွယ်အိုတွေ ပိုများလာရင် နိုင်ငံတော်အနေနဲ့ ပင်စင်စရိတ်၊ လူမှုဖူလုံရေးစရိတ်၊ ကျန်းမာရေးစရိတ်တွေ တက်လာ မှာဖြစ်သလိုတစ်ဖက်ကလည်း အလုပ်လုပ်နိုင်တဲ့ လူဦးရေ ကျဆင်းလာပြီး နိုင်ငံ့စီးပွားရေး နှောင့်နှေးလာမယ့် အနေအထားအထိ ရောက်လာနိုင်လို့ အချက်ပေး လိုက်တာပါ။

အစိုးရရဲ့ တာဝန်ယူမှု ဘယ်မှာလဲမနှစ်က နိုဝင်ဘာမှာ ကျင်းပပြီးစီးခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က မြန်မာနိုင်ငံမှာရှိတဲ့ ဘိုးဘွားရိပ်သာတွေက သက်ကြီးရွယ်အိုတွေကှိုနညငသမ ဃငအငဖနညျ့ငစ သတ်မှတ်ပြီး ထိုက်သင့်တဲ့ သက်သာချောင်ချိမှုတွေ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကို မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုလာဖြေတဲ့ ဒုတိယ၀န်ကြီးက ဒီကိစ္စဟာ သက်ကြီးရွယ်အို အခွင့်အရေး ဆိုင်ရာဥပဒေ ပေါ်ပေါက်လာချိန်နဲ့နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့ အခါမှသာ
စီမံဆောင်ရွက်ပေးနိုင်မယ်လို့ ဖြေသွားပါတယ်။သက်ကြီးရွယ်တွေအနေနဲ့ နိုင်ငံတော်ရဲ့ ကြည့်ရှု စောင့်ရှောက်မှုကို ခံယူချင်တယ်ဆိုရင်တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်လာတဲ့ အချိန်အထိ စောင့်နေ ကြရဦးမယ့်သဘောပါ။ ၀န်ကြီး ဌာနအနေနဲ့ စေတနာ့ ၀န်ထမ်းအဖွဲ့အစည်းတွေက တည်ထောင်ထားတဲ့ ဘိုးဘွားရိပ်သာတွေကို ဒီနှစ်မှာ သန်းပေါင်း ၁၃၀ ကျော် ထောက်ပံ့ထားတယ်။

လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာဖွင့်ထားတယ်။ အသက် ၇၀ အထက် သက်ကြီးရွယ်အိုတွေကို လူမှုရေး အကူအညီထောက်ပံ့ဖို့၊ အမျိုးသား စီမံကိန်းမှာ ထည့်သွင်းရေးဆွဲဖို့ ကြိုးပမ်း နေတယ်လို့ ပြောပါတယ်။

စစ်အစိုးရ အဆက်ဆက်ဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ပတ်သက်လာရင် မျက်နှာလွှဲခဲပစ် လုပ်ထား သလိုပါပဲ။ တစ်နေ့တခြား များပြားလာနေတဲ့ သက်ကြီးရွယ်အိုတွေအတွက် အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေကို ကြည့်ရင် သက်ကြီးရွယ်အို ငါးသန်းလောက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ တစ်နှစ်လုံးမှ ကျပ်သန်း ၁၃၀ကျော်လောက်ပဲ ထောက်ပံ့တယ်ဆိုတာ နည်းပါးလွန်းတဲ့ ပမာဏပါ။

ဘိုးဘွားရိပ်သာကို ထောက် ပံ့ တယ်ဆိုတဲ့ငွေပမာဏကို ကြည့်လိုက်ရင်လည်း ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲ ဖြစ်နေပါတယ်။ လက်ရှိမှာ အသက် ၆၀ နဲ့အထက် လူဦးရေ ၉ ဒသမ ၁ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတော့ အရေအတွက်နဲ့ ပြောရမယ်ဆိုရင် သက်ကြီးရွယ်အို ငါးသန်း လောက်ရှိပါတယ်။ ဒါပေမဲ့ သက်ကြီးရွယ်အို၃၀၀၀ လောက်ကို ဘိုးဘွားရိပ်သာတွေမှာ စောင့်ရှောက်ထားတယ်ဆိုတာကလည်း အစိုးရကတိုက်ရိုက် တာဝန်ယူတာမျိုး မဟုတ်ပါဘူး။ စေတနာရှင် လူမှုအဖွဲ့အစည်းတွေက စိတ်အားထက်သန်စွာနဲ့ ကြိုးပမ်းနေကြလို့သာ ဒီလောက်
အထိ တည်တံ့နေတာပါ။

သက်ကြီးရွယ်အိုတွေ အိုဇာတာကောင်းဖို့ လက်ရှိကာလမှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်မှုပေးနေတဲ့ ရိပ်သာပေါင်း ၇၁ ခုရှိတဲ့အနက် အစိုးရက ဖွင့်လှစ် ထားတဲ့ နေ့ပိုင်းဘိုးဘွား စောင့်ရှောက်ရေး ဂေဟာတစ်ခု တည်းသာရှိပါတယ် ။ ဒါကလည်း အချိန်ပြည့် လက်ခံစောင့်ရှောက်ပေးတာမျိုး မဟုတ်ပါဘူး။ နေ့စဉ်မနက် ၇ နာရီကနေ ညနေ ၄နာရီအထိသာ ဖွင့်ထားလို့ ရန်ကုန်မှာရှိတဲ့ ပိုင်ရှင်ရှိဘိုးဘွား ၆၀ လောက် ခဏတစ်ဖြုတ်နားခိုရာနေရာအဖြစ် ဖန်တီးပေးထားတဲ့ သဘောလောက်ပါပဲ။

ရန်ကုန် မှာ လောလောဆယ် ဘိုးဘွားရိပ်သာ၁၀ ခုလောက်ရှိတဲ့အထဲမှာ စွန့်ပစ်ခံနာမကျန်း ဘိုးဘွားတွေကို အဓိက လက်ခံစောင့်ရှောက်ပေးနေတ့ဲ စေတနာဝန်ထမ်း ရိပ်သာနှစ်ခုရှိနေသေးတာက ကျေးဇူးတင်စရာပါ။ ဒါပေမဲ့ ဒီရိပ်သာနှစ်ခုဟာ စွန့်ပစ်ခံဘိုးဘွားတွေကိုသာ အဓိကထား လက်ခံတယ်ဆိုပေမယ့် နေရာထိုင်ခင်း အခက်အခဲ တွေ အများကြီးရှိနေပါသေးတယ်။

နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၁ ရက်ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ 'အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့'ပါ။ ဒီနေ့မှာကမ္ဘာ့နိုင်ငံအနှံ့အပြား သက်ကြီးရွယ်အိုတွေကို အလေးနက်ထားဂုဏ်ပြုကြပါတယ်။ မြန်မာတွေအနေနဲ့ကတော့ အစိုးရမင်းတွေက ထောက်ပံ့သည်ဖြစ်စေ၊ မထောက်ပံ့သည်ဖြစ်စေ ယဉ်ကျေးမှုအရ မိဘဘိုးဘွားတွေကို ပြုစုစောင့်ရှောက်တဲ့ အစဉ်အလာဟာ ရှေးနှစ်ပေါင်းများစွာကတည်းကရှိနေခဲ့တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တစ်နေ့တခြားတိုးပွားလာနေတဲ့ ဆင်းရဲမွဲတေမှုက လူမှုဘ၀ကို အများကြီးရိုက်ခတ်တဲ့ အကျိုးဆက် ကြောင့် မြန်မာသက်ကြီးရွယ်အိုတချို့ အိုဇာတာညံ့နေတဲ့အနေအထား ရောက်နေရတာဟာ အစိုးရရဲ့စီမံ
ခန့်ခွဲမှုမှာ အများကြီး မူတည်ပါတယ်။အစိုးရရဲ့စွမ်းဆောင်ရည် ညံ့ဖျင်းလေလေ၊ နိုင်ငံ့စီးပွားရေး ဆုတ်ယုတ်ပြီး သက်ကြီးရွယ်အိုတွေရဲ့ ဘ၀နိမ့်ကျလေလေပါပဲ။

ခြုံပြောရရင်တော့.... လူတိုင်းဟာ တစ်နေ့ကျရင် ကိုယ်လည်း ဘိုးဘွား အရွယ်ကို ရောက်လာကြမှာဖြစ်လို့ အခုချိန်ကတည်းက မိဘဘိုးဘွားတွေအပေါ် အေးအတူပူအမျှ စောင့် ရှောက်ကြဖို့လိုပါတယ်။ ဂေဟာတွေ အတွက် စေတနာ့ဝန်ထမ်းတွေ၊ ငွေကြေးအလှူရှင်တွေ အများကြီးလိုအပ်သလို အစိုးရအနေနဲ့လည်း တိုးပွားလာမယ့် သက်ကြီးရွယ်အိုတွေရဲ့ လူမှုဖူလုံရေး၊ ကျန်းမာရေးတွေအတွက် ဘတ်ဂျက်ပိုသုံးဖို့ လိုပါလိမ့်မယ်။ ။


စံတော်ချိန်နေ့စဉ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...